Subscribe to our RSS Feed

ပြည်တွင်းပဋိပက္ခ ဒေသများအတွက် ကမ္ဘာ့ဘဏ် ဒေါ်လာ ငါးသန်း ခွဲတမ်းပေးမည်

From :   The Voice



မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးပိုင်းကို အဓိကပံ့ပိုးပေးမည့် ကမ္ဘာ့ဘဏ်၏ အကူအညီ ဒေါ်လာ ၈၅ သန်းအနက် ပြည်တွင်းရှိ ပဋိပက္ခဒေသများအတွက် ဒေါ်လာငါးသန်းကို ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများမှတစ်ဆင့် ရပ်ရွာအဖွဲ့အစည်းများသို့ လက်ဆင့်ကမ်းပေးသွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၂၄ ရက်နေ့တွင် ကမ္ဘာ့ဘဏ်က တရားဝင် ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံ၏ ပဋိပက္ခနေရာများတွင် ယခင်ကတည်းက ရှိခဲ့ဖူးသည့် လူမှုစောင့်ရှောက်ရေး စီမံကိန်းများကို ပိုမိုခိုင်မာလာစေရန် ဒေါ်လာငါးသန်းကို ယခုကဲ့သို့ ခွဲဝေစီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ထပ်လောင်းပြောကြားသည်။ ထို့နောက် ကျန်ဒေါ်လာသန်း ၈၀ ကိုလည်း လာမည့်အောက်တိုဘာလတွင် မြန်မာအစိုးရ၏ ရပ်ရွာဖွံ့ဖြိုးရေး စီမံကိန်းများအတွက် တိုက်ရိုက်လွှဲပေးသွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကမ္ဘာ့ဘဏ်အနေဖြင့် နိုင်ငံပေါင်း ၉၀ ကျော်တွင် ရပ်ရွာဆိုင်ရာ ဖွံ့ဖြိုးရေးစီမံကိန်းများ (Community-driven Development) ကို ၂၅ နှစ်နီးပါး အတွေ့အကြုံရရှိခဲ့ပြီး စီမံကိန်းပေါင်း ၇၅၀ ကျော်ကို လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း၊ စီမံကိန်းအားလုံးအတွက် အမေရိကန်ဒေါ်လာ ၂၃ သန်းကျော် ကုန်ကျခဲ့ကြောင်း ကမ္ဘာ့ဘဏ်ထုတ်ပြန်ချက်များအရ သိရသည်။ ကမ္ဘာ့ဘဏ်သည် အရှေ့အာရှနှင့် ပစိဖိတ်ဒေသများရှိ အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတွင် CDD စီမံကိန်းများ လုပ်ဆောင်ခဲ့ပြီး မြန်မာနိုင်ငံတွင်လည်း ယင်းစီမံကိန်းကို ယခုနှစ်မှစတင်ကာ နောက်သုံးနှစ်မှ ငါးနှစ်အတွင်း စီမံကိန်းချမှတ် ဆောင်ရွက်တော့မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က တရားဝင် ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံအပေါ် ကူညီပေးမည့် ကမ္ဘာ့ဘဏ်၏ ဒေါ်လာ ၈၅ သန်း စီမံကိန်းကို ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် စတင်လည်ပတ်တော့မည်ဖြစ်ကြောင်း အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ပယ်မလာကော့စ်က သြဂုတ်လ ၁ ရက်နေ့က ရန်ကုန်မြို့ Chatrium Hotel တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ကြောင်း သိရှိရသည်။
 
Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်