Subscribe to our RSS Feed

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် နှင့် ဂျာမနီနိုင်ငံ Suddeutsche Zeitung သတင်းစာ အင်တာဗျူး ...


From : KDN

မေး။ ။သမ္မတကြီးခင်ဗျာ တစ်ကမ္ဘာလုံးက သမ္မတကြီးလုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို အင်မတန်ကြိုက် နှစ်သက်နေကြပါတယ် ။ ကြီးမားမြင့်မြတ်တဲ့ပြုပြင်ပြောင်းလဲရေး သမား မြန်မာနိုင်ငံရဲ့ ဂေါ်ဘာချော့ လို့အခေါ်ခံရရင် ဘယ်လို ခံစားရပါမလဲ ။

ဖြေ။ ။ကျွန်တော်အစောပိုင်း ကပြောခဲ့တဲ့ရှင်းလင်းချက်တွေထဲမှာ အဲဒီအချက်အတော်များများကို ဖြေထားခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်ပြောသလိုပါပဲ၊ ကျွန်တော်တို့ အစိုးရဟာမြန်မာပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဖြစ်ပါတယ်။ အဲဒီတော့မြန်မာပြည်သူလူထုရဲ့ ဆန္ဒနဲ့သဘောထားကို ဖြည့်ဆည်းပေးရမယ့် တာဝန်ကျွန်တော်တို့မှာရှိတယ် အဲဒီအတွက် ကြောင့်လည်းပြည်သူ့ဆန္ဒနဲ့သဘောထားကို ကျွန်တော်တို့က အကောင် အထည်ဖော်ဆောင်ရွက်ပေးနေတယ်။

ကျွန်တော် ဟာမြန်မာပြည်သူတွေ ယုံကြည်စိတ်ချစွာ နဲ့ပေးအပ်ထားတဲ့တာဝန်ကို ထမ်းဆောင်နေတဲ့သူတစ်ယောက် လို့ ကိုယ့်ကိုယ် ကိုယ်လက်ခံထားပါတယ်။ကျွန်တော်ဟာမြန်မာပြည်သူတွေ ရဲ့ လိုအင်ဆန္ဒတွေ ကိုဖြည့်ဆည်းပေး ရမယ့် တာဝန်နဲ့ဝတ္တရား တွေ ကိုထမ်းဆောင်နေတဲ့သူတစ်ယောက်ပါ။

မေး ။ ။ ပြည်သူလူထုရဲ့ဆန္ဒတွေကိုသမ္မတကြီးကဖြည့်ဆည်းပေးနေတာလို့ဆိုတော့ ပြီးခဲ့တဲ့ ၁၉၉၀ပြည့်နှစ်တုန်းက ပြည်သူတွေရဲ့ဆန္ဒထုတ်ဖော်ခဲ့ပြီးပြီ မဟုတ်ပါလားခင်ဗျာ။ ဘာကြောင့် ယခုအချိန်မှ သူတို့ရဲ့ဆန္ဒတွေကို ဖြည့်ဆည်း ပေးရတာလဲ၊ အဲဒီအချိန်တုန်းက ဘာကြောင့် မဖြည့်ဆည်းပေးခဲ့တာလဲ။

