From : ပြည်မြန်မာ
အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ရွေးချယ်ထားသော ပြည်ပအလုပ်အကိုင် အေဂျင်စီ ၄၈ ခုကို စက်တင်ဘာလ အတွင်းတွင် တရားဝင်လိုင်စင် ချထားပေးတော့မည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီ အသိုင်းအဝိုင်းမှ သိရသည်။ “ဇူလိုင်လတုန်းက အေဂျင်စီတွေကို လုပ်ကိုင်ခွင့်ပေးမယ်လို့ ခွင့်ပြုမယ်ဆိုတဲ့ အကြောင်းကို ပဲ ခေါ်ပြောသေးတယ်။ တရားဝင်လိုင်စင်တော့ မချထားပေးဘူး။ တကယ်လို့ တရားဝင်လိုင်စင် ချထားပေးမယ် ဆိုရင် ထိုင်းဘက်မှာ ရောက်နေတဲ့ ကလေးတွေကိုလည်း အကူအညီတွေပေးနိုင်မယ်။ လောလောဆယ် လိုင်စင် ချထားပေးရင် ပြည်ပအေဂျင်စီ ကုမ္ပဏီတစ်ခုကို ကြိုတင်ငွေ ကျပ်သိန်း ၅၀ လို့ သတ်မှတ်ထားတယ်” ဟု Panta Power Services Ltd. မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ Royal Golden Gate Int’l Services Co.,Ltd. မှ တာဝန်ရှိသူ တစ်ဦးကလည်း လောလောဆယ် ထိုင်းဘက်ကို အလုပ်သမားတွေက မြဝတီ၊ တာချီလိတ်၊ ကော့သောင်းဘက်မှာ ယာယီပတ်ပို့စ်တွေ လုပ်ပြီး သွားနေကြတယ်။ တကယ်လို့ ရန်ကုန်ကနေ တရားဝင် သွားတဲ့အခါ အလုပ်ထဲရောက်မှ ထွက်ပြေးတာတွေ ဖြစ်မှာစိုးတဲ့အတွက် ယာယီပတ်ပို့စ်တွေကို လုပ်တာဖြစ်တယ်။ တရားဝင်လိုင်စင် ချထားပေးလိုက်ရင်တော့ နှစ်ဖက်ကိုယ်စားလှယ်တွေ အခက်အခဲမရှိ လုပ်ဆောင်လာနိုင်မှာ ဖြစ်တယ်” ဟု ပြောကြားသည်။ မြန်မာတစ်နိုင်ငံလုံးတွင် အလုပ်သမားမှတ်ပုံတင် ရုံးပေါင်း ၇၂ ရုံးရှိပြီး မြဝတီတွင် ပြည်ပအလုပ်အကိုင်အေဂျင်စီ ၁၀ ခု၊ ကော့သောင်းတွင် ငါးခုနှင့် တာချီလိတ်တွင် ငါးခု၊ စုစုပေါင်း ကုမ္ပဏီ ၂၀ ကို ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မြန်မာ-ထိုင်း အလုပ်သမားများ တန်းတူ အခွင့်အရေး ရရှိရေးကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်