Subscribe to our RSS Feed

လူဦးရေ တစ်သိန်းအထက်ရှိသော အချက်အချာမြို့ကြီး ၃၁ မြို့ကို အဆင့်မြှင့်တင်မည်


From : ခေတ်လူငယ်

လူဦးရေ တစ်သိန်းအထက် နေထိုင်သော နိုင်ငံတစ်ဝန်းရှိ စီးပွားရေးအချက်အချာကျသည့် မြို့ကြီး ၃၁ မြို့ကို အဆင့်မြှင့်တင်ခြင်း လုပ်ငန်းစဉ်များ လုပ်ဆောင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဖြစ်နိုင်ခြေ လေ့လာစစ်တမ်း ကောက်ယူမှုများ လုပ်ဆောင်တော့မည်ဖြစ်ကြောင်း ၁၁.၇.၂၀၁၂ ရက်က သိရသည်။ မြို့ကြီး ၃၁ မြို့တွင် မော်လမြိုင်၊ ပုသိမ်၊ ဟင်္သာတ၊ ထားဝယ်၊ မြိတ်၊ မအူပင်၊ ပဲခူး၊ ပြည်၊ တောင်ကြီး၊ စစ်တွေ၊ ကလေး၊ ရွှေဘို၊ မိုးကုတ်၊ မိတ္ထီလာ၊ မြင်းခြံ၊ မကွေး၊ မုံရွာ၊ ဗန်းမော်၊ မြစ်ကြီးနား၊ လားရှိုးနှင့် ချောက် အစရှိသော မြို့များ ပါဝင်နေကာ ယင်းမြို့များအပါအဝင် စီးပွားရေး အချက်အချာကျနေသော မြို့ကြီးများကို ဦးစားပေး ဆောင်ရွက်ရန် ရှိနေသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတင်းများအရ သိရသည်။ “လူဦးရေ တစ်သိန်းအထက် မြို့တွေကို ပြုပြင်တိုးချဲ့ အဆင့်မြှင့်တင်တာတွေက လုပ်သင့်ပါတယ်။ ဒါပေမယ့် နယ်မြို့တွေမှာ ဆိုရင်တော့ အထပ်မြင့်တိုက်တွေထက် နှစ်ထပ်၊ သုံးထပ်လောက်ပဲ ဆောက်လုပ်ကြရမှာပါ။ ပြီးတော့ မြို့ကွက်ချဲ့တာတွေ လုပ်ချင်လုပ်ကြရလိမ့်မယ်” ဟု Golden Gate International ဆောက်လုပ်ရေးအုပ်စု ဥက္ကဋ္ဌ ဦးဇော်မင်းသိန်းက ပြောကြားသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အဆင့်မြှင့်တင်မှုများတွင် အိမ်ရာများ ဖော်ဆောင်မှု သီးသန့်မဟုတ်ဘဲ မြို့၏သပ်ရပ်ခံ့ညားမှုနှင့် စံပြမြို့များ ဖြစ်စေရန်နှင့် စနစ်ကျနသော မြို့များဖြစ်စေရန် ဦးတည်လုပ်ဆောင်နေသည်ဟု သိရသည်။ “လူဦးရေတိုးမှု အလားအလာနဲ့ မြို့ပြဖွံ့ဖြိုးမှုကို တွက်ဆပြီး အခုကတည်းက ပြင်ဆင်ထားတာ ပိုပြီးကောင်းမှာပါ။ ဥပမာပြောရရင် မြို့တစ်မြို့မှာ လူဦးရေ တစ်သိန်းရှိမယ်။ အဲဒီလူဦးရေက ထပ်ပြီးတိုးပွားဦးမှာ ဖြစ်သလို၊ သူတို့နေဖို့ နေစရာတွေက ထပ်ပြီးလုပ်ရဦးမှာပဲ။ ဒီမှာပဲ ပြည်ပက ဝင်လာမယ့် လုပ်ငန်းစုတွေနဲ့ပေါင်းပြီး မြို့ပြရဲ့ နေရာလိုအပ်ချက်က မြင့်တက်လာဖို့ပဲ ရှိနေတာ။ ဒါကို ကြိုတင်ပြီး ပြင်ဆင်ထားဖို့ လိုပါတယ်” ဟု ၄င်းက သုံးသပ် ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

1 comments:

သိပ်ကောင်းတဲ့ အစီစဉ်တွေမို့ အားပေးပါတယ်.. ကျေးဇူးလဲ တင်ပါတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်