Subscribe to our RSS Feed

ABSDF လူသတ် တရားခံ ဒေါက်တာနိုင်အောင် နှင့် မြစ်မခ တွေ့ဆုံမှု


From : မြစ်မခ

အလုံးစုံပါဝင်သော တွေ့ဆုံဆွေးနွေးရေးအဆင်ပြေရန် ကြိုးစားမည်ဖြစ်ကြောင်း ဒေါက်တာနိုင်အောင် ပြော

မေသင်္ကြန်ဟိန်(မြစ်မခ)

သြဂုတ်လ ၃၁ ရက်နေ့တွင် မြန်မာပြည်သို့ ရောက်ရှိနေသာ ဒေါက်တာနိုင်အောင်အနေဖြင့် အမျိုးသားပြန်လည် သင့်မြ တ်ရေး အတွက် ပြည်တွင်းပြည်ပရောက် ဒီမိုကရေစီအင်အားစုများအားလုံး၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ဝင်များအားလုံး၊ပြည်တွင်းမှ တိုင်းရင်းသားအဖွဲ့များအားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြစ်မခ မီဒီယာသို့ ပြောသည်။

`အစိုးရကလည်း ပြောထားတာက သူတို့လွှတ်တော်ရှေ့အစည်းဝေးက နေပြည်တော်မှာ လုပ်ဖို့လည်းရှိတယ်၊ အစိုးရပိုင်းကလည်း ဒါမျိုးစဉ်းစားထားပြီးသားရှိတယ်ပေါ့၊ နေပြည်တော်မှာ ၇ ရက် ၁၀ ရက်နဲ့တော့ ကိစ္စပေါင်းစုံကို တခါတည်းရှင်းလို့ရမှာ မဟုတ်ဘူး၊ဒါပေမဲ့လည်း ကဏ္ဍအလိုက်ဆွေးနွေးထားသင့်တယ်လို့ တင်ပြထားပါတယ်`ဟု ဒေါက်တာနိုင်အောင်က ပြောသည်။

ပြည်ပမှ မြန်မာ့ဒီမိုကရေစီရေးအတွက်ဆောင်ရွက်နေကြသော ဒေါက်တာသောင်းထွန်း၊ ဦးညိုအုန်းမြင့်၊ ဦးမိုးသီးဇွန်တို့အဖွဲ့နှင့် လူ့ဘောင်သစ်မှ ဦးအောင်မိုးဇော်တို့အဖွဲ့ပါ ရောက်ရှိနေကြပြီး၊ ဒီမိုကရေစီအင်အားစုများအားလုံး၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ဝင်များအားလုံး အလုံးစုံပါဝင်သော တွေ့ဆုံဆွေးနွေးရေးအတွက် ဆောင်ရွက်လျှင်အောင်မြင်နိုင်လိမ့်မည်ဟု မျှော်လင့်မိကြောင်း သူက ပြောသည်။

" ကြီးကြီးကျယ်ကျယ်ပြောရရင်တော့ မြန်မာ့ဒီမိုကရေစီရေးအတွက် ဟိုစဉ်ကတည်းက ကျနော်တို့ တောက်လျှောက်တောင်းဆို ခဲ့ကြတာက တွေ့ဆုံဆွေးနွေးရေးနဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးပါ၊ ပြည်တွင်းပြည်ပ အင်အားစုတွေအားလုံးပါဝင်တဲ့ တိုင်းရင်းသားတွေအားလုံးပါဝင်တဲ့ လက်နက်ကိုင်တိုင်းရင်းသားတွေလည်း ပါဝင်တဲ့တွေ့ဆုံဆွေးနွေးရေး ကိစ္စကိုပါ။ ၂၀၁၅ မတိုင်မီမှာ တွေ့ဆုံဆွေးနွေးပွဲ တခုဖြစ်သင့်တယ်လို့ ယူဆတဲ့အတွက်ပါ" ဟု ဒေါက်တာနိုင်အောင်က ပြောသည်။

