Subscribe to our RSS Feed

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြားသည့် ရေဒီယိုမိန့်ခွန်း (၁-၅-၁၄)

From : ..PO

(၁-၅-၂၀၁၄)

မိဘပြည်သူများခင်ဗျား-
ကျွန်တော့်အနေဖြင့် မိဘပြည်သူများထံ ရေဒီယိုကနေတစ်ဆင့် အစိုးရရဲ့ လုပ်ဆောင်ချက်များနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေအရပ်ရပ်ကို လစဉ် အသိပေး တင်ပြနေကျ အတိုင်း ယခုလမှာလည်း ယခင်လများ နည်းတူ အသိပေး တင်ပြသွားမှာ ဖြစ်ပါတယ်။

ယခုနှစ် ကျွန်တော်တို့ရဲ့ ရိုးရာ သင်္ကြန်ပွဲတော်ဟာ အေးချမ်း ပျော်ရွှင်စွာဖြင့် ပြီးမြောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ သင်္ကြန်ရက်များ အတွင်း ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် သင်္ကြန်ပွဲကို ဆင်နွှဲနိုင်ဖို့အတွက် ကျွန်တော့် အနေဖြင့် မိဘပြည်သူများထံသို့ နှုတ်ခွန်းဆက်လွှာ ထုတ်ပြန် ပေးပို့ခဲ့ပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနဲ့ မြို့မိမြို့ဖ၊ ရပ်မိရပ်ဖများရဲ့ စည်းကမ်း ထိန်းသိမ်းပေးမှု၊ ပျော်ရွှင်စွာ ရေကစားကြသူများရဲ့ စောင့်ထိန်း လိုက်နာမှုများကြောင့် ယခုနှစ် သင်္ကြန် ပွဲတော်ဟာ ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှု အနည်းဆုံးဖြင့် စည်ကား သိုက်မြိုက်စွာ ပြီးမြောက်သွားခဲ့ပါတယ်။

ထူးခြားချက် တစ်ခုကတော့ ဒီနှစ် သင်္ကြန်ပွဲတော်မှာ မြန်မာနိုင်ငံရှိ သံရုံး အသီးသီးတို့မှ သံတမန်နှင့် မိသားစုများ၊ နိုင်ငံခြား ခရီးသွားများပါ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြတဲ့အတွက် လူမျိုးဘာသာ မခွဲခြားတဲ့ ကျွန်တော်တို့ရဲ့ မွန်မြတ်တဲ့ စိတ်ထားကို ပေါ်လွင်စေ ခဲ့ပါတယ်။ နှစ်ဟောင်းက အညစ်အကြေးတွေကို သင်္ကြန်ရေဖြင့် ဆေးကြော သန့်စင်ခဲ့ပြီး ဖြစ်တဲ့ အတွက် ယခုနှစ်သစ်မှာ စိတ်သစ် ကိုယ်သစ်ဖြင့် မိမိအကျိုး၊ အများအကျိုးနဲ့ တိုင်းကျိုး ပြည်ပြု လုပ်ငန်းတွေကို စည်းလုံး ညီညွတ်စွာဖြင့် အားကြိုးမာန်တက် သယ်ပိုး ဆောင်ရွက် သွားကြဖို့ ကျွန်တော့်အနေဖြင့် တိုက်တွန်း အပ်ပါတယ်။

ယခုလအတွင်း ကျွန်တော့်အနေဖြင့် နိုင်ငံရေးပါတီ (၆၅)ပါတီအနက် (၆၃)ပါတီမှ ပါတီခေါင်းဆောင်များနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။ ပါတီ ခေါင်းဆောင်များနဲ့ တတိယ အကြိမ် တွေ့ဆုံခြင်းဖြစ်ပါတယ်။ ပါတီ ခေါင်းဆောင်များ အနေနဲ့ ရရှိတဲ့ အချိန်အတွင်း ၎င်းတို့ရဲ့ သဘောထား အမြင်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြပါတယ်။ တိုင်းပြည်အတွက် တူညီတာတွေကို ပူးပေါင်းလုပ်မယ်။ မတူတာတွေကို ညှိနှိုင်း ဆွေးနွေးရင်းဖြင့် အဖြေရှာသွားကြမယ် ဆိုတဲ့ နိုင်ငံရေး ယဉ်ကျေးမှု တစ်ရပ်ကို ကျွန်တော်တို့ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီဆွေးနွေးမှုများဟာ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေးကို များစွာ အထောက်အကူ ဖြစ်စေခဲ့ပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စမှာ ပါတီ အသီးသီးအနေနဲ့ စိတ်အား ထက်သန်မှု ရှိနေတာကို သိရှိခဲ့ရပြီး ပါတီကြီး၊ ပါတီငယ်မခွဲခြားဘဲ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များမှာ နိုင်ငံတော် အစိုးရနဲ့အတူ အားလုံး ပူးပေါင်း ပါဝင် ဆောင်ရွက်သွားကြဖို့ ကျွန်တော့် အနေနဲ့ မျှော်လင့် ထားပါကြောင်း အသိပေး ပြောကြား အပ်ပါတယ်။  

အရေးကြီးတဲ့ ဆောင်ရွက်ချက် တစ်ခုကတော့ တစ်နိုင်ငံလုံး အခြေခံ စာတတ်မြောက်ရေး လုပ်ငန်းကို ပြန်လည် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ကိစ္စဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ စာတတ်မြောက်မှု သမိုင်းကို ပြန်ကြည့်ရင် ရှေးဘုရင်များ လက်ထက်က ဗုဒ္ဒဘာသာ မြန်မာ ဘုန်းတော်ကြီးများရဲ့ ကြိုးပမ်း ဆောင်ရွက်မှုကြောင့် မြန်မာနိုင်ငံရဲ့ စာရေး စာဖတ် တတ်မြောက်မှုဟာ ဂုဏ်ယူဝင့်ကြွားဖွယ်ရာ မြင့်မားခဲ့ပါတယ်။ သို့သော်လည်း သူ့ကျွန်ဘဝမှာ စာတတ်မြောက်မှုနှုန်းဟာ ၃၅ ရာခိုင်နှုန်းအထိ လျော့ကျ သွားတာကို ဝမ်းနည်းဖွယ်ရာ တွေ့ရှိခဲ့ရပါတယ်။

လွတ်လပ်ရေး မရမီနဲ့ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ရဟန်းရှင်လူ ပြည်သူများရဲ့ ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်မှုကြောင့် စာတတ်မြောက်မှုနှုန်း တဖြည်းဖြည်း ပြန်လည် မြင့်မား လာခဲ့ပါတယ်။ အခြေခံ စာတတ်မြောက်ရေးဖြစ်တဲ့ စာရေး စာဖတ်အတွက် လူတိုင်း စာတတ်မြောက်ရေး လှုပ်ရှားမှုကို ၁၉၆၄ ခုနှစ်မှာ ရန်ကုန်ဆရာအတတ်သင် သိပ္ပံကျောင်းမှ ကျောင်းသား လေးဦးက မိတ္ထီလာမြို့နယ်မှာ စတင် လှုပ်ရှား ဆောင်ရွက်ခဲ့ပါတယ်။

၁၉၆၅ ခုနှစ်နဲ့ ၁၉၆၆ ခုနှစ်များမှာ တက္ကသိုလ် ကောလိပ် အသီးသီးတို့မှ လုပ်အားပေး ဆရာဆရာမများနဲ့ ဖွဲ့စည်းပြီး မြန်မာတစ်နိုင်ငံလုံးရဲ့ စာတတ်မြောက်ရေး လှုပ်ရှားမှုကို အင်တိုက် အားတိုက် ဆောင်ရွက်ခဲ့ကြတဲ့ အတွက် ၁၉၇၁ ခုနှစ်မှာ ယူနက်စကိုအဖွဲ့က ချီးမြှင့်ခဲ့တဲ့ "မိုဟာမက်ရီဇာပါလာဗီ" ဆုနဲ့ ၁၉၈၃ ခုနှစ်မှာ "နိုမာ" ဆုများကို မြန်မာနိုင်ငံမှ ထိုက်ထိုက် တန်တန် ရရှိခဲ့ပါတယ်။