ဖြေ ။ ။အဲဒီအချိန်တုန်းက ကျွန်တော်တို့တိုင်းပြည်မှာ ယနေ့အချိန်ကာလလိုမျိုး ငြိမ်းချမ်းမှုနဲ့တည်ငြိမ်မှုမရှိခဲ့ပါဘူး။ အဲဒီတုန်းကပြည်သူတွေရဲ့ဆန္ဒ ဟာငြိမ်းချမ်းမှုပြည့်ဝတဲ့ သဘောနဲ့ထုတ်ဖော်တာမဟုတ်ပါဘူး။ သူတို့ကလိုချင်တာ၊ ရချင်တာ၊ ဖြစ်ချင်တာကိုပဲထုတ်ဖော်ခဲ့တာပါ။ အဲဒါကြောင့်အဲဒီအချိန်တုန်းက တိုင်းပြည်ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းဖို့ ဆိုတာဟာ တပ်မတော် တစ်ခုတည်းအပေါ်မှာ သာလုံးလုံးလျားလျားမူ တည်ခဲ့ပါတယ်။ တကယ်တော့ ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း တပ်မတော်အစိုးရက တိုင်းပြည်တာဝန်ကိုမလွဲမသွေရယူထားရတဲ့အချိန်မှာတည်းက မြန်မာနိုင်ငံ မှာ ဒီမိုကရေစီစနစ် အုတ်မြစ်ချနိုင်ရေးဆိုတဲ့ ရှင်းလင်းပြတ်သားတဲ့အမြင် သူ့မှာရှိခဲ့တာပါ။ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက် ရေးဆိုတဲ့ဦးတည်ချက် တပ်မတော်အစိုးရမှာရှိခဲ့ပါတယ်။ မည်သို့ပင်ဆိုစေ အဲဒီအချိန်တုန်းက တိုင်းရင်းသားလူမျိုးတွေ ကြားမှာ ညီညွတ်မှုဆိုတာမရှိခဲ့ပါဘူး။ တိုင်းပြည် ရဲ့အခြေခံအဆောက်အဦတွေဟာလည်းပြည့်ဝမှုမရှိခဲ့သလို ဖွံ့ဖြိုးတိုး တက်မှုဆိုတာလည်းမရှိခဲ့ပါဘူး။ တကယ်တော့အပြောင်းအလဲတွေနဲ့ ပြုပြင်ပြောင်းလဲမှုဆိုတာယနေ့ အချိန်ရောက်မှ လုပ်ဆောင်တာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀ဝ၃ ခုနှစ်ကတည်းကအကောင်အထည်ဖော်လာခဲ့တာပါ။ အဲဒီနှစ်မှာ တပ်မတော် အစိုးရက ဒီမိုကရေစီရှေ့ဆက်ဖော်ဆောင်နိုင်မယ့် အဆင့်ခုနှစ်ဆင့်ပါလမ်းပြမြေပုံရေးဆွဲခဲ့ပြီး
တိုင်းပြည်မှာဒီမိုကရေစီဖော်ဆောင်နိုင်ရေးအတွက် အဲဒီလမ်းပြမြေပုံအတိုင်းတစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည် ဖော်ခဲ့တာကို ခင်ဗျားသိရှိထားပြီးဖြစ်မယ်လို့ထင်ပါတယ်။ လမ်းပြမြေပုံကိုတစ်ဆင့်ချင်း အကောင်အထည်ဖော်ခဲ့ပြီး နောက်ဆုံးအဆင့်မှာ ဒီမိုကရေစီနည်းလမ်းတကျပြည်သူတွေ ကရွေးကောက်တင်မြှောက် တဲ့အစိုးရပေါ်ထွန်းခဲ့ပါ တယ်။ ဒီမိုကရေစီ ရှေ့ ဆက်ဖော်ဆောင်မယ့်လမ်းပြမြေပုံအကောင်အထည်ဖော်မှုရဲ့ ရလဒ်အနေနဲ့ပေါ်ထွန်းလာတာဖြစ်ပါတယ်။

မေး ။ ။ ကျွန်တော်နားလည်သဘောပေါက်တာမမှားဘူးဆိုလျှင် ယနေ့ဖြစ်ပေါ်နေ တဲ့ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ဟာ ယခင်တပ်မတော် အစိုးရခေါင်းဆောင် ဦးသန်းရွှေ(အင်တာဗျူးလုပ်သူပြောသည့်အတိုင်း)သတ်မှတ်အတည်ပြုပြဋ္ဌာန်းခဲ့ တဲ့ရေရှည် မဟာဗျူဟာရဲ့ဲ့ တစိတ်တပိုင်း လို့ဆိုလို့ရမလား ခင်ဗျာ။

ဖြေ ။ ။ မတူညီပါဘူး ။ တပ်မတော်အစိုးရက တိုင်းပြည်မှာ ဒီမိုကရေစီဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းခဲ့တယ်။ ကျွန်တော်တို့အစိုးရက ပြည်သူတွေရွေးကောက် တင်မြှောက်ထားတဲ့ ဒီမိုကရေစီ အစိုးရဖြစ်ပြီးတိုင်းပြည်မှာ ဒီမိုကရေစီ စနစ်အောင်မြင်ဖြစ်ထွန်းလာစေရေး၊ ပြည်သူလူထုရဲ့ဆန္ဒသဘော ထားတွေပြည့်ဝနိုင်ရေး၊ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနဲ့ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တည်တံ့နိုင်ရေးအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတယ်။ ခင်ဗျားအနေနဲ့ ရှင်းရှင်း လင်းလင်းဖြစ်သွားအောင်ပြောရမယ် ဆိုလျှင် " တပ်မတော်အစိုးရက တိုင်းပြည်မှာ ဒီမိုကရေစီစနစ် အုတ်မြစ်ချ နိုင်ဖို့ကြိုးပမ်းခဲ့တယ်။ကျွန်တော်တို့အစိုးရက တိုင်းပြည်မှာ ဒီမိုကရေစီစနစ် အောင်မြင်ဖြစ် ထွန်းအောင်လုပ်ဖို့ ကြိုးပမ်းနေ တယ်" ပေါ့ဗျာ။

မေး ။ ။ သမ္မတကြီးခင်ဗျား၊ဒါဆိုရင် သမ္မတကြီးက တပ်မတော်အစိုးရရဲ့ ဆန္ဒကိုပြီးပြည့်စုံအောင် အကောင်းဆုံး လုပ်ဆောင်ပေးနေတယ်ဆိုတဲ့ သဘောမျိုးဟုတ်ပါသလား။ အခု ပြုပြင်ပြောင်းလဲမဲမှုတွေဆိုတာက အဲဒါနဲ့ဲ့ပဲ အားလုံး ပတ်သတ်နေတာလား။