ဒေါက်တာနိုင်အောင်အနေဖြင့် ယခု မြန်မာပြည်ခရီးမှာ တသီးပုဂ္ဂလအနေဖြင့်လာရောက်ခြင်းသာဖြစ်ပြီး လက်ရှိတာဝန်ထမ်းဆောင် လျက်ရှိသော မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု Forum for Democracy in Burma ( FDB )အနေဖြင့် လာရောက်ခြင်း မဟုတ်ကြောင်း ပြောသည်။

မြန်မာပြည်ရောက်ရှိပြီးနောက် ၀န်ကြီးဦးအောင်မင်းနှင့်လည်း နှစ်ကြိမ်တိုင်တွေ့ဆုံဆွေးနွေးခဲ့ပြီး သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံရန် အစီစဉ်ရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခွင့်ရရှိရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောသည်။

မြန်မာနိုင်ငံတွင် ၁၉၈၈ခုနှစ်အရေးတော်ပုံပေါ်ပေါက်ပြီးနောက်တပ်မတော်အစိုးရမှ အာဏာသိမ်းယူခဲ့ပြီး ပြည်တွင်းမှ ဒီမိုကရေစီလိုလားသူများက မြန်မာ့ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ရန် နယ်စပ်ဒေသများသို့ထွက်ခွာခဲ့ကြကြောင်း၊ ယခုလို အသွင်ကူးပြောင်းရေးကာလ မြန်မာ့ဒီမိုကရေစီရေးနှင့်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမ္မတဦးသိန်းစိန်မှ ပြည်ပရောက် မြန်မာနိုင်ငံသားများအား ပြန်လည်ဖိတ်ခေါ်ရာတွင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်မိကြောင်း ဒေါက်တာနိုင်အောင်က မြစ်မခ မီဒီယာသို့ ပြောဆိုခဲ့သည်။

ABSDF ပါဂျောင်ကိစ္စ တရားရင်ဆိုင်သင့်သည့်အချိန်အား ဒေါက်တာနိုင်အောင်အကြံပြု

ထွန်းနေအောင် ( မြစ်မခ )

ကချင်ပြည်နယ် ABSDF မြောက်ပိုင်း ပါဂျောင်လူသတ်မှုကိစ္စအား တရားစီရင်မည်ဆိုပါက တရားဥပဒေစိုးမိုးမှုရှိသည့် အချိန်ရောက်မှ သာလျှင် အမှုမှန်ပေါ်ပေါက်နိုင်မည်ဖြစ်သည့်အတွက် ထိုချိန်မှာသာ တရားရင်ဆိုင်လျှင် ပိုမိုကောင်းမွန်မည်ဟု ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာ နိုင်အောင်က အကြံပြုပြောကြားခဲ့သည်။

''ဒီမြောက်ပိုင်း ကိစ္စနဲ့ပတ်သက်လို့ တရားဥပဒေစိုးမိုးမှုအချိန်ရောက်မှသာ အဖြစ်မှန်ကို စုံစမ်း ဖော်ထုတ်ဖို့ လွတ်လပ်တဲ့ကော်မတီ တစ်ခုဖွဲ့စည်းပြီး အဖြစ်မှန်ကို ဖော်ထုတ်သင့်တယ်။ ABSDF အဖွဲ့ကိုလည်း ကျွန်တော်မလာခင် အကြံပြုပြောဆိုခဲ့တာတွေရှိပါတယ်။ ABSDF အဖွဲ့ကစစ်မယ်ဆိုတာထက် ကြားခံကစစ်ရင် ပိုကောင်းမယ်''ဟု ဒေါက်တာနိုင်အောင်က ပြောသည်။

၎င်းကဆက်ပြီး ''မြန်မာနိုင်ငံဟာ တရားဥပဒေစိုးမိုးမှုရှိဖို့အတွက်ဆိုရင် လက်ရှိတရားရုံး တွေရဲ့အနေအထားတွေက သိပ်အားရစရာ မရှိသေးပါဘူး။ ကျွန်တော်ကုန်ကုန်ပြောရရင် ကိုဖြိုးဝေအောင်ရဲ့ အမှုကိုပဲကြည့် မဟုတ်ပါဘူးလို့ သက်သေထောက်အ ထားတွေနဲ့ ငြင်းနေပါရက်နဲ့ အမှုမှန်ပေါ်အောင် မထုတ်ပေးပဲသူ့ကို ထောင်ကျခံလိုက်ရတယ်။''ဟု ၄င်းက ဆက်ပြောသည်။

