Subscribe to our RSS Feed

မန္တလေး-မြစ်ကြီးနား ရထားလမ်း ဗုံးခွဲခံရ



From : 7days


ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်း မြစ်ကြီးနား မီးရထားလမ်း မော်ဟန်ဘူတာနှင့် ကာဒူဘူတာအကြား မိုင်တိုင်အမှတ် ၆၁၂/၈ နှင့် ၆၁၂/၉ တို့အကြား အရှည်ပေ ၁၆၀ ရှိ ရထားလမ်း သံပေါင်ဘေလီ တံတားအမှတ် ၅၅၅ တွင် စက်တင်ဘာ ၆ ရက် ညနေ ၆ နာရီကျော်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ တံတားဗုံးပေါက်ကွဲမှုကို စုံစမ်းရာတွင် စက်တင်ဘာ ၆ ရက် ညနေ ၆ နာရီ ၁၅ မိနစ်က တံတားဆီမှ သေနတ်ပစ်ခတ်သံများ အဆက်မပြတ် ကြားရကြောင်း၊ တစ်ဖက်နှင့်တစ်ဖက် တိုက်ပွဲဖြစ်သံဟု ယူဆရကြောင်း၊ ပစ်ခတ်မှုမှာ နာရီဝက်ခန့် ကြာမြင့်ကြောင်း၊ ပစ်ခတ်မှုများ ရပ်သွားပြီးနောက် မကြာမီတွင် ကြီးမားသော ပေါက်ကွဲသံကြီး ပေါ်လာသည်ကို ကြားရကြောင်း ဒေသခံတို့က ပြောကြားသည်။

ယင်းပေါက်ကွဲမှုကြောင့် တံတားအမှတ် ၅၅၅ ၏ ရေလယ်တိုင် အပေါ်ပိုင်း ကွဲအက်ပြီး ဘေလီသံပေါင် ပဲ့သွားကာ သံလမ်းမှာ လေးပေခန့် ပြတ်တောက်သွားပြီး အပေါ်သို့ လေးပေအမြင့်ခန့် မြောက်တက်သွားသည်။ သံလမ်းအောက်ခံ ဇလီဖားတုံး ၅၀ ခန့် ပျက်စီးသွားသည်။






ရထားလမ်း ပြတ်တောက်မှုကြောင့် ခရီးလမ်းအဆက်သွယ် ခက်ခဲမှု မရှိအောင် သက်ဆိုင်ရာတို့က ပြုပြင်တပ်ဆင်လျက် ရှိသည်။

တံတားပြုပြင်နေစဉ်အတွင်း ရထားများ ရပ်နားထားရပြီး မော်ဟန်ဘူတာရှိ ရထားခရီးသည်များကို ဒေသခံတို့က ရေသန့်ဘူးများနှင့် ထမင်းထုပ်များ ဝေငှကြကြောင်း သိရသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်