ဖြေ ။ ။ လုံးဝကွဲပြားခြားနားပါတယ်။ ကျွန်တော်ပြောမယ်၊ အဲဒီမှာ နှစ်ပိုင်းရှိတယ်၊ တပ်မတော်အစိုးရ ကကျွန်တော်တို့ဆီမှာ ဒီမိုကရေစီနိုင်ငံတော်ပေါ်ထွန်းလာဖို့၊ အုတ်မြစ်ချနိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်ခဲ့တယ်။ ကျွန်တော့်အပိုင်းက တိုင်းပြည်မှာ ဒီမိုကရေစီစနစ်အပြည့်အဝအောင်မြင်ဖြစ်ထွန်းရေးအတွက် လုပ်ဆောင်ပေးဖို့ပါ။ အဲဒီလိုမျိုး အပိုင်းနှစ်ပိုင်းဖြစ်ပါတယ်။ ခင်ဗျားနားလည်သဘောပေါက်ရဲ့လား။

မေး ။ ။ သမ္မတကြီးကပြုပြင်ပြောင်းလဲရေးလမ်းကြောင်းဟာ အင်မတန်ကျဉ်းမြောင်းပြီး နောက်ပြန်လှည့်လို့မရနိုင်ဘူးလို့ ဖော်ပြပြောဆိုခဲ့တယ်။ ဒါပေမဲ့တိုင်းပြည်မှာရှိတဲ့ လူတိုင်းကသမ္မတကြီးရဲ့ လမ်းကြောင်းအတိုင်းလျှောက်ဖို့ ဆန္ဒရှိတယ်လို့ အသေအချာပြောနိုင်ပါသလား၊ ဒါမှမဟုတ် မလိုက်ဘဲ တင်းခံနေတာမျိုးရောရှိလား။

ဖြေ ။ ။ ကျွန်တော်တို့ရဲ့ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ဟာနောက်ကြောင်းပြန်လှည့်မှာမဟုတ်ပါဘူး။ ဒီမိုကရေစီရှေ့ဆက် ဖော်ဆောင်နိုင်ဖို့ ကျွန်တော်တို့ ရွေးချယ်ထားတဲ့ လမ်းကိုနောက်ကြောင်းပြန် လှည့်အောင်လုပ်လိုတဲ့ ဦးတည်ချက် လည်းမရှိပါဘူး။ အဲဒီတော့ ကျွန်တော်တို့ဟာ ဒီမိုကရေစီ ဖော်ဆောင်မယ့် လမ်းကြောင်း မှန်ပေါ်ရောက်နေပြီ လို့ပြောနိုင်ပါ တယ်။ဒီမိုကရေစီဖော်ဆောင်ရေးဖြစ်စဉ်တွေနဲ့ ကျွန်တော်တို့ရှေ့ဆက်သွားကြမှာပါ။ ကျွန်တော်တို့ရဲ့လမ်းကြောင်း ခရီးကို ပြောင်းပြန်ဖြစ်အောင်လုပ်ဖို့ရည်ရွယ်ချက် ကျွန်တော်တို့မှာမရှိပါဘူး။ ကျွန်တော်တို့မဖြစ်မနေရှေ့ဆက်လျှောက်ကြရပါမယ်။

မေး ။ ။ ဒါပေမဲ့အစိုးရအဖွဲ့နဲ့စစ်တပ်ထဲမှာ နောက်ကြောင်းပြန်လှည့်လိုစိတ်ရှိပြီး သဘောထားတင်းမာတဲ့သူတွေရှိတယ်လို့ ပြောနေတာတွေရပါတယ်။ အဲဒီတော့ " ပြုပြင်ပြောင်းလဲ မှုတွေ ခြိမ်းခြောက်မှုတွေ နဲ့ ရင်ဆိုင်ကြုံတွေ့နေရလား " လို့မေး လိုပါတယ်။

