From : 7Days News
တိုင်းရင်းသားရေးရာ ဝန်ကြီးများ၏ အဆောင်အယောင်များနှင့် ခံစားခွင့်များကို စတင်ရရှိပြီဖြစ်ကြောင်း တိုင်းရင်းသားရေးရာ ဝန်ကြီးအချို့ထံမှ သတင်းရရှိသည်။ စက်တင်ဘာ ၇ ရက်တွင် နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးများ နေပြည်တော်၌ တွေ့ဆုံခဲ့ပြီးနောက် တိုင်းရင်းသားရေးရာ ဝန်ကြီးများ၏ အဆောင်အယောင်များကို တိုးမြှင့်ပေးလိုက်ခြင်းဖြစ်သည်။ “လစာကိစ္စကတော့ ကျွန်တော်တို့ကို ဘာမှမပြောသေးဘူး။ အခုက ခုံရုံးက ဆုံးဖြတ်ပေးတဲ့အတိုင်း ကျွန်တော်တို့ကို တခြားဝန်ကြီးတွေ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများနဲ့ တန်းတူ အဆောင်အယောင်တွေ ပေးတာပါ။ အားလုံးဟာ ဥပဒေအတိုင်းပဲ ဖြစ်ရမှာပေါ့။ လုပ်ပိုင်ခွင့်နဲ့ ပတ်သက်လို့ ဥပဒေက အတည်မဖြစ်သေးဘဲ ဆွေးနွေးဆဲဆိုတော့ အရင်အတိုင်းပါပဲ။ ကတ်ဘိနက်ကတော့ ဝန်ကြီးချုပ်ကခေါ်ရင် တက်ခွင့်ရှိပါတယ်” ဟု မွန်ပြည်နယ် အစိုးရအဖွဲ့မှ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဦးသက်ဝင်းက ပြောသည်။ သမ္မတနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးများ တွေ့ဆုံပွဲအပြီးတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ တိုင်းရင်းသားရေးရာ ဝန်ကြီး ၂၉ ဦးအား တစ်ဦးလျှင် SUB Landmark ကားတစ်စီးစီ သမ္မတရုံးမှ တိုက်ရိုက် ပေးအပ်လိုက်ကြောင်း တိုင်းရင်းသားရေးရာ ဝန်ကြီးအချို့က ပြောသည်။ ထို့ပြင် ယခင်က ပေးအပ်ခြင်းမရှိသည့် နေထိုင်ရန် အိမ်များပါ ပေးအပ်မည်ဖြစ်ကြောင်း၊ အိမ်မရှိပါက အစိုးရအဖွဲ့ရုံးစိုက်ရာ မြို့တွင် နေထိုင်နိုင်ရန်အတွက် အိမ်ငှားရမ်းခကိုပါ ခံစားခွင့်ရှိမည်ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးခင်မောင်ဆွေက ပြောသည်။ ဒေါက်တာအေးမောင် အပါအဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၃ ဦးတို့က ၂၀၁၁ တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသို့ တိုင်းရင်းသားရေးရာ ဝန်ကြီးများနှင့် ပတ်သက်၍ ပြဋ္ဌာန်းထားသော အဆောင်အယောင်ဆိုင်ရာ ဥပဒေများသည် အခြေခံဥပဒေနှင့် ညီညွတ်မှုရှိ၊ မရှိ အဓိပ္ပါယ်ဖွင့်ဆိုပေးရန် တင်သွင်းလွှာ ပေးပို့ခဲ့သည်။ အဆိုပါ တင်သွင်းလွှာကို အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တိုင်းရင်းသားရေးရာ ဝန်ကြီးများ၏ ခံစားခွင့်များသည် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် အခြားဝန်ကြီးများနှင့် ခံစားခွင့်မတူညီမှုမှာ အခြေခံဥပဒေနှင့် ညီညွတ်မှုမရှိကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်က ဆုံးဖြတ်ခဲ့သည်။ ၄င်းဆုံးဖြတ်ချက်အရ မိမိတို့၏ ခံစားခွင့်များကို တိုးမြှင့်ပေးလိုက်ခြင်းဖြစ်ကြောင်း၊ ယခင်က မိမိတို့တိုင်းရင်းသားရေးရာ ဝန်ကြီးများအား အစိုးရအဖွဲ့ ရုံးစိုက်ရာမြို့တွင် နေထိုင်ရန် အိမ်ရာများ ပေးထားခြင်း မရှိသဖြင့် မူလနေထိုင်ရာ မြို့တွင်သာ နေထိုင်ရပြီး အကြောင်းကိစ္စရှိမှသာ ရုံးစိုက်ရာမြို့သို့ လာရောက်ရသဖြင့် အခက်အခဲများ ကြုံတွေ့ရကြောင်း တိုင်းရင်းသားရေးရာ ဝန်ကြီးအချို့ကပြောပြခဲ့ကြောင်းသိရှိရသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်