Subscribe to our RSS Feed

ဆန္ဒမဲအနည်းအများအလိုက် လွှတ်တော်ကိုယ်စားပြုခွင့်ရစေမည့် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲနည်းစနစ် ပြောင်းလဲရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ ဒီမိုကရေစီမိတ်ဆွေပါတ


From : ခေတ်လူငယ်

ဆန္ဒမဲအနည်းအများအလိုက် လွှတ်တော်ကိုယ်စားပြုခွင့် ရရှိစေမည့် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲ နည်းစနစ် ပြောင်းလဲရန် ဒီမိုကရေစီမိတ်ဆွေ ပါတီများမှ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ ဇူလိုင်လ ၂၇ ရက်နေ့က တွေ့ဆုံစဉ် တင်ပြခဲ့ကြောင်း သိရှိရသည်။ ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီမှ တာဝန်ရှိသူများသည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းထံ ရွေးကောက်ပွဲ နည်းစနစ် ပြုပြင်ရေးဆိုင်ရာ ကိစ္စများအပြင် ဥပဒေရေးရာ အခြားကိစ္စရပ်များကိုလည်း တင်ပြခဲ့ကြောင်း သိရှိရသည်။ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးထွန်းရွှေက “ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံကို PR (Proportional Representation) စနစ်လို့ခေါ်တဲ့ အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးနိုင်ဖို့ ကိစ္စတွေအပြင် ကျန်တဲ့ကဏ္ဍတွေကိုလည်း တင်ပြဆွေးနွေးဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ မြေလွတ်မြေရိုင်းဥပဒေနဲ့ လယ်ယာမြေ ဥပဒေနှစ်ရပ်က လယ်သမားတွေအကျိုး ဆောင်ရွက်တဲ့အပိုင်းမှာ အားနည်းချက်ရှိတာကို ပြင်ဖို့တင်ပြတယ်။ တွေ့ဆုံတဲ့အချိန်မှာ ပြည်သူ့လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌတွေ ပါတဲ့အတွက် ဦးဌေးဦးကို ဒီအကြောင်း တင်ပြဖြစ်တယ်။ ဒေါက်တာသန်းငြိမ်းကတော့ PR အကြောင်းကိုပဲ အဓိကထား တင်ပြသွားတယ်။ ကျွန်တော်တို့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနဲ့ တွေ့ဆုံခဲ့စဉ်မှာလည်း ဒါကိုပဲ တင်ပြခဲ့တာပဲ။ ကော်မရှင်က PR ကိစ္စကို လွှတ်တော်ကို ဆက်လက်တင်ပြမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ လွှတ်တော်ဥက္ကဋ္ဌနဲ့ တွေ့စဉ်မှာ လွှတ်တော်ကိုကြိုပြီး တင်ပြခဲ့တာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ ဆက်လက်၍ ၄င်းက PR စနစ်နှင့် ပတ်သက်၍ “ရွေးကောက်ပွဲစနစ်သစ် ဖြစ်ပါတယ်။ ဒီစနစ်အရ ဥပမာ မဲဆန္ဒနယ်တစ်နယ်မှာ ၁၀ ယောက်ပြိုင်တယ်။ အရင်စနစ်ဟောင်းအရဆိုရင် အဲဒီ ၁၀ ယောက်ထဲက နိုင်တဲ့လူပဲ လွှတ်တော်ထဲရောက်မယ်။ အခုစနစ်အရ စုပေါင်းပြီး မဲအများဆုံးရတဲ့၊ နိုင်တဲ့လူလည်း လွှတ်တော်ထဲ ရောက်မယ်။ ကျန်တဲ့လူတွေလည်း မဲရရှိတဲ့ အချိုးအလိုက် လွှတ်တော်ထဲ ရောက်ခွင့်ရှိမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ အဆိုပါစနစ်နှင့် ပတ်သက်၍ နိုင်ငံရေး လေ့လာသူတစ်ဦးက “အဓိကက ၂၀၁၅ ခုနှစ်ပဲ။ ၂၀၁၅ ခုနှစ်မှာ အနိုင်ရမယ့်ပါတီက တစ်ခုပဲရှိမယ်။ အဲဒီအနိုင်ရမယ့် ပါတီအပြင် ဒုတိယပါတီကြီးက ကိုယ်စားလှယ်တွေပါ လွှတ်တော်ထဲ ဝင်ခွင့်ရနိုင်အောင် လုပ်တဲ့သဘောလို့ သုံးသပ်ရပါတယ်” ဟု ပြောကြားခဲ့သည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံခဲ့သည့် ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီမှာ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီနှင့် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီတို့ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်