ဖြေ ။ ။ ခင်ဗျားကို တစ်ခုအသေအချာပြောနိုင်တာက ကျွန်တော်တို့အစိုးရထဲမှာ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက် လုပ်ဆောင်လိုစိတ်မရှိတဲ့သူတစ်ဦးတစ်ယောက်မှမရှိဘူးဆိုတာပါ။ အဲဒီလိုပြောနေတာတွေက သံသယဝင်ရုံသက်သက်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရထဲမှာပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို တစ်ပြိုင်နက်တည်းဆက်လက် လုပ်ဆောင်သွားကြ မယ်ဆိုတဲ့ညီညွတ်မှုရှိတယ်လို့ပြောနိုင်ပါတယ်။ တပ်မတော်ရဲ့အခန်းကဏ္ဍကိုပြောရမယ်ဆိုရင်တပ်မတော်ဆိုတာဟာ အခြေခိုင်ပြီးဖြစ်တဲ့ အဖွဲ့အစည်းဖြစ်ပြီး အမိန့်နာခံမှုအပြည့်ရှိတယ်ဆိုတာ ခင်ဗျားသိရှိထားပြီးဖြစ်ပါလိမ့်မယ်။ တပ်မတော် ဟာ ကာကွယ်ရေးဦးစီးချုပ်ရဲ့အမိန့်တွေကို တစ်သဝေမတိမ်းလိုက်နာရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရကာကွယ်ရေး ဦးစီးချုပ်ရာထူးကို သမ္မတကခန့်အပ်ရတာဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် တပ်မတော်ထဲမှာ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို မကြိုက်မနှစ်သက်ဘဲ ဆန့်ကျင်မှုပြုလုပ်တာမရှိပါဘူး။ တပ်မတော်မှာနိုင်ငံတော်အရေး ကိစ္စတွေအတွက်သီးခြား အခန်းကဏ္ဍရှိထားပါတယ်။ တိုင်းပြည်အုပ်ချုပ်ရေး မဏ္ဍိုင်ကိုတပ်မတော်ကဝင်ရောက် မစွက်ဖက်ပါဘူး။ တကယ်တမ်း ပြောရလျှင် ကျွန်တော်တို့ရဲ့ ဒီမိုကရေစီဖော်ဆောင်ရေးဖြစ်စဉ်မှာ ကျွန်တော်တို့တိုင်းပြည်ထဲက စိန်ခေါ်မှုတွေမရှိပါဘူး။ စိန်ခေါ်မှုတွေကဘာလဲဆိုရင် ပြည်ပကလာတဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှုတွေ၊ဘဏ္ဍာရေး ကန့်သတ်ထိန်းချုပ်မှုတွေနဲ့ နိုင်ငံရေးဖိအားပေးမှုတွေပဲဖြစ်ပါတယ်။ ပြည်တွင်းကလာတာမဟုတ်ပါဘူး။

မေး ။ ။ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းကြ တဲ့အခါတုန်းကသူက မဆင်မခြင်သဘောနဲ့အကောင်းမြင်မှုတွေကို သတိထားဖို့ု့ပြောခဲ့ပြီး သံသယတွေ ထားရှိဖို့တိုက် တွန်းခဲ့ပါတယ်။သူ့ရဲ့မှတ်ချက်တွေကို သမ္မတကြီးအနေနဲ့ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂလအမြင်လို့ကျွန်တော်ယုံကြည်ပါတယ်။ ပြည်သူလူထုအများစုက ကျွန်တော် တို့တိုင်းပြည်မှာ ရင်းနှီးမြှုပ်နှံ မှုတွေဝင်ရောက်လာတာကို တွေ့မြင်ချင်ကြတာပါ။ အဲဒါမှ လူအများစုအတွက်အလုပ် အကိုင်အခွင့်အလမ်းတွေ ကျွန်တော်တို့ဖန်တီးနိုင်ကြမှာပါ။နောက်ပြီး ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ပိုင်ပုဂ္ဂိုလ်ရေး အမြင်(သဘောထား)လို့ပဲကျွန်တော်ပြောနိုင်ပါတယ်။ သူ့ရဲ့အမြင်ကိုသူ့အနေ နဲ့လွတ်လပ်စွာထုတ်ဖော်ပြောလို့ရပါတယ်။ ကျွန်တော်တို့ကဒီလိုမျိုး မှတ်ချက်တွေကြောင့် ပဋိပက္ခလို့မရှုမြင်မိပါဘူး။ နိုင်ငံရေးနယ်ပယ်မှာ ဆိုရင် မတူကွဲပြားခြားနား မှုတွေနဲ့အတူညီညွတ်မှု ဆိုတာရှိပါတယ်။ အဲဒါကြောင့် တူညီတဲ့အမြင်သဘောထားတွေ အပေါ်မှာ ကျွန်တော်တို့ ပူးပေါင်းလုပ် ဆောင်နိုင် မှာဖြစ်ပါတယ်။

မေး ။ ။ စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ လူမူရေးအရ မြန်မာနိုင်ငံကိုဘယ်ဆီကို ဦးတည်ဖို့ စီစဉ်ထားပါသလဲ ။

