Subscribe to our RSS Feed

နိုင်ငံတော်ပိုင် အဆောက်အအုံများ ထုခွဲရောင်းချမှု၊ ပုဂ္ဂလိကသို့ လွှဲပြောင်းပေးမှုများနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်တွင် ဆွေးနွေး


From : မြန်မာ့အလင်း


အမျိုးသားလွှတ်တော် အစည်းအဝေး (၁၆)ရက်မြောက်နေ့ကို ဇူလိုင် ၂၇ ရက် နံနက် ၁၀ နာရီတွင်နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်ခန်းမ၌ ကျင်းပခဲ့သည်။ အစည်းအဝေးတွင် စစ်ကိုင်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၉)မှ ဦးသိန်းဝင်း၏ “နိုင်ငံတော်ပိုင် အဆောက်အအုံများ ထုခွဲရောင်းချမှု၊ ကျန်ရှိနေမှု၊ ၀န်ကြီးဌာနအလိုက် ပုဂ္ဂလိကသို့ လွှဲပြောင်းပေးမှုအခြေအနေတို့နှင့် ပတ်သက်၍ နှစ်အလိုက် ဘဏ္ဍာငွေ ရရှိမှု၊ ရရန်ကျန်ရှိနေမှုနှင့် ရရန်ကျန်ရှိနေမှုများအပေါ် အရေးယူဆောင်ရွက်ထားမှု အခြေအနေတို့ကို သိရှိလိုခြင်း”နှင့် “၂၀၁၁ ခုနှစ်မှစ၍ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူခဲ့သော မော်တော်ယာဉ်များအပေါ် ထုခွဲရောင်းချမှု၊ စီမံခန့်ခွဲမှု၊ ဘဏ္ဍာငွေရရှိမှုတို့နှင့် မော်တော်ယာဉ် လက်ကျန်အခြေအနေတို့ကို သိရှိလိုခြင်း” မေးခွန်းများနှင့် စပ်လျဉ်း၍ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာကံဇော်က ယခုအစိုးရ လက်ထက်တွင် နိုင်ငံတော်ပိုင်ပစ္စည်းများ၊ နိုင်ငံပိုင် သိမ်းဆည်းထားသော ပစ္စည်းများကို ထုခွဲရောင်းချမှု တစ်စုံတစ်ရာ ပြုလုပ်ဆောင်ရွက်ခြင်း မရှိပါကြောင်း။ အလားတူပင် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများကိုလည်း ယခုအစိုးရလက်ထက်တွင် ထုခွဲရောင်းချခြင်း မရှိပါကြောင်း၊ သို့ရာတွင် ယခင်အစိုးရလက်ထက်က နိုင်ငံတော်ပိုင် အဆောက်အအုံ (၁၄၈၂)ခု လွှဲပြောင်းရောင်းချခဲ့ပြီး (၁၀၉၇)ခု လွှဲပြောင်းရောင်းချရန် ကျန်ရှိနေပါကြောင်း၊ လွှဲပြောင်းရောင်းချသည့် တန်ဖိုးစုစုပေါင်းမှာ ငွေကျပ် (၆၀၂ ဒသမ ၃၁၉) ဘီလီယံဖြစ်ပြီး ငွေကျပ် (၄၂၂ ဒသမ ၁၇၁) ဘီလီယံ ရရှိပြီးဖြစ်သဖြင့် ငွေကျပ် (၁၈၀ ဒသမ ၁၄၈) ဘီလီယံ ရရှိရန် ကျန်ရှိနေပါကြောင်း။ ၀န်ကြီးဌာန အသီးသီးမှ လွှဲပြောင်းအပ်နှံထားသည့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း (၇၇၅)ခုကို ယခင်အစိုးရလက်ထက်တွင် လွှဲပြောင်းရောင်းချခဲ့ပြီး လက်ကျန်လုပ်ငန်း (၇၈)ခုအား ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်သစ်မှ ပြန်လည်စိစစ်၍ မူအရ ဆောင်ရွကမည်ဖြစ်ပါကြောင်း၊ ရောင်းချသည့် တန်ဖိုးမှာ ငွေကျပ် (၆၆၅ ဒသမ ၅၉၉) ဘီလီယံဖြစ်ပြီး ရရှိပြီးငွေမှာ ငွေကျပ် (၅၀၀ ဒသမ ၃၈၁) ဘီလီယံဖြစ်သဖြင့် ရရန်ကျန်ရှိသည့် ငွေပမာဏမှာ ငွေကျပ် (၁၆၅ ဒသမ ၂၁၈) ဘီလီယံရှိပါကြောင်း။ အထက်ပါ ရရန်ကျန်ရှိသည့် ငွေများအား သတ်မှတ်ကာလအတွင်း စည်းကမ်းချက်များနှင့်အညီ တောင်းခံရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် နိုင်ငံတော်တွင်ပြည်ပမှ ခရီးသွားများ ၀င်ရောက်မှု တိုးတက်များပြားလာပါ၍ ခရီးသွားများ တည်းခိုနိုင်ရန်အတွက် ရန်ကန်ုမြို့ ကမ်းနားလမ်းရှိ ရန်ကုန်တိုင်း စပေါင်းရုံး၊ ကုန်သည်လမ်းရှိ မြန်မာ့မီးရထားရုံးချုပ်တို့ကို ဟိုတယ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်လည်းကောင်း၊ ရန်ကုန်မြို့ရှိ သမိုင်းဝင် အဆောက်အအုံများဖြစ်သော ဗိုလ်အောင်ကျော်လမ်းရှိ ၀န်ကြီးများရုံး၊ မဟာဗန္ဓုလပန်းခြံအနီးရှိ High Court တို့ကို ရှေးမူလက်ရာမပျောက်ဘဲ ပြတိုက်အသွင်ဖြင့် ဆောင်ရွက်နိုင်ရန်အတွက် လည်းကောင်း B.O.T စနစ်ဖြင့် တင်ဒါခေါ်ယူလျက်ရှိကြောင်း။ ယခုအစိုးရလက်ထက်တွင် ဥပဒေ စည်းမျဉ်းစည်းကမ်းများကို အကြောင်းအမျိုးမျိုးဖြင့် ဖောက်ဖျက်ကျူးလွန်ခြင်းကြောင့် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူခဲ့သော မော်တော်ယာဉ်များအား ထုခွဲရောင်းချမှု တစ်စုံတစ်ရာ ပြုလုပ်ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း၊ သို့ရာတွင် ယခင်အစိုးရကာလက ပြည်သူ့ဘဏ္ဍာသိမ်း မော်တော်ယာဉ် (၆၈၂)စီးကို ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလမှ ဖောဖော်ဝါရီလအတွင်း လေလံတင်ရောင်းချခဲ့ရာ ငွေကျပ် (၁၅ ဒသမ ၀၁၃) ဘီလီယံကျော်ရှိခဲ့ပြီး ငွေစာရင်းခေါင်းစဉ် (MD-000732, MD-000970)ဖြင့် မြန်မာ့စီးပွားရေးဘဏ်သို့ ပေးသွင်းပြီဖြစ်ပါကြောင်း၊ ပြုပြင် သုံးစွဲနိုင်သည့် အဆင့်ရှိယာဉ်များအား နိုင်ငံတော်ဘဏ္ဍာငွေ ခြိုးခြံချွေတာသည့်အနေဖြင့် ပြည်ထောင်စု ၀န်ကြီးဌာနများနှင့် အဖွဲ့အစည်းများသို့ (၅၂၉)စီး ခွဲဝေထုတ်ပေးခဲ့ပြီး ပြုပြင်သုံးစွဲရန် အဆင့်မရှိသည့် ယာဉ် (၂၆၂)စီးကို သံရည်ကျိုဖျက်ဆီးခဲ့ပါကြောင်း၊ နောင်တွင် ပြည်သူ့ဘဏ္ဍာသိမ်း မော်တော်ယာဉ်များနှင့် စပ်လျဉ်း၍ အစိုးရဌာန အသီးသီး၌ ခွဲဝေသုံးစွဲသင့်သည့် ယာဉ်များ ခွဲဝေပေးပြီး သုံးစွဲရန် မသင့်သည့် ယာဉ်များကို သံရည်ကျိုစက်သို့ ပေးပို့ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Myanmar Express


1 comments:

ဝန်ကြီးများရုံးဟာကြယ်ငါးပွင့်Hotelsတွေထက်တန်ဘိုးအမျှား ကြးရှိပါတယ်။မူလလက်ရာမပျက်ထိမ်းသိမ်းပြီးပြတိုက်ပုံစံဆိုရင်ငှါးရန်းဒါ ထက်ပို၍ဝင်ငွေရရှိနှိင်ပါသည်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်