အဆိုပါ ပါဂျောင်လူသတ်မှုဖြစ်စဉ်အား ပြန်လည်လွတ်မြောက်လာသည့် ABSDF ဟောင်းများက အသတ်ခံရသည့် မိသားစုဝင်များကို တရားစွဲဆိုလျှင် သက်သေနှင့်တကွ လိုက်ပါ ဆောင်ရွက် ပေးမည်ဖြစ်ကြောင်းကိုလည်း အတိအလင်း ကြေငြာသည်။

''ဒီဖြစ်စဉ်မှာ သေသွားတဲ့ ကျောင်းသားမိဘတွေဟာ တရားစွဲချင်တယ်ဆိုရင် ကျွန်တော်တို့မှာ ရှိတဲ့ သက်သေတွေနဲ့ အမှုမှန်ပေါ်အောင် ဆောင်ရွက်ပေးပါမယ်။ တရားစွဲချင်တဲ့ သူများရှိရင် လည်း ကျွန်တော်တို့ကို ဆက်သွယ်လို့ ရပါတယ်။ တတ်နိုင်သမျှ လုပ်ဆောင်ပေးသွားပါ့မယ်။'' ဟု ပြန်လည်လွတ်မြောက်ရာတွင် ပါဝင်ခဲ့သူ ABSDF ဟောင်း ကိုဘိုဘိုက ပြောသည်။

လွန်ခဲ့သော နှစ် (၂ဝ) အတွင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF ) အဖွဲ့မှ သံသယဝင်သူ အယောက် (၁၅) ဦးခန့်အား သတ်လိုက်မှုနဲ့ ပတ်သက်ပြီး ထောက်လှမ်းရေးအဖွဲ့များကလည်း ဝိုင်းဝန်းကူညီဖြေရှင်းပေး သင့်သည်ဟု ဒေါက်တာနိုင်အောင်က ဆိုသည်။

''အရင်က ထောက်လှန်ရေးတွေကိုလည်း သားသမီးချင်းစာနာတဲ့စိတ်နဲ့ ဝင်ကူညီပေးကြပါ။ ဘာလို့လဲဆိုတော့ မဟုတ်ပဲနဲ့ စွပ်စွဲခံရတဲ့ တစ်ဖက်ကလည်း အဖွဲ့အစည်းအနေနဲ့ မှားသွားတဲ့ ဟာမျိုး ရှိမယ်။ ကျွန်တော်တို့ ဗဟိုအနေနဲ့ မဟုတ်သော်ငြားလည်း တောင်းပန်ရမယ့် အနေ အထားပါ။ အဲလိုဟာမျိုးကို ပြောချင်တယ်။ ဒါကို လုပ်ဆောင်ခဲ့တဲ့ ထောက်လှန်းရေးတွေ အနေနဲ့ကလည်း ဝိုင်းကူပြီးတော့ ပူးပေါင်းပါဝင်စေချင်ပါတယ်။''ဟု ၄င်းကဆက်ပြောသည်။

ABSDF ခေါင်းဆောင်ဟောင်းများ၏ (၂၁)ရက်မြောက် မြန်မာခရီးစဉ်အပေါ် အနုပညာရှင်တို့၏ အမြင်နှင့်သုံးသပ်ချက်များ

ကျော်ဇင်မန်း+ငြိမ်းချမ်း(မြစ်မခ)

လက်ရှိအချိန်ကာလမှာ နိုင်ငံတော်သမ္မတဦးသိန်းစိန်အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို တစ်ခုပြီးတစ်ခု ဆက်တိုက်ပြုလုပ်နေချိန်မှာ Black List စာရင်းဝင်တွေထဲက လူပေါင်း(၂ဝ၈၂)ဦးကို ပယ်ဖျက် ပေးခဲ့တာလည်း တစ်ခုအပါအဝင်ဖြစ်ခဲ့ပါတယ်။