ဖြေ ။ ။ ကျွန်တော်အစောပိုင်း မှာရှင်းပြခဲ့သလိုပါပဲ။ ကျွန်တော်တို့ဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို ခဲရာခဲဆစ် လုပ်ကိုင်နေရရုံသာမက ပြည်သူတွေရဲ့လူမှုစီးပွားရေး အခြေအနေမြှင့်တင်နိုင်ရေးအတွက် အကောင်းဆုံးဖြစ် အောင်လုပ် ကိုင်နေကြရပါတယ်။ ပြည်သူတွေရဲ့ကျန်းမာရေး၊ ပညာရေး၊အထွေထွေလူနေမှု အဆင့်အတန်းအပါအဝင် တရားဥပဒေ စိုးမိုးရေး လည်းပါဝင်ပါတယ်။ အဲဒီတော့ကျွန်တော်တို့ဟာနိုင်ငံရေးနယ်ပယ် အတွက်ရော လူမှုစီးပွားရေးနယ်ပယ် အတွက် ပါပြိုင်တူကြိုးပမ်း လုပ်ဆောင်နေကြရတာပါ။ နှစ်ခုစလုံးဟာလည်း အနီးကပ် ဆက်နွှယ်နေကြပါတယ်။ နိုင်ငံရေးတည် ငြိမ်မှုမရှိရင် စီးပွားရေးဖွံ့ဖြိုးမှုကို မရရှိနိုင်ပါဘူး။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် နိုင်ငံရေးတည်ငြိမ်မှုရှိဖို့ ကျွန်တော်တို့ လိုအပ်ပါတယ်။ အဲဒါကြောင့်အဲဒီအရေးကိစ္စကြီးနှစ်ခုကို ကျွန်တော်တို့ကတစ်ပြိုင်နက်တည်း ခဲရာခဲဆစ်ကြိုး ပမ်းလုပ် ဆောင်နေကြရပါတယ်။

မေး ။ ။ ၁၀ နှစ်ဆိုတဲ့အချိန်အတိုင်းအတာ ယူမယ်ဆိုရင် မြန်မာနိုင်ငံဟာ၁၀နှစ်အတွင်း ဘယ်လိုဖြစ်လာမလဲလို့ သမ္မတကြီး ထင်ပါသလဲ ။ထိုင်းနိုင်ငံလိုလား ။ အင်ဒိုနီးရှားနိုင်ငံလိုလား ။ အနောက်ဒီမိုကရေစီနိုင်ငံလိုလား ။

ဖြေ။ ။ ဒီကိစ္စဟာ ဖြစ်ရပ်တွေနဲ့ အခြေအနေအရပ်ရပ်ပေါ်မှာမူတည်ပါလိမ့်မယ်။ ဥပမာ-တကယ်လို့နိုင်ငံရေး ဘက်မှာ အစစအရာရာကောင်းစွာလုပ်ကိုင်နိုင်တယ်၊ နိုင်ငံရေးတည်ငြိမ်မှုရှိတယ်၊ အနောက်နိုင်ငံတွေကပိတ်ဆို့အရေးယူမှုတွေရော နိုင်ငံရေးဖိအားပေးမှုတွေပါ ဖယ်ရှားပေးတယ်ဆိုလျှင် ကျွန်တော်တို့ တိုင်းပြည်မှာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ကြွယ်ဝ ချမ်းသာမှုတွေ ရရှိလာမယ်လို့ကျွန်တော်ထင်ပါတယ်။ အခုအချိန်မှာတော့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ ဖောင်ဒေးရှင်း တွေရှိလာဖို့အလားအလာတွေရထားပြီလို့ကျွန်တော်မြင်မိပါတယ် ။

မေး ။ ။ ရိုဟင်ဂျာအပါအဝင် တိုင်းရင်းသားလူမျိုးစုတွေ အတူတကွငြိမ်းချမ်းစွာနေထိုင်ကြမယ့် ဖယ်ဒရယ်နိုင်ငံမျိုး ဖြစ်မှာ လား။

ဖြေ ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်တော်တို့တိုင်းပြည်ဟာတိုင်းရင်းသားလူမျိုးစုတွေ နယ်နိမိတ် တစ်ခုတည်းမှာအတူတကွ ပါဝင်နေထိုင်ကြတဲ့ပြည်ထောင်စုတစ်ခုပါ။ အခြေခံဥပဒေအရ ကျွန်တော်တို့ဆီမှာ ပြည်နယ် ကြီးခု နစ်ခုရှိပါတယ်။ ကျွန်တော်တို့မှာပြည်ထောင်စုအဆင့် အစိုးရရှိသလိုပြည်နယ် အဆင့်အစိုးရတွေလည်း ရှိပါတယ်။ သူတို့အနေနဲ့အုပ်ချုပ်ရေး အာဏာကို လွတ်လပ်စွာလုပ်ကိုင်နိုင်ပါတယ်။

