From : ခေတ်လူငယ်
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင် နှစ်ဦးတို့သည် ဇွန်လ ၂၇ ရက်နေ့မှ ဇူလိုင်လ ၁ ရက်နေ့အထိ ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များသို့ သွားရောက်ပြီး တာဝန်ရှိသူများ၊ ဘာသာရေး ခေါင်းဆောင်များ၊ ဒုက္ခသည်များနှင့် တွေ့ဆုံဆွေးနွေး၍ လေ့လာသုံးသပ် ခဲ့ကြသည်။ ရခိုင်ပြည်နယ်အတွင်း မေလ ၂၈ ရက်နှင့် ဇွန်လ ၃ ရက်ဖြစ်စဉ်များသည် မမျှော်လင့်သော မထင်မှတ်သောဖြစ်စဉ်၊ ဖြစ်ရပ်များ ဖြစ်ပွားခဲ့ကြောင်း တွေ့ရှိရသည်။ ဇွန်လ ၈ ရက်နေ့တွင် မောင်တောမြို့ပေါ်နှင့် ကျေးရွာအချို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများမှ စတင်၍ စစ်တွေမြို့နှင့် အခြားမြို့နယ်များတွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်မှာ ကြားသိရသော ပြည်သူအပေါင်း စိတ်ထိခိုက် ခဲ့ကြရသည်။ ပြည်သူလူထု၊ နိုင်ငံတော်အစိုးရနှင့် နိုင်ငံတကာ အသိုက်အဝန်းမှ စိုးရိမ်ပူပန်သည့်နည်းတူ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့်လည်း အဆိုပါ လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် စိုးရိမ်ပူပန်မှု ဖြစ်ပေါ်ခဲ့ရသည်။ ထိခိုက်ဆုံးရှုံးမှုများမှာလည်း ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ လွန်စွာကြီးမားကြောင်း တွေ့မြင် သိရှိခဲ့ရသည်။ နိုင်ငံတော်အစိုးရနှင့် ရခိုင်ပြည်နယ် အစိုးရအနေဖြင့် ဒုက္ခသည်များ ကယ်ဆယ်စောင့်ရှောက်ရေး စခန်းများကို မောင်တောမြို့ပေါ်နှင့် မြို့နယ်အတွင်း (၁၁)ခု၊ စစ်တွေမြို့ပေါ်နှင့် မြို့နယ်တွင် (၅၇) ခု၊ ရသေ့တောင်မြို့ပေါ်တွင် လေးခု စုစုပေါင်း (၇၂) ခု ထားရှိ ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါစခန်း (၇၂) ခုအနက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၅၆ ကျောင်း၌ စခန်းဖွင့်လှစ်ထားကြောင်း သိရှိရသည်။ ဘူးသီးတောင်မြို့နှင့် ပုဏ္ဏားကျွန်းမြို့များရှိ ကယ်ဆယ်ရေး စခန်းမှ ရခိုင်တိုင်းရင်းသားအားလုံး သက်ဆိုင်ရာ နယ်မြေနှင့် ကျေးရွာသို့ လုံခြုံစိတ်ချစွာ ပြန်လည်ပို့ဆောင်ပေးပြီး ဖြစ်ကြောင်း သိရှိရသည်။ အထက်ပါ ကယ်ဆယ် စောင့်ရှောက်ရေး စခန်းများရှိ ဒုက္ခသည်များအား နိုင်ငံတော်အစိုးရ၊ ပြည်နယ်အစိုးရ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ အနုပညာရှင်များ၊ စေတနာရှင်ပြည်သူများ၏ ကူညီထောက်ပံ့မှု လှူဒါန်းမှုများဖြင့် စားရေး၊ ဝတ်ရေး၊ နေရေး၊ ကျန်းမာရေး၊ အခြေခံလိုအပ်ချက်များကို ရနိုင်သမျှ ရရှိသမျှ ငွေကြေးရိက္ခာ ပစ္စည်းများပေါ်မူတည်၍ ပံ့ပိုးကူညီ ဆောင်ရွက်ပေးနေသည်ကို တွေ့ရှိရသည်။ နယ်မြေနှင့် စခန်းများ၏ လုံခြုံရေးအား တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် နယ်စပ်ဒေသလူဝင်မှု စစ်ဆေးရေးနှင့် ကွပ်ကဲမှုဌာနချုပ် (နစက)တို့မှ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရသည်။ ကော်မရှင်အဖွဲ့ ရောက်ရှိခဲ့သော မြို့နယ်များတွင်တည်ငြိမ်မှု၊ လုံခြုံမှု တိုးတက်ရရှိနေသည့် အခြေအနေကို တွေ့မြင်ခဲ့ရသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း အခြေအနေများ ပုံမှန်ပြန်ဖြစ်ရေး ရေရှည်လုပ်ငန်းစဉ်များတွင်- ဥပဒေစိုးမိုးရေးအား တိုးတက်တည်ဆောက်ပြီး ဖြစ်ပွားခဲ့သော အကြမ်းဖက် ကျူးလွန်မှုများအပေါ် ဥပဒေနှင့်အညီ မှန်ကန်ထိရောက်စွာ အရေးယူ ဆောင်ရွက်သင့်ပါသည်။ အကြမ်းဖက်ခံရသူများ၏ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ခြင်းနှင့်အတူ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနှင့် အပြန်အလှန် ယုံကြည်မူ တည်ဆောက်ရေးကိုလည်း ဆောင်ရွက်သင့်ပါသည်။ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေး၊ အသိပညာဗဟုသုတ ကြွယ်ဝရေးတို့အတွက် ၎င်းနယ်မြေရှိ ကလေးသူငယ်များ၏ အခြေခံပညာ တတ်မြောက်မှုနှုန်း မြင့်မားရေး အထူးအစီအစဉ်တစ်ရပ် အမြန်ဆောင်ရွက်ပေးသင့်ပါသည်။ အခင်းဖြစ်ပွားသော နယ်မြေရှိ ဒုက္ခသည်များအတွက် အခြေခံလိုအပ်ချက်များကို အဖွဲ့အစည်းအသီးသီးနှင့် စေတနာရှင်ပြည်သူများမှ ကူညီထောက်ပံ့မှုများဖြင့် ဖြေရှင်းဆောင်ရွက်ပေးနေသည်ကိုလည်း ဝမ်းမြောက်ဖွယ်ရာ တွေ့ရှိရပါသည်။ အခြေခံလိုအပ်ချက်များ ရှိနေဆဲဖြစ်သဖြင့် ယခုထက် တိုးမြင့်ကူညီပေးနိုင်ကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။
Myanmar Express

1 comments:
i am so sorry for this.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်