Subscribe to our RSS Feed

အသိဥာဏ် မူပိုင်ခွင့်နှင့် ဥပဒေများပြဋ္ဌာန်းရန် လွှတ်တော်က အတည်ပြု


From : ပေါ်ပြူလာ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈
စာပေ၊ အနုပညာမူပိုင်ခွင့်အပါအဝင် စက်မှုပစ္စည်းများအား ကာကွယ်ပေးရန် အသိဥာဏ်ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများဖြစ်သည့် တီထွင်မှုပိုင်ဆိုင်ခွင့် ဥပဒေစက်မှု ဒီဇိုင်းဥပဒေ၊ ကုန်အမှတ်တံဆိပ် ဥပဒေနှင့် မူပိုင်ခွင့်ဥပဒေများ ပြဋ္ဌာန်းအကောင်အထည်ဖော်ရန် တပ်မတော်သားအမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးမောင်မောင်ကြီးက ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင်တင်သွင်းကာ လွှတ်တော်က အတည်ပြုလိုက်ကြောင်း သိရသည်။


အဆိုပါဥပဒေ တင်ပြဖတ်ကြားရာတွင် စက်မှုနှင့်နည်းပညာဆိုင်ရာ ပစ္စည်းများကို တီထွင်ဖန်တီးမှုများ အားအကာအကွယ်ပေးပြီး တီထွင်မှု မူပိုင်ခွင့်ပေးသည့် နိုင်ငံများ တွင် ဆန်းသစ်တီထွင်မှုများ ပိုမိုပြုလုပ်ကြသဖြင့် ကြီးပွားသည်ထက် ကြီးပွားချမ်းသာ လာကြောင်း၊ အဆိုပါ တီထွင်ဖန်တီးမှုများအား အကာအကွယ် မပေးသောကြောင့် တီထွင်ဆန်းသစ်မှုများ ပြုလုပ်ခြင်းမရှိဘဲ သူတစ်ပါး၏ တီထွင်မှုကို ခိုးယူအသုံးပြုနေသည့် နိုင်ငံများမှာ ဆင်းရဲသည်ထက် ဆင်းရဲလာရကြောင်း အထက်ပါကိုယ်စားလှယ် က ပြောကြားခဲ့သည်။


ပြီးခဲ့သည့် ၁၉၉၅ ခုနှစ်မှစ၍ မြန်မာနိုင်ငံသည် World Trade Organization(WTO) နှင့် World Intellectual Property Organization (WIPO)တို့နှင့် ယင်း ဥပဒေ IP Rights အား ပြုလုပ်ရန် အဖွဲ့ဝင်အဖြစ် လက်ခံခဲ့သောကြောင့် IP Rights ရုံးများ တည်ဆောက်ကာ ဖန်တီးသူများအား ကာကွယ်ပေးရန် တာဝန်ရှိလာ ပြီဖြစ်ကြောင်း ၄င်းက ဆိုသည်။


အသိဥာဏ်ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ (Intellectual Property Rights-IP Rights) ဥပဒေအရ စက်မှုပစ္စည်း မူပိုင်ခွင့်အရ တီထွင်မှု ပိုင်ဆိုင်ခွင့်၊ စက်မှုဒီဇိုင်းနှင့် ကုန် အမှတ်တံဆိပ်နှင့် ဝန်ဆောင်မှု အမှတ်တံဆိပ် မူပိုင်ခွင့်၊ စာပေအနု ပညာမူပိုင်ခွင့်(copyright) တွင် စာပေနှင့် အနုပညာလက်ရာ၊ ဂီတ၊ ရုပ်သံ၊ သဘင်နှင့် ဖျော်ဖြေမှု၊ ထုတ်လုပ်မှုနှင့် ထုတ်လွှင့်မှုစသည့် မူပိုင်ခွင့်များ ပါဝင်ကြောင်း သိရသည်။


ယင်းဥပဒေတွင် ပြစ်မှုကြောင်းအရ ပြစ်မှုပြစ်ဒဏ် ချမှတ်နိုင်ရန် အရေးယူခွင့်၊ တရားမကြောင်းအရ နစ်နာကြေးတောင်းဆိုပိုင်ခွင့်၊ တီထွန်ဖန်တီးသူ၏ ခွင့်ပြုချက်ဖြင့် အသုံးပြုသည့်တိုင် တီထွင်ဖန်တီးသူ၏ ကိုယ်ကျင့်သိက္ခာများကို ထိပါးမှု မရှိစေရန် ထိန်းသိမ်းကာကွယ်ခွင့် များ ထည့်သွင်းထားကြောင်း သိရသည်။


၎င်း၏ အဆိုအရ WTO ၏ စာချုပ်အရ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံး နိုင်ငံများအနေဖြင့် ၂ဝဝ၆ ခုနှစ်မှ ၂ဝ၁၃ ခုနှစ်အထိ အကောင်အထည်ဖော်ရန် ရွှေ့ဆိုင်းပေး ခဲ့သော ကြောင့် ၁-၇-၂ဝ၁၃ ရက်နေ့မှ စတင်အကောင်အထည်ဖော်နိုင်ရန် ယခုအချိန်မှစ၍ ကြိုတင်စီစဉ်မှုများ ပြုလုပ်သင့်ပြီဖြစ်ကြောင်း တင်ပြသွားသည်။


ယင်းဥပဒေနှင့် ပတ်သက်သော အဆိုအား မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)မှ ဦးဝင်းမောင်က ဝင်ရောက်ဆွေးနွေးခဲ့ပြီး စက်ခလုတ်နှိပ်မဲခွဲကာ အဆို အတည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ကြေညာခဲ့သည်။


အောင်ထက်(N.Y.K)

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်