မေး ။ ။ လက်ရှိမြန်မာ့နိုင်ငံရေးစနစ်ဟာ စစ်တပ်ရဲ့လွှမ်းမိုးမှုကို အများကြီးခံနေရပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကိုစစ်တပ်အတွက်ပေးထားပြီးး စစ်တပ်ရဲ့အခန်းကဏ္ဍကြီးမားအောင် အခြေခံဥပဒေက အသားပေးထားပါတယ်။ အဲဒီကိစ္စဟာ ဒီမိုကရေစီနဲ့ ဆန့်ကျင်ဘက်လိုဖြစ်မနေဘူးလားခင်ဗျာ။ ရေရှည်မှာ စစ်တပ်အနေနဲ့ ဘားတိုက်ကိုပြန်သင့် တယ်လို့ သမ္မတကြီး ထင်မြင်မိပါသလား။

ဖြေ ။ ။ ကျွန်တော်တို့နိုင်ငံမှာတပ်မတော်ရဲ့အခန်းကဏ္ဍဟာ အခြားနိုင်ငံတွေလိုမဟုတ်ဘဲ တစ်မူထူးခြားပါတယ်။ တပ်မတော်ဟာ ကျွန်တော်တို့ရဲ့အမျိုးသားနိုင်ငံရေးကို ဦးဆောင်လုပ်ကိုင်တဲ့အခန်း ကဏ္ဍကနေပါဝင်ခဲ့တာပါ။ အဲဒီတော့ နိုင်ငံရေးနယ်ပယ်မှာ တပ်မတော်ကို ချန်ထားခဲ့လို့မရပါဘူး။ တပ်မတော်ဟာ ငြိမ်းချမ်းမှုနဲ့တည်ငြိမ်မှု တည်တံ့ခိုင်မြဲရေး အတွက်အဓိကကျ တဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ ဥပမာပြောရလျှင် အင်ဒိုနီးရှားနဲ့တောင်ကိုရီးယား လိုနိုင်ငံတွေရဲ့ နိုင်ငံရေးအခန်းကဏ္ဍမှာသူတို့ရဲ့ တပ်မတော်ကဦးဆောင်မှုပြုတဲ့ အခန်းကဏ္ဍကနေပါဝင်ခဲ့တာ ကိုတွေ့ရပါလိမ့်မယ်။ အချို့သောအနောက်နိုင်ငံတွေမှာတောင် ပါလီမန် လွှတ်တော်မှာ ရွေးကောက်တင်မြှောက်မှု မပြုဘဲနေရာရရှိတဲ့ ကိုယ်စားလှယ် တွေရှိပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ အခြားနိုင်ငံတွေနဲ့ မတူဘဲတစ်မူထူးခြားတဲ့ အခြေအနေရှိတာကြောင့် တပ်မတော်ဟာ တိုင်းပြည်ရဲ့နိုင်ငံရေးမှာ မဖြစ်မနေပါဝင်သင့်ပါတယ်။ ကျွန်တော်တို့အတွက်ကတော့ ကျွန်တော်တို့ရဲ့ ဦးတည်ချက်နဲ့ရည်မှန်းချက်တွေ အကောင်အထည်ဖော်နိုင်ဖို့ တပ်မတော်နဲ့ မဖြစ်မနေ ပူးပေါင်းလက်တွဲသွားရမှာ ဖြစ်ပါတယ်။ အဲဒါမှ ကျွန်တော်တို့ရဲ့ပန်းတိုင်ကိုရောက်ရှိနိုင်မှာဖြစ်ပါတယ်။

မေး ။ ။ သမ္မတကြီးက အင်ဒိုနီးရှားကို ဥပမာပေးဖော်ပြပြောဆိုခဲ့တယ်။ ဒါပေမဲ့ အခုအင်ဒိုနီးရှားမှာ စစ်တပ်က နိုင်ငံရေး အခန်းကဏ္ဍမှာ ဆက်လက်ပါဝင်ပတ်သက်မှုမရှိတော့ပါဘူး။ အဲဒီလို ဥပမာပုံစံမျိုးသမ္မတကြီးအနေနဲ့လိုက်လုပ်မှာလား။

ဖြေ ။ ။ အင်ဒိုနီးရှားနဲ့တောင်ကိုရီးယားတို့ သူတို့နိုင်ငံတည်ဆောက်ရေးလုပ်ကြတဲ့အခါမှာ သူတို့လေးစားရတဲ့ တပ်မတော်ကသိသာထင်ရှားတဲ့ အခန်းကဏ္ဍကနေပါဝင်ခဲ့တယ်။ ဒါပေမဲ့ တိုင်းပြည်မှာ ဒီမိုကရေစီစနစ်လည်း ပေါ်ထွန်း လာချိန်မှာ တပ်မတော်က သူ့ရဲ့အခန်းကဏ္ဍကိုတဖြည်းဖြည်းချင်းလျှော့ချသွားတယ်။ကျွန်တော်တို့နိုင်ငံမှာလည်း ဒီလို အလားတူပါပဲ။ ကျွန်တော်တို့ရှေ့ဆက်လျှောက်သွားပြီး တိုင်းပြည်မှာစစ်မှန်တဲ့ ဒီမိုကရေစီရှိလာတာနဲ့အမျှ အဲဒီနှစ်နိုင်ငံ လိုအခြေအနေမျိုးတွေရရှိလာမှာပါ။ ကျွန်တော်နောက်ထပ် တွေ့ဆုံရမယ့်ကိစ္စတွေ ရှိနေသေးတယ် အဲဒီတော့ နောက်ဆုံး မေးခွန်းတစ်ခုကိုဖြေပေးပါ့မယ်။

