Subscribe to our RSS Feed

မြန်မာနိုင်ငံ၏ စီးပွားရေး အခွင့်အလမ်းများအကြောင်း မိတ်ဆက်ပြောကြားခြင်းကို ထိုင်းနိုင်ငံ၌ ပြုလုပ်မည်


From : ခေတ်လူငယ်

မြန်မာနိုင်ငံသို့ နိုင်ငံခြားသား စီးပွားရေး လုပ်ငန်းရှင်များ ၀င်ရောက်လာပါက ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်သည့် နယ်ပယ်၊ လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများအကြောင်း မိတ်ဆက်ပြောကြားခြင်းကို ထိုင်းနိုင်ငံ၌ သွားရောက် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ တက်ရောက်ဆွေးနွေးမည့် သူများမှာ စီးပွားရေးအရင်းအမြစ်ဌာန ကော်မတီမှ ဥက္ကဋ္ဌ ဦးဇော်နိုင်၊ အထွေထွေ အတွင်းရေးမှူး ဒေါ်ချိုသီရိ၊ စက်မှုဇုန် စီးပွားရေးပညာရှင် ဦးကောင်းငြိမ်းစိုးနှင့် ရင်နှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေအတိုင်ပင်ခံ ဒေါ်ချိုချိုမြင့်တို့ ဖြစ်သည်။ “မြန်မာနိုင်ငံအကြောင်း ပိုမိုသိစေလိုတဲ့အတွက် မိတ်ဆက်ပြောကြားခြင်းကို ထိုင်းနိုင်ငံမှာ သွားရောက်ပြုလုပ်ဖို့ စီစဉ်ရခြင်း ဖြစ်ပါတယ်။ ပြောမယ်ဆို ကိုယ့်နိုင်ငံကိုယ် ကြော်ငြာတာပေါ့။ ပြည်တွင်းမှာ လာပြီး ရင်းနှီးမြှုပ်နှံချင်တဲ့ နိုင်ငံခြားသားတွေ အနေနဲ့ မြန်မာနိုင်ငံမှာ ဘယ်လိုစီးပွားရေး အခွင့်အလမ်းတွေ ရှိတယ်ဆိုတဲ့အကြောင်း သိစေချင်တဲ့အတွက် ဒီအကြောင်းအရာကို အဓိက မိတ်ဆက်ပြောကြားသွားမှာ ဖြစ်ပါတယ်” ဟု ဦးဇော်နိုင်က သွားရောက် ပြုလုပ်မည့် ဆွေးနွေးပွဲနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ Asia Knowledge Institute (AKI) ၌ ဇူလိုင် ၂၃ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နိုင်ကြောင်းနှင့် မြန်မာနိုင်ငံမှ တက်ရောက်လိုသူများ အနေဖြင့်လည်း MBE သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း၊ ဆွေးနွေးပွဲနှင့် ပတ်သက်၍ www.akiedu.org သို့ ၀င်ရောက်ကြည့်ရှုနိုင်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၂၀ ရက်နေ့ထုတ် မြ၀တီ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်