Black List စာရင်းတွေ ဖျက်ပေးပြီး မကြာခင်မှာပဲ မြန်မာပြည်နဲ့ နှစ်ပေါင်း (၂ဝ) ကျော်မျှ ဝေးကွာနေခဲ့ တဲ့ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေလို့ ပြောနေကြတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)ကို စတင် တည်ထောင်ခဲ့သူ ကျောင်းသား ခေါင်းဆောင်ကိုထွန်းအောင်ကျော်၊ မိုးသီးဇွန် အပါအဝင် အဖွဲ့ဝင်တစ်ချို့ မြန်မာပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြပါတယ်။

၎င်းတို့ လာရောက်ကြသော မြန်မာနိုင်ငံ(၂၁)ရက် ခရီးစဉ်အပေါ်တွင် အနုပညာနယ်ပယ်မှ ထင်ရှားသော အနုပညာရှင်တစ်ချို့၏ အမြင်ကို မေးမြန်းဖော်ပြထားပါတယ်။

လုပ်ဆောင်ချက်တွေအပေါ်မှာပဲ ဆုံးဖြတ်မယ့်


ကျော်ထူး(ဟာသ သရုပ်ဆောင်)

ကျွန်တော်လည်း နိုင်ငံရေးအကြောင်းတော့ သိပ်နားမလည်ဘူးဗျ။ ကျွန်တော်အမြင်နဲ့ ပြောရမယ်ဆိုရင်တော့ ကိုယ့်နိုင်ငံအကျိုးပြုဖို့ ဝင်လာတယ်ဆိုရင်တော့ ကြိုဆိုပါတယ်။ ဘာလို့လဲဆိုတော့ အကျိုးပြုလုပ်ငန်းတွေလုပ်မယ် ကျွန်တော်တို့နိုင်ငံအတွက် တစ်ထောင့် တစ်နေရာကနေ ပါဝင်ကူညီပေးမယ်ဆိုရင်တော့ ကြိုဆိုရမှာပေါ့။

မြန်မာနိုင်ငံအရေးပိုပြီးတော့ အားကောင်းလာနိုင်လားဆိုတော့ အဲဒါက သူတို့ရဲ့လုပ်ဆောင်ချက် အပေါ်မှာပဲ ကျွန်တော်တို့က ဆုံးဖြတ်လို့ရမှာပါခင်ဗျ။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ မမြင်ရသေးပဲနဲ့ ကောင်းတယ်လို့ မထောက်ခံချင်ပါဘူး။ သူတို့အပေါ်မှာထားတဲ့ယုံကြည်ချက်က စောနကပြောသလိုပါပဲ လုပ်ဆောင်ချက်နဲ့ ပြောတဲ့စကားနဲ့ တကယ့်လက်တွေ့လုပ်တာနဲ့ ကွာဟချက်ရှိလားမရှိလား ကွက်တိဖြစ်လားမဖြစ်လား မသိသေးတဲ့အတွက်ကြောင့် ပြောပြလို့မရဘူး ဖြစ်နေတယ်။


ပြည်သူတွေကိုကြည့်ပါလို့ ပြောတဲ့

မင်းထင်ကိုကိုကြီး (ရုပ်ရှင်ဒါရိုက်တာ)

ဒီကိစ္စတွေက အရမ်းကြီးကို ရှုပ်ထွေးနေသေးတာဆိုတော့ သူတို့ဘာလုပ်နိုင်တယ်တို့ ဘာတို့ သူတို့ပြောနေတာတို့ ဘာတို့တော့ရှိတာပေါ့။ အဲဒီဟာတွေကိုလဲ လုပ်နိုင် မလုပ်နိုင် ပြည်သူအများစု လိုအပ်နေတာတွေကို တကယ် ဂတိပြုလုပ်ပေးနိုင်ဖို့လိုတယ်။

