Subscribe to our RSS Feed

ကိုလိုနီခေတ်လက်ကျန် အဆောက်အအုံများ အန္တရာယ်ရှိ အဆောက်အအုံများ အနေအထားဖြင့် ခြိမ်းခြောက်လာ

From : 7Day News Journal

ရန်ကုန်မြို့တွင်းပိုင်းရှိ ကိုလိုနီခေတ်လက်ကျန် အဆောက်အအုံများမှာ သက်တမ်းအားဖြင့် များစွာကြာမြင့်နေပြီဖြစ်ပြီး၊ ကောင်းမွန်သော ပြုပြင်မွမ်းမံမှု မပြုလုပ်နိုင်ခြင်းကြောင့် အန္တရာယ်ရှိအဆောက်အအုံ အနေအထားဖြင့် ခြိမ်းခြောက်လာပြီဖြစ်ကြောင်း ၀ါရင့်ဗိသုကာပညာရှင်တို့က ထောက်ပြပြောကြားသည်။

နှစ်ကာလကြာမြင့်လာသည်နှင့်အမျှ ရာသီဥတုဒဏ် ခံနိုင်မှုမှာလည်း လတ်တလောတွင် စိတ်မချရနိုင်သေးကြောင်း၊ အချို့အဆောက်အအုံများမှာ အသုံးမပြုဘဲထားသည်မှာ ကြာမြင့်နေပြီ ဖြစ်သောကြောင့် အမြန်ဆုံးထိန်းသိမ်းရန် လိုအပ်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဗိသုကာပညာရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးဆန်းဦးက ပြောသည်။

“ထိန်းသိမ်းတယ်ဆိုတာ အဆောက်အအုံကို ဆေးသုတ်ရုံနဲ့မပြီးဘူး”ဟု ဦးဆန်းဦးက ပြောသည်။ လက်ရှိတွင် ရန်ကုန်မြို့တွင်းပိုင်းရှိ ကိုလိုနီခေတ်လက်ကျန် အဆောက်အအုံ ၁၈၉ လုံးကို အမွေအနှစ်တစ်ခုအနေဖြင့် ပြန်လည်ထိန်းသိမ်းရန် ဆောင်ရွက်ရာတွင် ယင်းအဆောက်အအုံများ စတင်တည်ဆောက်ခဲ့စဉ်က အဆောက်အအုံ၏ ပုံစံငယ်အချို့မှာ မရှိတော့သဖြင့် ပြန်လည်ပြုပြင်ထိန်းသိမ်းရန် အခက်အခဲအချို့ရှိကြောင်း ဗိသုကာပညာရှင် အသင်းအတွင်းရေးမှူး ဒေါ်မိုးမိုးလွင်က ပြောသည်။

အထူးသဖြင့် ရန်ကုန်မြို့ ကမ်းနားလမ်းမပေါ်ရှိ ကိုလိုနီခေတ်လက်ကျန် အဆောက်အအုံအချို့မှာ ၂၀၀၈ မေလက တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းဒဏ် ပြင်းထန်စွာ ခံစားခဲ့ရပြီး အချိန်မီပြန်လည် မပြုပြင်နိုင်ခဲ့ပေ။ နှစ်သက်တမ်းရာကျော် အဆောက်အအုံများအတွက် စိတ်ချရနိုင်သည့်အနေအထား လုံးဝမရှိကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကိုလိုနီခေတ်လက်ကျန် အဆောက်အအုံ(၁၈၉)လုံးအနက် နှစ်သက်တမ်းရာကျော် အဆောက်အအုံမှာ လေးငါးလုံးခန့် ပါဝင်နိုင်ပြီး တစ်လုံးမှာ မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးခဲ့ရပြီး ၁၈၈ လုံးသာ ကျန်ရှိတော့သည်ဟု ဗိသုကာပညာရှင်တစ်ဦးက ပြောသည်။

လက်ရှိတွင် အဆိုပါအဆောက်အအုံများအနက် အချို့အဆောက်အအုံများကို ၂၀၁၁ က တစ်ကြိမ်၊ ၂၀၁၂ ဇွန်လကတစ်ကြိမ် ပုဂ္ဂလိကလုပ်ငန်းရှင်များအား တင်ဒါခေါ်ယူ၍ ဟိုတယ်အဖြစ် လုပ်ကိုင်ခွင့်ပြုတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ထုတ်ပြန်ထားသည်။

ယင်းအဆောက်အအုံများမှာ ရန်ကုန်မြို့ပြ၏ ဖွံ့ဖြိုးလာသော အဆောက်အအုံများအကြားမှ မြင်ကွင်းအားဖြင့် ပျောက်ကွယ်လုနီးပါးဖြစ်နေပြီ ဖြစ်သောကြောင့် နိုင်ငံခြား ခရီးသွားများ လေ့လာရန်

အခက်အခဲများစွာ ရှိနေခြင်းကြောင့် အမြန်ဆုံးပြုပြင်ထိန်းသိမ်း စောင့်ရှောက်နိုင်မှသာ ရန်ကုန်မြို့ ခရီးသွားလုပ်ငန်း၏ ဈေးကွက်တစ်ခု ဖြစ်လာနိုင်ကြောင်း အီးဂဲလ်ခရီးသွားလုပ်ငန်းမှ ဈေးကွက်မန်နေဂျာ ဒေါ်ယမင်းလှိုင်ကပြောသည်။

“ရုံးရဲ့အတွင်းပိုင်းက သံတိုင်တွေ ဆွေးနေပြီ။ တချို့ရုံးတွေမှာဆို စတီးကြိုးနဲ့သွားတဲ့ ဓာတ်လှေကားတွေရှိတယ်။ ဒါပေမဲ့ မသုံးဘဲပစ်ထားတာ ကြာပြီဆိုတော့ အန္တရာယ်ရှိနိုင်တယ်”ဟု ပန်းဆိုးတန်းအနီးရှိ အစိုးရအဆောက်အအုံတစ်ခုတွင် ညစောင့်လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

ကိုလိုနီခေတ်လက်ကျန် အဆောက်အအုံ ၁၈၈ လုံးအနက် အများစုမှာ အစိုးရရုံးများ၊ သာသနိက အဆောက်အအုံများ၊ စာသင်ကျောင်းများ ပါဝင်ပြီး အလုံး ၉၀ ကျော်မှာ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ ပါဝင်ကြောင်း ဗိသုကာပညာရှင်များအသင်း၏ စစ်တမ်းများက ဖော်ပြသည်။


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်