Subscribe to our RSS Feed

ပြည်တွင်းဘဏ်များကို ပြည်ပဘဏ်များနှင့် ဖက်စပ်လုပ်ကိုင်ခွင့် ပေးမည်


From : မြန်မာတိုင်းမ်


နိုင်ငံခြားဘဏ်များက ပြည်တွင်းဘဏ်များနှင့် ဖက်စပ်ပြီး ဘဏ်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ခွင့်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ခွင့်ပြုပေးရန်အတွက် စည်းမျဉ်းစည်းကမ်းများ ပြင်ဆင်လျက်ရှိကြောင်း ဗဟိုဘဏ် တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းအတွက် အချက်အလက် အတိအကျ မထုတ်ပြန်နိုင်သေးကြောင်းနှင့် နောက်ပိုင်းတစ်ဆင့်ပြီး တစ်ဆင့် တိုးမြှင့်သွားရန်ရှိကြောင်း ၄င်းကပြောသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဖွင့်လှစ်ထားသော မြန်မာနိုင်ငံသားများဘဏ်က ဇွန်လကုန်ပိုင်းက ကျင်းပခဲ့သော ဘဏ်နှစ်ပတ်လည်ပွဲတွင်လည်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က နိုင်ငံခြားဘဏ်ခွဲများ မကြာမီ လာရောက်ဖွင့်လှစ်ခွင့်ပေးမည် ဖြစ်ကြောင်း ပြောသည်။ ထိုကဲ့သို့ ဖက်စပ်ဘဏ် ဖွင့်လှစ်ခွင့်ရပါက ဘဏ်အသစ်တစ်ခု ဖွင့်လှစ်ခြင်းအပြင် အခြားစီးပွားရေး လုပ်ငန်းတစ်ခုပါ လုပ်ကိုင်ထူထောင်ခွင့် ရနိုင်ကြောင်း ၄င်းကပြောသည်။ ပြည်တွင်းဘဏ်နှင့် အခြားဘဏ်များ ဖက်စပ်လုပ်ကိုင်ခွင့်ရလာလျှင် ပြည်တွင်း၏ သယံဇာတနှင့် ပြည်ပ၏ နည်းပညာ ပူးပေါင်းလုပ်ဆောင်နိုင်ပြီး ဘဏ်လောက အပြိုင်အဆိုင် ပိုဖြစ်လာနိုင်ကြောင်း ဧရာဝတီဘဏ်၏ ဈေးကွက်ဆိုင်ရာဌာနမှ အထွေထွေမန်နေဂျာ ဦးနေမျိုးထွန်းက ပြောသည်။ “ပူးပေါင်းလုပ်ဆောင်ရင် သူတို့ဆီက နည်းပညာပိုင်းတွေကို လေ့လာခွင့်ရမှာ ဖြစ်သလို နိုင်ငံသားတွေအတွက်လည်း အလုပ်အခွင့်အလမ်း ပိုရလာမှာပေါ့။ သုံးစွဲသူအနေနဲ့လည်း ဘဏ်ရဲ့ဝန်ဆောင်မှုပိုင်းတွေ ပိုကောင်းလာမှာပါ။ ဒါပေမယ့် ဆိုးကျိုးအနေနဲ့ ပုဂ္ဂလိကဘဏ်တွေရဲ့ ရပ်တည်မှု မခိုင်မာခဲ့ရင် ဘဏ်စနစ်လည်း ပြိုသွားနိုင်တယ်။ နိုင်ငံခြားဘဏ်တွေရဲ့ ဝါးမျိုမှုကို ခံရနိုင်တယ်” ဟု ၄င်းက ပြောသည်။ လက်ရှိ အခြေအနေအရ ပြည်တွင်းဘဏ်များ၏ ဘဏ်ခွဲဖွင့်လှစ်မှုမှာ စားသုံးသူ လိုအပ်သလောက် ကျယ်ကျယ်ပြန့်ပြန့် မဖွင့်လှစ်နိုင်သေးကြောင်းနှင့် ရေရှည်ကို ပြင်ဆင်ထားရမည်ဖြစ်ကြောင်း ၄င်းကပြောကြားခဲ့သည်။

Myanmar Express


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်