From : ခေတ်လူငယ်
ကမ္ဘာပေါ်ရှိ နေထိုင်စားသောက် ကုန်ကျစရိတ် အမြင့်ဆုံးမြို့ကြီးများ စာရင်းတွင် ရန်ကုန်မြို့မှာ အဆင့် ၃၅ အထိ ခုန်တက်လာခဲ့ကြောင်း ဈေးကွက်သုတေသနဆိုင်ရာ ၀က်ဘ်ဆိုက်တစ်ခုဖြစ်သော Mercer တွင် ဖော်ပြထားသည်။ ၂၀၁၀ ပြည့်နှစ်က မြန်မာနိုင်ငံ၏ လူဦးရေ အထူထပ်ဆုံးနှင့် စီးပွားရေးမြို့တော် ဖြစ်သည့် ရန်ကုန်မြို့တွင် နေထိုင်စားသောက် ကုန်ကျစရိတ်မှာ ကမ္ဘာ့မြို့ကြီးများ စာရင်းတွင် အဆင့် ၁၅၉ အထိသာ ရှိခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင်မူ အဆင့် ၇၀ သို့ ခုန်တက်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင်မူ အဆင့် ၃၅ သို့ ဆက်တိုက် ခုန်တက်ခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့နာမည်ကျော် မြို့ကြီးများဖြစ်သည့် မီလန်၊ ရိုးမား၊ ဗီယင်နာ၊ မက်ဒရစ်၊ ဘာစီလိုနာ၊ မြူးနစ်၊ ဘာလင်၊ ဒူဘိုင်းကဲ့သို့သော မြို့ကြီးများကို နှစ်နှစ်အတွင်း ဆက်တိုက်ဖြတ်ကျော် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ယခုစာရင်းမှာ ၂၀၁၂ မတ်လအထိ သုတေသနပြု ကောက်ယူထားသည့် စာရင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ တွက်ချက်ရာတွင် နိုင်ငံတစ်နိုင်ငံ၏ အဓိကမြို့တစ်မြို့တွင် သယ်ယူပို့ဆောင်ရေး၊ အိမ်ငှားနှုန်း၊ အိမ်ခြံမြေ ဈေးနှုန်း၊ အစားအသောက်ဈေး၊ အ၀တ်အထည်၊ လူသုံးကုန်ပစ္စည်း ဈေးနှုန်း၊ အပန်းဖြေ ကုန်ကျစရိတ်များ အပါအ၀င် အချက်ပေါင်း ၂၀၀ အား ထည့်သွင်း တွက်ချက်ခြင်းဖြစ်ကြောင်း၊ နယူးယောက်မြို့ ကုန်ကျစရိတ်ကို အခြေခံပြီး အခြားနိုင်ငံစုံမှ မြို့ကြီး ၂၁၄ မြို့အတွက် တွက်ချက်ထားချက်များအရ ထွက်ပေါ်လာသည့် စာရင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ကမ္ဘာ့ကုန်ကျစရိတ် အမြင့်ဆုံးမြို့မှာ ဂျပန်နိုင်ငံ တိုကျိုမြို့ ဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံမှာလည်း ကမ္ဘာ့ကုန်ကျစရိတ် အမြင့်ဆုံးမြို့ကြီးများ စာရင်းတွင် ၂၀၁၁ ခုနှစ်တွင် အဆင့် ၈ မှ ၂၀၁၂ ခုနှစ်တွင် အဆင့် ၆ သို့ ခုန်တက်ခဲ့ကြောင်း သိရသည်။ ရန်ကုန်မြို့အနေဖြင့် ယခုအခါတွင် လန်ဒန်မြို့နှင့် အဆင့် ၁၀ ဆင့်သာ ကွာခြားပြီး နယူးယောက်မြို့နှင့် အဆင့်နှစ်ဆင့်သာ ကွာခြားသည်အထိ မြင့်တက်ခဲ့ကြောင်း အဆိုပါစာရင်းတွင် ဖော်ပြထားသည်။ ထူးခြားချက်အနေဖြင့် နှစ်နှစ်အတွင်း မြန်မာနိုင်ငံ ရန်ကုန်မြို့၏ ကုန်ကျစရိတ်မှာ ထိုင်း၊ မလေးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးနား၊ တရုတ် စသည့်ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံများ၏ မြို့ကြီးများကို ကျော်တက်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ကုန်ကျစရိတ် အမြင့်ဆုံးမြို့ကြီး ၅၀ စာရင်းတွင် အာရှမှ ဆိုပါက မြန်မာနိုင်ငံ အပါအ၀င် ၆ နိုင်ငံသာ ပါရှိပြီး အဆိုပါ ၆ နိုင်ငံမှ မြို့ကြီး ၁၁ မြို့သာ ပါဝင်ပြီး တရုတ်နှင့် စင်ကာပူမှလွဲ၍ မြန်မာနိုင်ငံနှင့် အိမ်နီးချင်း၊ ဒေသတွင်းဟူသည့် နိုင်ငံမှမြို့ကြီးများ ပါဝင်ခြင်း မရှိကြောင်း တွေ့ရှိရသည်။ ဘန်ကောက်၊ မနီလာ၊ ကွာလာလမ်ပူ၊ မွမ်ဘိုင်း၊ နယူးဒေလီ၊ ဟန်နွိုင်း၊ ဒါကာမြို့ကြီးများသည်ပင် ရန်ကုန်မြို့ Cost of Living ကဲ့သို့ မြင့်မားသည့် အဆင့်တွင် ရှိမနေကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express

1 comments:
Development and improvement are going up is very good, but Cost of Living is going up is very very bad.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်