Subscribe to our RSS Feed

၀၁၅ မတိုင်မီ ပင်လုံကဲ့သို့အစည်းအဝေးကြီးတစ်ရပ်လုပ်ရန် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းပြော


From : Myanmartandawsint Newspaper

ရန်ကုန်၊ ဇူလိုင် ၂၄

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီများ အပါအ၀င်နိုင်ငံရေးပါတီ ၁၄ ပါတီတို့ ဇူလိုင်လ ၂၂ ရက်နေ့က တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ရာတွင် ၂၀၁၅ မတိုင်မီ ပင်လုံကဲ့သို့ အစည်းအဝေးကြီး တစ်ရပ်ကို ၀ိုင်းဝန်းလုပ်ဆောင် ကြရန် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြောင်း၊ ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် ပါဝင်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် (SNLD) ပြောရေး ဆိုခွင့် ရှိသူ ဦးစိုင်းလိတ်ကပြောသည်။

၂၀၁၅ မတိုင်မီ ပင်လုံကဲ့သို့ ညီလာခံကြီး ကျင်းပပေးရန် တိုင်းရင်းသား ပါတီများက တောင်းဆိုခဲ့ကြရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပင်လုံကဲ့သို့ကျယ်ပြန့်သော အစည်းအဝေးကြီးတစ်ခု ၀ိုင်းဝန်းလုပ်ဆောင်ကြရန် ပြောကြားခြင်းဖြစ်သည်။

““ညီလာခံလို့တော့ မပြောဘူး။ ပင်လုံလို ကျယ်ပြန့်တဲ့ အစည်းအဝေးကြီးတစ်ရပ် ကျွန်တော်တို့ ၀ိုင်းလုပ်ကြတာပေါ့။ ၂၀၁၅ မတိုင်ခင် ဖြစ်နိုင်ရင် ၂၀၁၄ အတွင်းလုပ်ချင်တယ်လို့ ပြောတယ်”” ဟု ဦးစိုင်းလိတ်ကပြောသည်။

ထို့ပြင် ပင်လုံကဲ့သို့ ညီလာခံ ကြီးတစ်ခုကို လွှတ်တော်ပြင်ပတွင် ကျင်းပနိုင်ရေးအတွက် တိုင်းရင်းသား ပါတီခေါင်းဆောင်များက ဆောင်ရွက်လျက် ရှိနေကြပြီး အစည်းအဝေးဆိုသည်မှာ ကန့်သတ်မှုများရှိနိုင်၍ လွတ်လပ်စွာ ဆွေးနွေးခွင့် နည်းပါးသွားနိုင်ကြောင်း ဦးစိုင်းလိတ်က ပြောသည်။။

ယင်းကဲ့သို့ ပင်လုံ အခြေခံ ညီလာခံ (သို့မဟုတ်) ဒုတိယ ပင်လုံဖြစ်ပေါ်လာရေး အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တိုင်းရင်းသားပါတီများက တရားဝင် တိုက်တွန်းမှုများ ရှိနေ ကြောင်းလည်း သိရသည်။

ထို့ပြင် ဒုတိယပင်လုံညီလာခံ ပြုလုပ်ရေးအတွက် ၂၀၁၀ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ယခု NLD နာယကကြီး ဦးတင်ဦး၊ ယခု NLD နာယက အဖွဲ့ဝင် ဦးဝင်းတင်၊ ၀ါရင့်နိုင်ငံရေး သမား ကြီး သခင်သိန်းမောင်၊ ယခုမွန် ဒီမိုကရေစီပါတီမှ ဦးနိုင်ငွေသိန်း၊ ဦးနိုင်ထွန်းသန်း၊ ကရင်အမျိုးသား ကွန်ဂရက်မှ ဦးစောဟာရီ၊ ပြည်ထောင်စု တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးထောင်ခိုတန်းတို့နှင့် အခြားတိုင်းရင်းသား ခေါင်းဆောင်များလည်းပါဝင်၍ သဘောတူ လက်မှတ်ရေးထိုးမှု ပြုလုပ်ထားသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်