အဲဒီ့အတွက်တော့ အခုချိန်မှာ ကျွန်တော်အနေနဲ့ စောင့်ပဲ စောင့်ကြည့်နေချင်သေးတယ်။ ပြောဖို့က နဲနဲလေးစောနေ သေးတယ်လို့ ထင်တယ်။ သူတို့ရောက်လာကြတာလည်း ရက်ပိုင်းပဲရှိသေးတယ်။ တစ်ပတ်တောင် မပြည့်သေး ဘူးလေ။ အခုဟာက တစ်ကယ့်ကို စောင့်ကြည့်ရမယ့် အချိန်လေ။ မျက်စိထဲမှာမြင်တာတော့ ပြည်သူလူထုနဲ့ တော်တော်ကြီးကို ကင်းကွာနေတော့ ပြည်သူတွေ ဘာလိုအပ်တယ်ဆိုတာကို မသိသလိုပဲလေ။ သူတို့နေမှာက သုံးပတ်လို့ ပြောတယ်လေ။ အဲဒီ့အတွင်းမှာ ဘာတွေဖြစ်မယ် ဆိုတာကို ပြောရတာ အရမ်းခက်သေးတယ်။

မိုးသီးဇွန်ကို စောင့်ကြည့်မယ့်

လူမင်း (ရုပ်ရှင်သရုပ်ဆောင်)

ကျွန်တော်တို့က သူတို့အကြောင်းလည်း ဘာမှမသိခဲ့ဘူး။ အခုလိုချက်ချင်းကြီး ရောက်လာတာ ကျွန်တော်တို့က သွားပြီးကြိုဆိုရမှာလား မသိ။ ကျွန်တော်တို့က သူတို့အကြောင်းကို သိဖို့လိုပါတယ်။ ကိုမင်းကိုနိုင်တို့ကြတော့ ပြည်သူတွေအတွက် တကယ်အနှစ်နာခံပြီး ကျွန်တော်တို့ရှေ့မှာပဲ ထောင်ထဲကို ဝင်လိုက်ထွက် လိုက်နေတဲ့သူတွေလေ။ အခု ကိုမိုးသီးဇွန်တို့ကြတော့ သူတို့ဟိုမှာ ဘာတွေလုပ်ခဲ့တယ် အခုဘာတွေဆက်လုပ်မယ်ဆိုတာကို ကျွန်တော်တို့ပြည်သူတွေက သေချာစောင့်ကြည့်ရမယ်။

သူတို့ ဘယ်သူတွေနဲ့ပေါင်းမှာလဲ သိဖို့လိုတယ်ဆိုတဲ့

ဆရာမောင်ဝံသ (သတင်းစာဆရာ)

သမ္မတကြီးက ပြန်ခေါ်တယ်ဆိုတော့ ကောင်းပါတယ်။ သူတို့ဟိုမှာ ဘာတွေလုပ်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့က စောင့်ကြည့်ရ မယ်။ သူတို့က အစိုးရနဲ့ ပူးပေါင်းမှာလား ပါတီတွေနဲ့ ပူးပေါင်း မှာလားဆိုတာ သိဖို့လိုတယ်။ နိုင်ငံတော်တိုးတက်ဖို့ရာ အတွက်ဆိုရင်တော့ ကောင်းပါတယ်။ ဒီမှာက ကိုမင်းကိုနိုင်တို့ကြတော့ ပြည်သူတွေအတွက် တကယ်အနှစ်နာခံပြီး တကယ်လုပ်တာလေ။ သူတို့ကြတော့ ဟိုမှာဘာတွေ လုပ်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့က စောင့်ကြည့်ရမယ်။

(ဖြေကြားပေးသူများအား ကျေးဇူးတင်ရှိပါသည်)

Myanmar Express

1 comments:

ဆိတ်လစေ့တွေပါ။ဆန်ကုန်မြေလေးတွေ။ငါတို့တိုင်းပြည်ကိုတကယ်ချစ်ရင်နိုင်ငံခြားမှာနေတုန်းကရထားတဲ့ဒေါ်လာတွေကိုNGOအဖွဲတွေကိုလှူလိုက်လေ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်