မေး ။ ။ သမ္မတကြီးကဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ကိုလာဖို့ဖိတ်ခေါ်ပြီး မကြုံစဖူး ထူးခြားတဲ့ အဆင့်တစ်ခု ကိုရအောင်လုပ်ကိုင်ပေးခဲ့တယ်။ ဘာကြောင့်အဲဒီလိုလုပ်တာပါလဲ။

ဖြေ ။ ။ ဒေါ်အောင်ဆန်းစြုကည်ဟာ ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီးတစ် ယောက်ပါ။ အဲဒီတော့ သူ့ကိုမြန်မာ့နိုင်ငံရေးဖြစ်စဉ်ရဲ့ အပြင်မှာချန်ထားခဲ့လို့ မရနိုင်ပါဘူး။ အတိတ်ကာလမှာ တုန်းကသူဟာ တပ်မတော်အစိုးရအပေါ်ဆန့်ကျင်တဲ့ အမြင်ရှိခဲ့တယ်။ ဒါပေမဲ့နိုင်ငံတော် တာဝန်ကိုကျွန်တော်ရယူလိုက်တဲ့ အချိန်မှာ ကျွန်တော်တို့မျက်နှာချင်းဆိုင်တွေ့ဆြုံပီး ဒိုင်ယာလောခ့်လုပ်ခဲ့ကြတယ် ကျွန်တော်ပြောခဲ့သလိုပါပဲ။ မတူကွဲပြား ခြားနားမှု တွေထဲမှာ ညီညွတ်မှုဆိုတာရှိ တယ်။ အဲဒီတော့ နိုင်ငံနဲ့ပြည်သူလူထုရဲ့အကျိုးစီးပွားအတွက်"ဘုံ" တူညီမှုရှိတဲ့ အနေအထားကို ရောက်အောင်ကြိုးစားခဲ့ကြတယ်။ မတူတာတွေဘေးဖယ်ပြီး တူညီတဲ့အမြင်သဘောထားတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လုပ်ခဲ့ကြပါတယ်။

မေး ။ ။ ဥရောပဒေသကပြည်သူတွေက လာမယ့် ၂၀၁၅ သမ္မတရွေးကောက်တင်မြှောက်ပွဲမှာ ဒေါ်အောင်ဆန်းစြုကည် ဝင်ရောက် ယှဉ်ပြိုင်နိုင်မလား ဆိုတဲ့အချက်ကို မေးခွန်းတုတ်ကြပါတယ်။ ဒါမှမဟုတ်ဖွဲ့စည်းပုံအခြေခံဥပဒေ ကဝင် ရောက်ယှဉ်ပြိုင်လို့ မရအောင် တားမြစ်မလားပေါ့ ခင်ဗျာ ။

ဖြေ ။ ။ ဒီမေးခွန်းက အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ မပတ်သက်ပါဘူး။ ဥပဒေပြုရေးမဏ္ဍိုင်နဲ့ ပိုပြီးပတ်သက်တာပါ။ တကယ်လို့ အများသဘောတူညီမှုရှိတယ်ဆိုလျှင် အခြေခံဥပဒေကိုပြင်ဆင်လို့ရပါတယ်။ အဲဒီတော့ ဒီကိစ္စဟာပါလီမန်လွှတ်တော် အပေါ်မှာပဲမူတည်ပါတယ်။ ကျွန်တော်လည်းခင်ဗျားကို မေးခွန်းတစ်ခုမေးချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်တို့နိုင်ငံရဲ့သမ္မတကြီးအဖြစ် ခင်ဗျားမြင်တွေ့လိုပါသလား။

ဖြေ ။ ။ ဩော.် . ဒါကမြန်မာပြည်သူတွေအပေါ်မှာ မူတည်လိမ့်မယ်လို့ထင်ပါတယ်။ ကျွန်တော်က နိုင်ငံခြားသား တစ်ယောက်ပါ။ ဒါပေမဲ့ အခုဥရောပမှာ ဒေါ်အောင်ဆန်းစုကြည်ကို အထူးအရေးကြီး ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ ချီးမြှောက် ဂုဏ်ပြုကြတာတွေကို ကျွန်တော် တွေ့မြင်ရပါတယ်။ နိုင်ငံတော်အကြီးအကဲတစ်ဦးကဲ့သို့ သဘောထားပြီး ဂုဏ်ပြုကြ တာပါ။ သူက ဝက်မင်စတာမှာ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်က ကိုယ်စားလှယ်တော်ကြီးတွေရှေ့မှာ မိန့်ခွန်း ပြောတယ်။ သူ့ကို အခုလိုမျိုးဆက်ဆံမှုတွေလုပ်ကြတာကိုသမ္မတကြီးအနေနဲ့ ဘယ်လိုမြင်မိပါသလဲ။