ယခုအခါ ၂၀၁၃ ခုနှစ်က တက္ကသိုလ် ၁၀ ခုမှ လုပ်အားပေး ဆရာဆရာမများနဲ့ ကျောင်းသား ကျောင်းသူ ၁၉၈၅ ဦးတို့ဟာ မြို့နယ် ကိုးမြို့နယ်မှာ စာမတတ်သူဦးရေ ၂၂၄၀၇ ဦးကို အခြေခံ စာတတ်မြောက်ရေး ဆောင်ရွက် ပေးခဲ့ပါတယ်။ ယခု ၂၀၁၄ ခုနှစ် ဧပြီလအတွင်းမှာလည်း မြန်မာနိုင်ငံရှိ တက္ကသိုလ် အသီးသီးတို့မှ လုပ်အားပေး ဆရာ ဆရာမ ၄၀၃ ဦး၊ တက္ကသိုလ် ကျောင်းသား ကျောင်းသူ ၄၆၆၄ ဦးတို့ဟာ မြို့နယ် ၂၉ မြို့နယ်မှာ အခြေခံ စာမတတ်သူပေါင်း ၄၆၄၇၉ ဦးတို့ကို စာသင်ဝိုင်းများ ဖွဲ့စည်းပြီး ပညာဒါနအဖြစ် သင်ကြားပေးလျက် ရှိပါတယ်။ အလိမ္မာ စာမှာရှိဆိုသလို စာတတ်မြောက်ရေးဟာ အရေးကြီးပါတယ်။ စာတတ်မှသာ အမှားအမှန်၊ အကောင်းအဆိုးတို့ကို ဝေဖန်ခွဲခြားပြီး သိနိုင်ကြမှာ ဖြစ်ပါတယ်။ ကောလာဟလ သတင်းများကိုလည်း ချေဖျက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပူပြင်းလှတဲ့ နွေရာသီမှာ ကျောင်းပိတ်ရက် အနားမယူကြဘဲ မြန်မာတစ်နိုင်ငံလုံး အခြေခံ စာတတ်မြောက်ရေး အတွက် ပညာဒါန ပေးလှူနေကြတဲ့ တက္ကသိုလ် အသီးသီးက လုပ်အားပေး ဆရာ ဆရာမများနဲ့ လုပ်အားပေး ကျောင်းသား ကျောင်းသူများကို အထူးပင် ချီးကျုး ဂုဏ်ပြု အပ်ပါကြောင်း ပြောကြားလိုပါတယ်။

