Subscribe to our RSS Feed

အင်တာနက်တွင်ဈေးဝယ်ယူခြင်းစနစ် စတင်သုံးစွဲနိုင်ရန်စီစဉ်


From : ထွန်းထွန်း

ပြည်တွင်းပထမဦးဆုံးအဖြစ် အွန်လိုင်းမှ ဈေးဝယ်ယူခြင်းကို အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်မှ စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း အဆိုပါ ဘဏ်မှ သိရှိရသည်။

အာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ်နှင့် ရတနာပုံတယ်လီပို့ကုမ္ပဏီတို့ ပူးပေါင်းလျက် အင်တာနက်တွင် ဈေးဝယ်ယူခြင်း အကောင်အထည်ဖော်ခြင်းကို စမ်းသပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ “Y Pay လို့ခေါ်တဲ့ စနစ်ဖြစ်ပါတယ်။ ရတနာပုံဝက်ဘ်ပေါ်တယ်ကနေ တစ်ဆင့် ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်သို့ ဆက်သွယ်မေးမြန်းရာ၌ ဖြေကြားခဲ့သည်။ အဆိုပါစနစ်အတွက် တည်ဆောက်ရေးဆွဲမှုများ အကောင်အထည်ဖော်ခဲ့ပြီး စမ်းသပ်သုံးစွဲမှုများကို ပြုလုပ်ခဲ့ကြောင်း၊ ၎င်းနည်းတူ မြန်မာနိုင်ငံဗဟိုဘဏ်သို့ အဆိုပါစနစ်ကို ပြသခဲ့ပြီး ခွင့်ပြုချက် တောင်းခံခဲ့ကြောင်း အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။ ယခုအခါ စမ်းသပ်မှုများ အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှလည်း ခွင့်ပြုချက်ရရှိပြီး ဖြစ်၍ အများပြည်သူ သုံးစွဲနိုင်ရန် မကြာမီ စတင်တော့မည်ဖြစ်ကြောင်း အဆိုပါ Facebook စာမျက်နှာတွင်ဖော်ပြ ထားသည်။

“မိမိတို့နေထိုင်ရာ နေရာကနေ အပြင်ကိုထွက်စရာမလိုဘဲ ပစ္စည်း ၀ယ်ယူနိုင်မှာမို့လို့ ကဏ္ဍအားလုံးအတွက် အဆင်ပြေမှာဖြစ်ပါတယ်။ အွန်လိုင်းကနေ ဈေးဝယ်ယူနိုင်တဲ့ စနစ်တွေ ပေါ်ပေါက်လာတဲ့အတွက် အချိန်ကုန်သက်သာမှု အစရှိတာတွေ အဆင်ပြေမယ်လို့ ထင်ပါတယ်။ Security ပိုင်းကို သေသေချာချာ Control လုပ်နိုင်ဖို့ အဓိက လိုအပ်တယ်လို့ထင်ပါတယ်”ဟု ရန်ကုန် အွန်လိုင်းစတိုးမှ မစုမြတ်နိုးက သုံးသပ်ပြောကြားသည်။ လက်ရှိ အကောင်အထည်ဖော်နေသည့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၏ အင်တာနက်တွင် ဈေးဝယ်ယူခြင်းစနစ်အား ပြည်တွင်းရှိ ပစ္စည်းများ ၀ယ်ယူခြင်းဖြင့် စတင်မည်ဖြစ်ကြောင်း၊ အဆိုပါဘဏ်တွင် ငွေစာရင်းဖွင့်ထားသူများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ပြည်တွင်းရောင်းသူထံမှ ပစ္စည်းဝယ်ယူခြင်းကို ၎င်းလွှင့်တင်ထားသော ၀က်ဘ်ဆိုက်တွင် ရွေးချယ်ပြီး ၎င်းရောင်းချသူမှ ဘဏ်နှင့် ချိတ်ဆက်ထားလျှင် ဘဏ်မှ အွန်လိုင်းပေးချေမှုကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ပြည်ပရောင်းသူထံမှ ပစ္စည်းဝယ်ယူခြင်းကို AGD ဘဏ်အနေဖြင့် လတ်တလောကာလတွင် အွန်လိုင်းငွေပေးချေမှု ပြုလုပ်ပေး၍ မရသေးကြောင်း သိရသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်