ဖြေ ။ ။ ဥရောပခရီးစဉ်အတွင်းဒေါ်အောင်ဆန်းစုကြည်ကို အထူးအရေးကြီးပုဂ္ဂိုလ်တစ်ဦးလို မျိုးဆက်ဆံကြတာကိုမြင်ရတာ ကျွန်တော် တကယ့်ကိုဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ ဒါပေမဲ့ သူသမ္မတဖြစ်မလား၊ မဖြစ်ဘူးလားဆိုတဲ့မေးခွန်းအတွက် ကတော့ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်မှာပဲမူတည် ပါတယ်။ နောက်မေးခွန်းတစ်ခွန်းက ပိတ်ဆို့အရေးယူမှုတွေနဲ့ ပတ်သက်မယ်လို့ထင်တယ်။ ဟုတ်လား။ ကျွန်တော်တို့နိုင်ငံအပေါ်ပိတ်ဆို့ အရေးယူမှုတွေဟာကောင်းလား၊ မကောင်းဘူး လားဆိုတာကို ခင်ဗျားအနေနဲ့ဖြေကြားပေးသင့်တယ်လို့ထင်တယ်။ ဒီမေးခွန်းကိုခင်ဗျားဖြေကြည့်သင့်တယ်။(ရယ်လျက်)

မေး ။ ။ အနောက်နိုင်ငံတွေကသမ္မတကြီးရဲ့ပြုပြင်ပြောင်းလဲမှုတွေကိုအားတက်သရောတုံုံ့ပြန်ခဲ့တယ် လို့ထင်ပါသလား၊ ဒါမှမဟုတ် အနောက်အနေနဲ့ ယခုထက်ပိုပြီး လုပ်ပေးသင့်တယ်လို့ ထင်လား။

ဖြေ ။ ။ ကျွန်တော်တို့ရဲ့ နိုင်ငံခြားရေးမူဝါဒဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့နိုင်ငံတွေနဲ့ ချစ်ကြည်ရင်းနှီးတဲ့ဆက်ဆံရေး ရရှိအောင်ထိန်းသိမ်းသွားရေးပဲဖြစ်ပါတယ်။ ကမ္ဘာ့မိသားစုကြီးထဲက အဖွဲ့ဝင်တစ်နိုင်ငံဖြစ်နေတဲ့အတွက် ပိတ်ဆို့အရေးယူမှု တွေဟာ ကျွန်တော်တို့နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကို ခက်ခဲနှောင့်နှေးစေပြီးပြည်သူတွေကို လည်းထိခိုက်နစ်နာ စေတယ်လို့ ရှုမြင်ပါတယ်။လက်ရှိမှာ အနောက်နိုင်ငံတွေကကန့်သတ်ပိတ်ဆို့မှုထဲက အချို့ကိုဆိုင်းငံ့ပေးတာ၊ လျှော့ချပေးတာတွေ စတင် လုပ်ဆောင်လာပြီ ဖြစ်ပေမယ့်လည်း ကျွန်တော်တို့ရဲ့ဆန္ဒက ပြည်သူတွေအကျိုးအမြတ်ရှိအောင်၊ အများကြီး လုပ်ဆောင် ပေးနိုင်အောင် လုံးလုံးလျားလျားဖယ်ရှားပေးတာမျိုးပါ။

နောက်ဆုံးမေးခွန်းပါ ။ ။သမ္မတကြီးရဲ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ၁၀ဝ ရာခိုင်နှုန်း ဆိုတဲ့ရည်မှန်းချက်ထား ရှိထားတယ်ဆိုလို့ရှိလျှင် ယခုအချိန်မှာ ဘယ်လောက်ပြီးမြောက်နေပါပြီလဲ။ ၅ ရာခိုင်နှုန်းလား၊၁၀ ရာခိုငိင်န်နှုနှုန်းးလား၊ ၂၀ လား။

ဖြေ။။ ဒါဟာ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ရဲ့တကယ့်ကိုပထမအဆင့်ရှိသေးတယ်လို့ ပြောလို့ရမယ်ထင်ပါတယ်။

Myanmar Express

1 comments:

Dear President. We are very happy. We all myanmar people will be with you.By the way , if we got ready to fight business war, i will be with you. But for fight business war , 1 investment 2.Techanical 3.Market all must be consider . This proposal i had mentioned to Deputy Minister U Thein Htun (retair) long ago. He agreed. But not right time. If we are no sanction , market available , some invest we have we will be within 10 years can reach some target.We will come back to ready to fight with orther any faces.Best Regard
singapore

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်