Subscribe to our RSS Feed

အီရတ် တွင် ကုလားများ ဗုံးခွဲမှု တစ်ရက်တည်း ၆၀ ကျော် သေဆုံး

From : ..the voice


ဆွန်နီ သူပုန်များ၏ အကြမ်းဖက် တိုက်ခိုက်မှုများ အီရတ်တွင် အရှိန်မြင့်လာ ပြီးနောက် ယခုနောက်ဆုံး တစ်ကြိမ် တိုက်ခိုက်မှု တစ်ရပ်အဖြစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ရှီးယိုက်များ ထူထပ်ရာ ဒေသများ ဖြစ်သည့် လမ်းများ၊ ဈေး များကို ပစ်မှတ်ထားသော ကားဗုံးများ ဆက်တိုက် ပေါက်ကွဲခဲ့ရာ အနည်းဆုံး လူ ၆၀ကျော် သေဆုံးခဲ့ရကြောင်း Reuters သတင်း တစ်ရပ်က ဖော်ပြ ထားသည်။

အီရတ်နိုင်ငံတောင်ပိုင်း ရှီးယိုက် လူဦးရေ များပြားရာ မြို့များနှင့် မြို့ကြီး များတွင် ဆက်စပ်မှု ရှိမည်ဟု ယူဆရသော ဗုံးများ ၁၇ ကြိမ် ပေါက်ကွဲ ခဲ့သဖြင့် ယင်းသို့ အသေအပျောက် များခဲ့ရခြင်း ဖြစ်ပေသည်။

အယ်လ်ကေဒါ အပါအဝင် စစ်သွေးကြွ အဖွဲ့အစည်းများသည် ပြီးခဲ့သည့် လများအတွင်းက တိုက်ခိုက်မှုများ ရှီးယိုက် ဦးဆောင်သော အစိုးရ အုပ်ချုပ် သည့် အီရတ်တွင် အရှိန် မြှင့်လာခဲ့ပြီး ဆီးရီးယားတွင် ဖြစ်နေ သည့် ပြည်တွင်းစစ်ကြောင့်လည်း ဘာသာရေး တင်းမာမှုများ ဖြစ်လျက် ရှိသည်။

အီရတ်တွင် ကာ့ဒ် မျိုးနွယ်စုများ၊ ရှီးယိုက်နှင့် ဆွန်နီများ တည်ငြိမ်သော အာဏာ ခွဲဝေ ကျင့်သုံးရေး ကို ရရှိရန် ခက်ခဲနေစဉ် ဖြစ်ပွားလျက်ရှိသည့် အကြမ်းဖက်မှုများက ပဋိပက္ခကို ပိုမို ကြီးထွားစေလျက် ရှိသည်။

ရှီးယိုက် အများစု နေထိုင်သည့် ဆာဒါမြို့တွင် လမ်းဘေးတွင် အလုပ်လုပ်ရန် ထိုင်စောင့်နေသည့် အလုပ်သမားများထံသို့ မီနီဗန် တစ်စီး ရောက်လာပြီး အလုပ်သမားများကို ကားပေါ်တက်ကြရန် ယာဉ်မောင်းက ပြောခဲ့ပြီး အားလုံး ကားပေါ်ရောက်သောအခါမှ ကားဗုံးကို ခွဲလိုက်သည်ဟု မျက်မြင် သက်သေများနှင့် ရဲတပ်ဖွဲ့က ပြောကြားသည်။

“ယာဉ်မောင်းက ဘောက်လုပ်သားတွေကို ကားပေါ်တက်ဖို့ ပြောတယ်။ ပြီးတော့ သူပျောက်သွားပြီး မကြာခင်မှာပဲ ကားက ပေါက်ကွဲတော့တယ်။ ကျွန်တော့်ကို ရှင်းပြစမ်းပါ။ ဘာကြောင့် ဒီလို ဆင်းရဲသား လုပ်သားတွေကိုမှ ပစ်မှတ်ထားရတာလဲ။ သူတို့ မိသားစုအတွက် သူတို့မှာ စားဖို့ သောက်ဖို့ ရှာနေရရှာတာပါ” ဟု ယာယာအလီဆိုသူ မျက်မြင်သက်သေ အလုပ်သမား တစ်ယောက်က ပြောကြားခဲ့သည်။

ယခုနှစ်အတွင်း အီရတ်တွင် သေဆုံးသူ စုစုပေါင်း လေးထောင်နီးပါး ရှိကာ တနင်္လာနေ့တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများသည် အီရတ်ရှိ လုံခြုံရေး အခြေအနေ ယိုယွင်းနေမှုများကို ပြသနေသည်ဟု အကြမ်းဖက်မှု စောင့်ကြည့် လေ့လာသည့်အဖွဲ့ Iraq Body Count အဖွဲ့က ပြောကြားသည်။

ဇူလိုင်လ တစ်လတည်းပင်လျှင် သေဆုံးသူ အရေအတွက် ၈၁၀ ရှိခဲ့သည်။

“အကြမ်းဖက်မှုတွေ မြင့်တက်နေတာနဲ့ ပတ်သက်ပြီးတော့ အီရတ်နိုင်ငံဟာ ဘာသာရေး ပဋိပက္ခ တောထဲကို ပြန်ရောက်သွားမှာကို ကျွန်တော် စိုးရိမ်မိ ပါတယ်” ဟု အီရတ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ အထူး ကိုယ်စားလှယ် ဂျော်ဂျီ ဘက်ဇ်တင်းက ပြောကြားသည်။

မြို့တော် ဘဂ္ဂဒက်နှင့် ၁၅၀ ကီလိုမီတာအကွာတွင်ရှိသော ကွတ်မြို့တွင် လည်း ကားဗုံးနှစ်လုံး မှတ်တိုင်တွင် ပေါက်ကွဲခဲ့သဖြင့် လူဆယ်ဦး သေဆုံး သွားခဲ့သည်။

မြို့တော် ဘဂ္ဂဒက် တောင်ပိုင်းမြို့ မာမိုဒီယာတွင်လည်း ပေါက်ကွဲ မှုကြောင့် လေးဦး သေဆုံးခဲ့ကာ ဆာမာဝါဒေသတွင် ဖြစ်ပွားသည့် ဗုံးနှစ်လုံး ပေါက်မှုကြောင့်လည်း နှစ်ဦး သေဆုံးထားသည်။
.
. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်