Subscribe to our RSS Feed

တနင်္သာရီကမ်းရိုးတန်းတွင် နိုင်ငံတကာ ရေနက်ဆိပ်ကမ်းသစ်နှစ်ခု ထပ်မံတည်ဆောက်ရန် စီစဉ်


From : ခေတ်လူငယ်

မြန်မာနိုင်ငံအတွင်း နိုင်ငံတကာ အဆင့်မီ ရေနက်ဆိပ်ကမ်းနှစ်ခု ထပ်မံအကောင် အထည်ဖော်ရန် စစ်ဆေး တိုင်းတာမှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သတင်းရရှိသည်။ အသစ်ဖော်ဆောင်မည့် ရေနက်ဆိပ်ကမ်းနှစ်ခုမှာ တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်ရှိ ဘုတ်ပြင်း ရေနက်ဆိပ်ကမ်းနှင့် ကုလားဂုတ် ရေနက်ဆိပ်ကမ်းတို့ဖြစ်သည်။ ကုလားဂုတ် ရေနက် ဆိပ်ကမ်းသည် မော်လမြိုင်မြို့နှင့် ရေးမြို့ကြားတွင်ရှိပြီး ယင်းရေနက်ဆိပ်ကမ်းသည် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့၏ ကုန်သွယ်မှုဆိုင်ရာ ဗဟိုဖြစ်လာမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ မြို့ပြအင်ဂျင်နီယာချုပ် ဦးမြသန်းက ပြောသည်။ ကုလားဂုတ် ရေနက်ဆိပ်ကမ်း အကောင်အထည် ပေါ်လာပါက အရှေ့၊ အနောက် စီးပွားရေးစင်္ကြံအဖြစ် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှ မော်လမြိုင်မြို့အထိ ကုန်သွယ်မှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။ ကုလားဂုတ် ရေနက်ဆိပ်ကမ်းသည် သဘာဝ အကာအကွယ်ကောင်းများ ရှိထားပြီး သင်္ဘောများ ဆိုက်ကပ်ရန်လည်း ရေအနက် လုံလောက်စွာ ရရှိသည့် ဆိပ်ကမ်းနေရာတစ်ခု ဖြစ်ကြောင်း ဦးမြသန်းက ပြောသည်။ မြန်မာနိုင်ငံတွင် ရေနက်ဆိပ်ကမ်းအဖြစ် ဖော်ဆောင်နိုင်မည့် ဆိပ်ကမ်းနေရာ လေးခုရှိပြီး ကျောက်ဖြူနှင့် ထားဝယ် ရေနက်ဆိပ်ကမ်းတို့မှာ တည်ဆောက်ရေး လုပ်ငန်းများ စတင်နေပြီဖြစ်သည်။ ကုလားဂုတ် ရေနက်ဆိပ်ကမ်းနှင့် ဘုတ်ပြင်း ရေနက်ဆိပ်ကမ်းတို့အတွက် ဆိပ်ကမ်းနေရာ တိုင်းတာခြင်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၆ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်