Subscribe to our RSS Feed

မန္တလေးတွင် အခန်းပေါင်း ၁၄၀၀ ၀န်းကျင် ရှိမည့် ဟိုတယ်အလုံးပေါင်း ၂၀ တည်ဆောက်ရန်ရှိ

From : ..eleven


madalayhotel-may3
Mandalay Hill Resort Hotel အား တွေ့ရစဉ်
မန္တလေးမြို့တွင် အခန်းပေါင်း ၁၄၀၀ ၀န်းကျင် ရှိမည့် ဟိုတယ်အလုံးပေါင်း ၂၀ တည်ဆောက်ရန်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
"မန္တလေးမှာ တစ်နှစ်ထက်တစ်နှစ် နိုင်ငံခြားသား ခရီးသွား တိုးလာပေမယ့် ဟိုတယ်အခက်အခဲတော့ မဖြစ်ပေါ်ခဲ့ဖူးပါဘူး။ ဟိုတယ်လုပ်ငန်းက ဖွံ့ဖြိုးလာတာကြောင့်ပါ။ လက်ရှိမှာ အသစ်ဆောက်လုပ်မယ့် ဟိုတယ်တိုင်းဒေသကြီးရဲ့ ခွင့်ပြုချက် ရပြီးနဲ့ ဆောင်ရွက်ဆဲပေါ့။ ဟိုတယ်အလုံးပေါင်း ၂၀ လောက် ရှိမယ်" ဟု မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးမြင့်က ပြောသည်။
မန္တလေးတွင် ဟိုတယ်လုပ်ငန်းများ ပြားလာခြင်းမှာ အစိုးရသစ် တက်လာပြီးနောက်ပိုင်း ဟိုတယ်ဆောက်လုပ်ခွင့်နှင့် ပတ်သက်၍ ဖြေလျှော့မှုများ ပြုလုပ်ပေးခဲ့ခြင်းနှင့် လုပ်ငန်းရှင်များ အနေနှင့် ဟိုတယ်လုပ်ငန်းတွင် ပိုမို စိတ်ဝင်စားမှု များလာသောကြောင့် ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့အပြင် လူနေအိမ်များ ဆောက်လုပ်ရန် လျာထားသော်လည်း ဟိုတယ်အဖြစ် ပြောင်းလဲလုပ်ကိုင်မှုများလည်း ရှိပြီး သတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုပေးလျက်ရှိကြောင်း ဆက်လက်ပြောသည်။
လက်ရှိတွင် မန္တလေးမြို့တွင် ဟိုတယ်အလုံးပေါင်း ၈၃ လုံး၊ အခန်းပေါင်း ၃၅၂၂ ရှိပြီး မန္တလေးမြို့သို့ နိုင်ငံခြားသား ခရီးသည်များ အများအပြား စုပြုံဝင်ရောက်လာပါက နေရာအခက်အခဲ ရှိနိုင်သည်ဟု ဧည့်လမ်းညွှန်များက သုံးသပ်သည်။
၂၀၁၃ ခုနှစ်အတွင်း ဇန်န၀ါရီလတွင် မန္တလေးမြို့သို့ လာရောက်သော နိုင်ငံခြားသား ခရီးသွားမှာ မြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီလမှစကာ ပြန်လည် လျော့ကျသွားခဲ့သည်။
မန္တလေးမြို့သို့ လာရောက်သော နိုင်ငံခြားသား ခရီးသည်ဦးရေမှာ ဇန်န၀ါရီလတွင် ၂၂၇၁၅ ဦး၊ ဖေဖော်ဝါရီလတွင် ၂၁၉၁၄ ဦး၊ မတ်လတွင် ၂၀၅၁၅ ဦး ရှိခဲ့ကြောင်း သိရသည်။

.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်