From : ခေတ်လူငယ်
ဆန်စပါးအထူးပြုကုမ္ပဏီများအနေဖြင့် စိုက်စရိတ်ချေးငွေ ပြန်မဆပ်နိုငသော တောင်သူများထံမှ လယ်ယာမြေများအား မည်သည့်အခါမှ သိမ်းယူခြင်း မရှိစေရဟု မြန်မာ့ဆန်စပါးလုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်က အတည်ပြုပြောကြားသည်။ ၂၀၁၁ ခုနှစ်အတွင်း ရာသီဥတု မမှန်ခြင်း၊ သီးနှံအထွက်နှုန်း လျော့ကျခြင်းနှင့် သီးနှံပေါ်ချိန်တွင် ဝယ်ဈေးလျော့နည်းခြင်းတို့ကြောင့် တောင်သူများထံမှ ဆန်စပါး အထူးပြုကုမ္ပဏီများအား ပေးဆပ်ရမည့် စိုက်စရိတ်ချေးငွေ အမြောက်အမြား ကျန်ရှိနေသောကြောင့် အဆိုပါ အထူးပြုကုမ္ပဏီများက ကြွေးကျန်တောင်သူများ၏ လယ်ယာမြေများအား တစ်ချိန်ချိန်တွင် သိမ်းယူလိမ့်မည်ဟူသော ခန့်မှန်းချက်များကြောင့် ယခုကဲ့သို့ ကတိပြု ပြောဆိုရခြင်းဖြစ်သည်ဟု ဦးချစ်ခိုင်က ပြောသည်။ “(လယ်ယာမြေတွေကို) မသိမ်းစေရဘူး။ ကျွန်တော်လည်း မသိမ်းဘူး။ တခြားကုမ္ပဏီ (ဆန်စပါးအထူးပြု ကုမ္ပဏီ) တွေလည်း မသိမ်းစေရဘူး။ လိုအပ်လာရင် ကျွန်တော်ဝင်ပြီး ညှိနှိုင်းပေးမယ်။ ဒါဟာ တစ်နိုင်ငံလုံးအတွက် ပြောတာ” ဟု ဦးချစ်ခိုင်က ဇူလိုင်လ ၁၂ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်မှ တောင်သူများအား စိုက်စရိတ်ချေးငွေ ပေးအပ်ပွဲတွင် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် ဆန်စပါးအထူးပြု ကုမ္ပဏီများအား ၂၀၀၈ ခုနှစ်မှစတင်ကာ ထူထောင်ခဲ့ကြပြီး ၂၀၀၉ ခုနှစ် မိုးစပါးစိုက် ကာလမှစ၍ ၂၀၁၁ ခုနှစ် မိုးစပါးစိုက်ကာလအထိ အထူးပြုကုမ္ပဏီ ၃၈ ခုမှ စိုက်စရိတ်ချေးငွေ (သွင်းအားစု ပံ့ပိုးမှု) ကျပ်ငွေ ၉၄ ဒသမ ၂၅၂၄ ဘီလျံ ပံ့ပိုးထားပြီး ဖြစ်သည်ဟု စာရင်းဇယားများအရ သိရကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်