Subscribe to our RSS Feed

မြန်မာနိုင်ငံရှိဈေးများတွင် ပိဿာချိန်သုံးစနစ်မှ နိုင်ငံတကာသုံး ကီလိုယူနစ်ဖြင့် ပြောင်းသုံးရန် ဆောင်ရွက်မည်


From : ခေတ်လူငယ်

မြန်မာနိုင်ငံရှိ ဈေးများတွင် ပိဿာချိန်သုံးစနစ်မှ နိုင်ငံတကာသုံး (ကီလိုယူနစ်- မက်ထရစ်ယူနစ်စနစ်) သို့ ပြောင်းလဲ သုံးစွဲနိုင်ရန် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် UMFCCI တို့ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြောင်းလဲမှုအတွက် ဝန်ဆောင်မှုများ၊ နည်းပညာများကို မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ ပါဝင်ဆောင်ရွက်မည်ဖြစ်ပြီး ကုန်စည်ဒိုင်နှင့် လုပ်ငန်းရှင်များကို ပညာပေးဖြန့်ဝေရန် မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်ကြီးများအသင်း (UMFCCI) မှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းအနေနဲ့ ကီလိုဂရမ် အလေးတွေကို ဒီဇိုင်းရေးဆွဲမယ်။ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ အလေးရဲ့ Weight ကိုဖော်ပြထားမယ်။ အလေးတွေ ထုတ်ဖို့ တင်ဒါခေါ်မယ်။ အလေးအတုတွေကို စစ်ဆေးအရေးယူဖို့နဲ့ စံချိန်မီတဲ့ အလေးတွေကို နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ဦးသန်းဝင်းက ပြောသည်။ မက်ထရစ်ယူနစ်စနစ်ကို ပြောင်းလဲသုံးခြင်းအားဖြင့် အလေးချိန်မှန်ကန်ပြီး ကုန်သည်အကြီး၊ အလတ်၊ အငယ်တွေအားလုံး အခွင့်အရေးမျှတစွာ ရရှိမည်ဖြစ်ကြောင်း သိရသည်။ “ ဒီစနစ်ကို ပြောင်းသုံးရင် ဈေးကွက်ထဲမှာ အလေးချိန်တွေ ပိုမှန်ကန်လာမယ်။ နောက်ပိုင်းမှာ မက်ထရစ်ယူနစ်က နိုင်ငံတကာ စံညွှန်းဖြစ်လို့ တွက်ချက်ပေးရတာ ပိုလွယ်ကူလာမယ်။ အချို့အခက်အခဲတွေက သုံးစွဲသူတွေက အလေ့အကျင့်မရှိသေးတော့ တစ်ပိဿာကို ဘယ်နှကီလိုဂရမ်ရှိမလဲ စတဲ့ Use to တွေ မဖြစ်တာတွေ ရှိနိုင်တယ်။ နောက်တစ်ခုက အလေးဟောင်းတွေကို ပြန်ပြောင်းဖို့ အလေးအသစ်တွေ ဝယ်ရမယ့်အတွက် ကုန်ကျစရိတ် ရှိလာမှာဖြစ်ပါတယ်” ဟု စံချိန်၊ စံညွှန်းကုမ္ပဏီ ဥက္ကဋ္ဌ ဦးမြင့်ဇော်က ပြောသည်။ စနစ်သစ် သုံးစွဲလိုသူများအတွက် ပိဿာချိန်နှင့် ကီလိုဂရမ် မတ်ထရစ်ယူနစ်တို့ ကွာခြားချက် အညွှန်းများကို ရောင်းချမည့် ဈေးဆိုင်များတွင် ကပ်ထားပေးမည်ဖြစ်ပြီး အလေးပိဿာ အဟောင်းများကို ဝယ်ယူ၍ အသစ်ဖြင့် လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်