Subscribe to our RSS Feed

ပူတာအိုဒေသသို့ တပ်မတော်မှ ရိက္ခာနှင့်ထောက်ပံ့ရေးပစ္စည်းများပေးပို့


From : ခေတ်လူငယ်

ကချင်ပြည်နယ် ပူတာအိုမြို့သည် မြစ်ကြီးနားမြို့မှ ၂၁၈ မိုင်အကွာတွင်ရှိပြီး သာမန်အချိန် မော်တော်ယာဉ်ဖြင့် တစ်ညအိပ် ခရီးသာ သွားရောက်ရသဖြင့် လမ်းပန်းဆက်သွယ်မှု လွယ်ကူပြီး ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့ကာ ဒေသခံတိုင်းရင်းသားများ၊ ဝန်ထမ်းများအတွက် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွား အခြေအနေများ တိုးတက်ကောင်းမွန်ခဲ့သည်။ ၂၀၁၁ ခုနှစ် ဇွန် ၉ ရက် ကေအိုင်အေအဖွဲ့နှင့် လက်နက်ကိုင် တိုက်ခိုက်မှုများ စတင်ခဲ့သည့် အချိန်မှစ၍ ကေအိုင်အေမှ မြစ်ကြီးနား-ပူတာအို လမ်းတစ်လျှောက် တံတားမိုင်းခွဲမှု(၁၁) ကြိမ် ဆောင်ရွက်ခဲ့ပြီး နောက်ဆုံး ဇူလိုင် ၂ ရက်က မိုင်တိုင် ၃၆ အနီး အရှည်ပေ ၂၇၀ ရှိ ဖုန်အင်ခ ဘေလီတံတားအား ကေအိုင်အေအဖွဲ့က ဖောက်ခွဲဖျက်ဆီးခဲ့သည်။ သာမန်အချိန်တွင် အဆိုပါတံတား အပါအဝင် ယခင်ဖျက်ဆီးခံရသည့် တံတားကြီး/ငယ်များ လမ်းလွှဲမှ ယာဉ်ကြီး၊ ယာဉ်ငယ်၊ ဆိုင်ကယ်များ သွားလာနိုင်သော်လည်း ယခုမိုးများသည့် ကာလ၌မူ ချောင်းရေများ ပြည့်လျှံမှုကြောင့် လမ်းလွှဲမှ သွားလာနိုင်မှု မရှိတော့ကြောင်း သိရသည်။ ထိုခက်ခဲမှုများ ဖြစ်ပေါ်လာမှုကြောင့် ကုန်ဈေးနှုန်း ကြီးမြင့်လာပြီး ဒေသခံပြည်သူများနှင့် အစိုးရဝန်ထမ်းများ စားဝတ်နေရေး ခက်ခဲမှု ဖြစ်ပေါ်လျက် ရှိသည်။ အထက်ပါ အခက်အခဲများ လတ်တလော ပြေလည်စေရန် တပ်မတော်အနေဖြင့် ပူတာအိုဒေသရှိ ဒေသခံ တိုင်းရင်းသားများနှင့် အစိုးရဝန်ထမ်းများအတွက် ရိက္ခာနှင့် ထောက်ပံ့ရေး ပစ္စည်းများအား ဇူလိုင် ၂၄ ရက်မှ ၂၆ ရက်နေ့အထိ တပ်မတော်လေယာဉ်များဖြင့် ထောက်ပံ့ ပို့ဆေင်ပေးခဲ့ရာ တပ်မတော်(လေ) Y-8 လေယာဉ်ဖြင့် မြစ်ကြီးနား-ပူတာအို ခရီးစဉ်အတိုင်း ဆန်အိတ် ၇၃၀၊ စားသုံးဆီ လေးပီပါ၊ ဆားပိဿာ ၂၅၀၊ ကြက်သွန်ပိဿာ ၈၀၀ အပါအဝင် စားသောက်ကုန်ပစ္စည်းများ၊ စာရေးကိရိယာများနှင့် အခြားလူမှုရေး အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပို့ဆောင် ပေးခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၂၇ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်