Subscribe to our RSS Feed

ဝန်ကြီးနှစ်ပါး နိုင်ငံရေးပါတီ ၁၄ ပါတီနှင့် တွေ့ဆုံ


From : The Voice

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရ၏ ပြည်ထောင်စုအဆင့် ဝန်ကြီးနှစ်ပါး ဖြစ်သော စက်မှု (၁) ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့သည် ဦးခွန်ထွန်းဦး၊ ဦးအေးသာအောင် အပါအဝင် နိုင်ငံရေးပါတီ ၁၄ ပါတီနှင့် ယနေ့တွင် တွေ့ဆုံခဲ့ကြောင်း အဆိုပါပွဲကို တက်ရောက်ခဲ့သူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ယင်းကဲ့သို့ တွေ့ဆုံခြင်းကို ရန်ကုန်မြို့တော် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းနှင့် ကျိုက်ဝိုင်းဘုရား လမ်းထောင့် မီးပွိုင့်အနီးရှိ Myanmar Egress လူ့အရင်းအမြစ် ဖွံ့ဖြိုးရေး သင်တန်းခန်းမတွင် ယနေ့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချူပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်၊ ခေတ်သစ် ပြည်သူ့ပါတီ၊ မြန်မာအမျိုးသားကွန်ယက်၊ မြန်မာလူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ အမျိုးသား ဒီမိုကရေစီ ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ဇိုးမီး အမျိုးသားဒီမိုကရေစီ ကွန်ယက်၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီတို့မှ ခေါင်းဆောင်များ တက်ရောက်ဆွေးနွေး ခဲ့ကြသည်။

ယင်းဆွေးနွေးပွဲတွင် လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်ချက်များနှင့် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး ပွင့်လင်းလွတ်လပ်စွာ ဆွေးနွေးခဲ့ကြကြောင်း၊ ယခင်က နိုင်ငံရေးပါတီ အချင်းချင်းပင် တွေ့ဆုံ ဆွေးနွေးရန် မလွယ်ကူကြောင်း အစည်းအဝေး တက်ရောက်သူများက တညီတညွတ်တည်း ပြောကြားသည်။

ယခုဝန်ကြီးနှစ်ပါးနှင့် တွေ့ဆုံပြီးလျှင် နေပြည်တော်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ထပ်မံ တွေ့ဆုံသွားမည်ဟု ယခုပွဲဖြစ်မြောက်ရေး ကူညီဆောင်ရွက်ပေးသူ တစ်ဦးက ပြောကြားသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒီမိုကရေစီ မိတ်ဆွေများ ပါတီ ၁၀ ပါတီတို့ တွေ့ဆုံပြီး လေးရက်အကြာ အစိုးရအဖွဲ့ဝင် ဝန်ကြီးနှစ်ပါးနှင့် တိုင်းရင်းသားပါတီများ၊ မှတ်ပုံတင် လျှောက်ထားဆဲ နိုင်ငံရေးပါတီများနှင့် ယခုကဲ့သို့ တွေ့ဆုံခြင်းလည်း ဖြစ်သည်။

”သမ္မတ အနေနဲ့ Stakeholder အားလုံးနဲ့ တွေ့သွားမှာပါ” ဟု ယခုတွေ့ဆုံပွဲ ဖြစ်မြောက်ရေး စီစဉ်သူတစ်ဦးက ပြောကြားသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်