၂၀၁၄ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းဟာလည်း ပြည်သူလူထုရဲ့ ပူးပေါင်း ပါဝင်မှုကြောင့် အခက်အခဲ အနည်းဆုံးနဲ့ အောင်မြင်စွာ ကောက်ယူခဲ့ပြီး ဖြစ်ပါတယ်။ စာရင်းများပြုစုခြင်း၊ ထုတ်ပြန် ကြေညာခြင်း စတာတွေကို စီမံချက်ပါအတိုင်း ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းဟာ ကျွန်တော်တို့နိုင်ငံအနေနဲ့ ကြိုးပမ်း တည်ဆောက်နေတဲ့ "ပွင့်လင်း လွတ်လပ်သည့် လူ့အဖွဲ့အစည်း တစ်ရပ် တည်ဆောက်ရန်" ဆိုတဲ့ အမျိုးသားရေး ဖြစ်စဉ်အတွက် အခြေခံကျတဲ့ လုပ်ငန်းစဉ် တစ်ရပ်ပဲ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းမှ ရရှိလာတဲ့ ကိန်းဂဏိန်း အားလုံးကို အပြုသဘော ဆောင်တဲ့ အသုံးပြုမှုမျိုးမှာသာ ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များ အနေနဲ့ ဧပြီလ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် တိုင်းရင်းသား အဖွဲ့အစည်းများဆိုင်ရာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့တို့ အကျေအလည် ဆွေးနွေး ညှိနှိုင်းပြီး အားလုံး သဘောတူညီသည့် တစ်ခုတည်းသော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် မူကြမ်းတစ်စောင် ရရှိရေးကို ဆောင်ရွက်ခဲ့ပါတယ်။ ယခင် ဆွေးနွေးပွဲများက အတည်ပြုခဲ့တဲ့ ခေါင်းစဉ်များကို အသေးစိတ် အချိန်ယူ ဆွေးနွေးခဲ့ကြပြီး တစ်ခုတည်းသော သဘောတူညီချက် ပထမ မူကြမ်းကို ပြုစုနိုင်သည့် တိုးတက်မှုများ ရရှိခဲ့ပါတယ်။ ဤအဆင့်သို့ တက်လှမ်းနိုင်ခြင်းသည် နှစ်ဖက် ကိုယ်စားလှယ်များ ဆွေးနွေး ညှိနှိုင်းခြင်းနှင့် အသေးစိတ် လုပ်ငန်းများမှ ပေါ်ထွက်လာသည့် ရလဒ်ကောင်း တစ်ခုဖြစ်ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်၏ အဆင့် တစ်ဆင့် တက်ခြင်းဟု ရှုမြင်ကြရမှာ ဖြစ်ပါတယ်။ ဒီရလဒ်များကို အခြေခံပြီး များမကြာမီ ကာလမှာ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး စာချုပ်ကို ချုပ်ဆိုရမှာဖြစ်ပြီး တိုင်းရင်းသားများကို ကျွန်တော် ကတိပြု ပြောကြားထားသည့် အတိုင်း လက်နက်ကိုင် ပဋိပက္ခများကို နိုင်ငံရေး နည်းလမ်းဖြင့် ဆွေးနွေး အဖြေရှာနိုင်တော့မှာ ဖြစ်ပါတယ်။ လိုအပ်မယ့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပ ပြုလုပ်နိုင်ဖို့ လိုအပ်တဲ့ ပြင်ဆင်မှုများကိုလည်း ဆောင်ရွက်လျက် ရှိကြောင်း ပြောကြား လိုပါတယ်။ ငြိမ်းချမ်းရေး ကိစ္စဟာ အလွန် ခက်ခဲနက်ရှိုင်းပြီး နှစ်ပရိစ္ဆေဒ အလွန် ရှည်ကြာခဲ့ပြီဖြစ်တဲ့ ပြဿနာကို ကိုင်တွယ် ဖြေရှင်း ဆောင်ရွက် နေရတာဖြစ်တဲ့ အတွက် အခက်အခဲ အမျိုးမျိုးနဲ့  ရင်ဆိုင် ကြုံတွေ့ရပါတယ်။ သို့သော်လည်း ပြည်သူများ ဆန္ဒပြင်းပြနေတဲ့ ငြိမ်းချမ်းရေး ရရှိရေးကို ကျွန်တော့်အနေဖြင့် ကြိုးပမ်း ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ လူ့အဖွဲ့အစည်း အတွက် ကြိုးပမ်း ဆောင်ရွက်နေတဲ့ ပြုပြင် ပြောင်းလဲရေးများ အောင်မြင်ဖို့အတွက် ပြည်သူတစ်ရပ်လုံး အနေနဲ့ တရားဥပဒေကို လေးစား လိုက်နာပြီး အစိုးရနဲ့အတူ လက်တွဲ ဆောင်ရွက် သွားကြဖို့ လိုအပ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်များဟာ နိုင်ငံကြီးသားတိုင်း အတွက် လက်ခံလို့ မရနိုင်တဲ့ မဖြစ်သင့် မဖြစ်ထိုက်တဲ့ လုပ်ဆောင်မှုတွေ ဖြစ်ပြီး လူတချို့အနေနဲ့ ဥပဒေ ချိုးဖောက်မှုများ ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။ ဒီလို အပြုအမူတွေကို ကျွန်တော်တို့ အနေနဲ့ လက်သင့်မခံဘဲ ဥပဒေနဲ့အညီ အရေးယူမှုများ ပြုလုပ်နေပါတယ်။ အခုလို ဖြစ်ပွားနိုင်ချေရှိတဲ့ ပြဿနာတွေကို ကြိုတင် ကာကွယ် သွားနိုင်ဖို့အတွက် ကျွန်တော်တို့ အနေနဲ့ အရေးပေါ် ပေါင်းစပ် ညှိနှိုင်းရေး စင်တာတစ်ခုကို အစိုးရ အဖွဲ့ဝင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ပြည်သူများနှင့် တိုင်ပင်ပြီး ပိုမို၍ အလေးထား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြည်သူတစ်ရပ်လုံးနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ အနေနဲ့လည်း အရေးပေါ် ပေါင်းစပ် ညှိနှိုင်းရေး စင်တာနဲ့ ပူးပေါင်း ဆောင်ရွက် သွားကြရန် တိုက်တွန်း လိုပါတယ်။

ကျွန်တော့်အနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ရအောင် ပြည်သူများရဲ့ စီးပွားရေး ပြန်လည် ဖွံ့ဖြိုးတိုးတက်လာအောင် ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် လူငယ်တွေ အတွက် ပိုမို ကောင်းမွန်တဲ့ အနာဂတ်တွေ ဖန်တီးပေးနိုင်ဖို့ တစိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက်လျက် ရှိတဲ့အကြောင်း ပြောကြားရင်း နိဂုံးချုပ် အပ်ပါသည်။
မိဘပြည်သူများ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။

.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်