Subscribe to our RSS Feed

ပါကစ္စတန်ထောက်လှမ်းရေးရုံး စီးနင်းတိုက်ခိုက်ခံရ

From : ..planet


နိုင်ငံတောင်ပိုင်း ဆင်းဒေသရှိ ဆွတ်ကူအားရှိ ထောက်လှမ်းရေး ဌာနကို အဝေးထိန်း ဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်မှုကြောင့် လူ(၄၀)မျှ ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းများက ဆိုသည်

ပါကစ္စတန်ထောက်လှမ်းရေးရုံး စီးနင်းတိုက်ခိုက်ခံရ
ပါကစ္စတန် နိုင်ငံတွင် ထောက်လှမ်းရေးဌာနရုံးခန်းကို အကြမ်းဖက်သမားများက ဗုံးခွဲကာ စီးနင်းတိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။ နိုင်ငံတောင်ပိုင်း ဆင်းဒေသရှိ ဆွတ်ကူအားရှိ ထောက်လှမ်းရေး ဌာနကို အဝေးထိန်း ဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်မှုကြောင့် လူ(၄၀)မျှ ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းများက ဆိုသည်။ ကယ်ဆယ်ရေးများက ဆေးရုံသို့ ပို့ဆောင်ခဲ့သူများအနက် (၁၅)ဦးမျှသည် အခြေအနေ ဆိုးရွားကြောင်း ပြောဆိုခဲ့သည်။ ဗုံးပေါက်မှုများ ဖြစ်ပွားပြီးနောက် သေနတ်သမားများသည် လုံခြုံရေး တင်းကျပ်စွာ ချထားသည့် ထောက်လှမ်းရေးဌာနကို စီးနင်းတိုက်ခိုက်ခဲ့ရာ လုံခြုံရေးများနှင့် ထိပ်တိုက် ရင်ဆိုင်ခဲ့ရသည်။ ထိုတိုက်ပွဲတွင်မူ အနည်းဆုံး (၇)ဦးမျှ အသေအပျောက် ရှိခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ရဲတပ်ဖွဲ့က သေဆုံးသူ အများစုသည် အကြမ်းဖက်သမားများဘက်မှဟု ပြောကြားထားသည်။



ဗုံးဒဏ်ကြောင့် ပြိုကျသွားသည့် အဆောက်အအုံအောက်တွင် ပိတ်မိနေသူများ ကျန်ရှိနေမည်ကို အာဏာပိုင်များက စိုးရိမ်နေသည်။ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားသော တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းကမျှ မိမိတို့ စီမံဆောင်ရွက်ခြင်းဟု ကြေညာ တာဝန်ယူခြင်း မရှိသေးချေ။ ရဲများက အကြမ်းဖက် အဖွဲ့များသည် Inter-Services Intelligence အေဂျင်စီ (ISI)ကို ဦးတည် တိုက်ခိုက်ခဲ့ခြင်းဟု ပြောဆိုခဲ့သည်။ ပါကစ္စတန် ရုပ်မြင်သံကြား ဌာနများက အစိုးရ အဆောက်အအုံ တစ်ခုကို သေနတ်သမားများက ထိန်းချုပ်ခဲ့ပြီး ကျန်တစ်ခုမှာ မီးလောင်နေကြောင်း၊ အခြားအဆောက်အအုံ တစ်ခုမှာမူ ပြိုကျသွားကြောင်း ဖော်ပြခဲ့သည်။

ရဲတပ်ဖွဲ့သည် ပြဿနာ ဖြစ်ပွားရာ ဒေသသို့ တပ်ကူများ စေလွှတ်ခဲ့ပြီး တိုက်ခိုက်မှု၏ နောက်ကွယ်တွင် ကြိုးကိုင်သူကို စုံစမ်းနေဆဲဟု ဆိုသည်။ ပါကစ္စတန်တွင် တာလီဘန်တို့ အပါအဝင် အစွန်းရောက် အစ္စလာမ်မစ် လက်နက်ကိုင် တပ်ဖွဲ့အချို့၏ တိုက်ခိုက်မှုများကို ပြီးခဲ့သည့် လပိုင်းများအတွင်း ဆက်တိုက်လိုလို ကြုံခဲ့ရသည်။ ဗုဒ္ဓဟူးနေ့က ဖြစ်စဉ်တွင် လက်နက်ကိုင် အကြမ်းဖက်သမား (၁၀)ဦးမျှ ပါဝင်ခဲ့ပြီး ပေါက်ကွဲမှုကြီး (၄)ကြိမ် ဖြစ်ပွားခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ထို့အပြင် တိုက်ခိုက်မှုတွင် အသေခံ ဗုံးသမားများပါ ပါဝင်ခဲ့သည်ဟုလည်း ရဲများက ခန့်မှန်းထားသည်။

တိုက်ခိုက်မှုအတွင်း ပတ်ဝန်းကျင် လူနေအိမ် အချို့လည်း ပြိုကျခဲ့ပြီး လတ်တလောတွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေဆဲဟု Al Jazeera သတင်းဌာနက ဖော်ပြခဲ့သည်။ ပါကစ္စတန်တွင် ပြီးခဲ့သည့်လက နာဝက်ဇ်ရှာရစ်ဖ် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက်ပိုင်း တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်း ဖြစ်သည်။ ရှာရစ်ဖ်သည် အကြမ်းဖက်အင်အားစုများအပေါ် ပိုမိုထိရောက်စွာ ကိုင်တွယ် အရေးယူရန် ရည်ရွယ်ထားပြီး ယင်းအခြေအနေသည် နိုင်ငံအတွင်း နောက်ထပ် သွေးထွက်သံယို ပဋိပက္ခများထံ ဦးတည်လာနိုင်ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။


.. www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်