Subscribe to our RSS Feed

အများပြည်သူသုံး ပီစီအိုဖုန်း မည်သည့်ဒေသတွင်မဆို လျှောက်ထားလျှင် ချပေးမည်


From : ခေတ်လူငယ်

အများပြည်သူ အသုံးပြုနိုင်သည့် ပီစီအိုဖုန်း လျှောက်ထားသော မည်သည့်ဒေသကိုမဆို ချထားပေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ အင်ဂျင်နီယာတစ်ဦးက ပြောသည်။ “ဖုန်းခေါ်ဆိုခတွေ၊ ဖုန်းနဲ့ပတ်သက်တဲ့ အရာအားလုံးကို တာဝန်ယူနိုင်မယ့် သူတစ်ဦး လိုအပ်ပါတယ်။ ကျေးရွာလူကြီးမှ မဟုတ်ပါဘူး။ အာမခံပေးနိုင်မယ့် မည်သူမဆို သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေပြည့်စုံရင် ချထားပေးသွားမှာပါ။ PCO အသုံးမပြုနိုင်တဲ့ နေရာတွေဆိုရင်တော့ မိုဘိုင်းဖုန်းကို ချထားပေးမှာပါ။ အဓိကတော့ဖုန်း အသုံးပြုမှု မတွင်ကျယ်သေးတဲ့ ဒေသတွေအတွက် ရည်ရွယ်ပြီး ဆောင်ရွက်ပေးတာပါ” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ ကျေးရွာများမှ ဖုန်းအသုံးပြုခွင့် လျှေက်ထားရာတွင် မိမိအသုံးပြုမည့် PCO ဖုန်း (ကြိုးဖုန်း) သို့မဟုတ် မိုဘိုင်းဖုန်းတန်ဖိုးအပေါ်မူတည်၍ စပေါ်ငွေတင်ရမည်ဖြစ်ပြီး ဖုန်းအတွက် ကနဦးတပ်ဆင်ခ ကောက်ခံသွားမည်မဟုတ်ပေ။ စပေါ်ငွေတင်ရာ တွင်လည်း ဖုန်းတန်ဖိုး၏ သုံးပုံတစ်ပုံခန့်သာတင်ထားရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ “ ဖုန်းခေါ်ဆိုခနှုန်းထားက တော့ လက်ရှိ ဆက်သွယ်ရေးက သတ်မှတ်ထားတဲ့နှုန်းထားအတိုင်း ပဲ ပေးသွင်းရမှာပါ။ ကျေးလက်ဒေသဆိုပြီး ပိုပြီးကောက်ခံမှာမဟုတ်ပါဘူး။ အသုံးပြုခွင့်လျှောက်ထားတဲ့အခါမှာလည်း ကြိုးဖုန်းလိုင်းရှိတဲ့ ဒေသကတော့ အချိန်တိုအတွင်းဖုန်းအသုံးပြုနိုင်မှာပါ။ ကြိုးဖုန်းလိုင်းလည်းမရှိဘူးဆိုရင်တော့ မိုဘိုင်းဖုန်းချထားပေးရမယ့်အတွက် အချိန်အနည်းငယ်ကြာမှာပါ။ အတတ်နိုင်ဆုံး အချိန်တိုအတွင်း ပေးနိုင်အောင် တော့ ဆောင်ရွက်သွားမှာပါ” ဟု အထက်ပါပုဂ္ဂိုလ်ကဆက်လက်ပြောသည်။ သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး မန်နေဂျာရုံးများတွင် ဖုန်းလျှောက်ထားရမည်ဖြစ်ပြီး ဖုန်းတပ်ဆင်မှုကို မြို့နယ်ဆက်သွယ်ရေးရုံးများမှ ဆောင်ရွက်ပေးမည်ဟု ၎င်းကဆိုသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်း မိုဘိုင်းဖုန်းသန်း ၃၀ ချထားပေးရာတွင် ကျေးလက်ဒေသများပါ ပါဝင်ပြီး အင်တာနက် သုံးစွဲခွင့်ကိုလည်း ငါးနှစ်အတွင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ သိရကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်