Subscribe to our RSS Feed

ကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်းများ ကြေညာမည်


From : ခေတ်လူငယ်

ဧပြီ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများအတွက် မဲဆန္ဒနယ်အလိုက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစာရင်း (မဲစာရင်း)များကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်အသီးသီးရှိ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကပ်ထားကြေညာမည်ဖြစ်သည်။ ယင်းမဲဆန္ဒနယ်၌ ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်ဦးသည် မဲစာရင်းတွင် ပါဝင်ခြင်း မရှိသေးပါက နည်းဥပဒေ (၉)အရ မိမိအမည်ကို မဲစာရင်းတွင် ထည့်သွင်းပေးရန် တောင်းဆိုလွှာပုံစံ (၃)ဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲသို့ မဲစာရင်းထုတ်ပြန် ကြေညာပြီးသည့်နေ့မှစ၍ ခုနှစ်ရက်အတွင်း တင်သွင်းတောင်းဆိုနိုင်သည်။ ထို့အပြင် မဲစာရင်းပါ အမည်နှင့် အချက်အလက်များအား ပြင်ဆင်၊ ကန့်ကွက်လိုလျှင်ဖြစ်စေ၊ မဲစာရင်းပါ မဲဆန္ဒရှင်တစ်ဦးဦးကိုလည်းကောင်း၊ ထည့်သွင်းထားသော အချက်အလက်များကိုလည်းကောင်း ပြင်ဆင်၊ ကန့်ကွက်လိုလျှင် ဖြစ်စေ နည်းဥပဒေ (၁၁)အရ ပုံစံ(၄)ဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲသို့ မဲစာရင်း ထုတ်ပြန် ကြေညာပြီးသည့်နေ့မှစ၍ ခုနှစ်ရက်အတွင်း ပြင်ဆင်လွှာ/ ကန့်ကွက်လွှာ တင်သွင်းနိုင်သည်။ အနည်းဆုံး ရက်ပေါင်း (၁၈၀) ထက်မနည်း မဲဆန္ဒနယ်ပြင်ပသို့ ရောက်ရှိနေသော နည်းဥပဒေ (၁၀) ပါ အခြားမဲဆန္ဒရှင်များသည် မိမိတို့လက်ရှိ ရောက်ရှိနေသော မဲဆန္ဒနယ်၏ မူလမဲစာရင်း (၂၀၁၀ မဲစာရင်း)တွင် မပါဝင်ပါက မူလမဲစာရင်းပါရှိရာ မဲဆန္ဒနယ်တွင် ကြားဖြတ်ရွေးကောက်ပွဲရှိမှသာ လက်ရှိရောက်ရှိနေသော မဲဆန္ဒနယ်၏ မဲစာရင်းတွင် ထည့်သွင်းပေးရန် သတ်မှတ်ထားသည့် ရက်အတွင်း ပုံစံ(၃-က) ဖြင့် လျှောက်ထားခွင့်ရှိမည် ဖြစ်သည်။ မဲဆန္ဒရှင်တစ်ဦးသည် ဒေသတစ်ခုမှ အခြားဒေသတစ်ခုသို့ ပြောင်းရွှေ့ရသဖြင့် မဲဆန္ဒနယ်တစ်နယ်၏ မဲစာရင်းမှ အခြားမဲဆန္ဒနယ် တစ်နယ်၏ မဲစာရင်းသို့ အမည်ပြောင်းရွှေ့လိုလျှင် လဝကပုံစံ(၁၀) နှင့်အတူ လက်ရှိမဲဆန္ဒနယ် မဲစာရင်းမှ မိမိအမည်ကို ပယ်ဖျက်၍ အခြားမဲဆန္ဒနယ်သို့ ပြောင်းရွှေ့ပေးရန် တောင်းဆိုလွှာပုံစံ (၄-က)ဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲသို့ တင်ပြတောင်းဆိုပြီး ပြောင်းရွှေ့ရောက်ရှိသည့် မဲဆန္ဒနယ်၏ မဲစာရင်းသို့ ပုံစံ(၄-ခ)၊ ပုံစံ (၃) တို့ဖြင့် မဲစာရင်းထည့်သွင်း ဆောင်ရွက်နိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန်ထားသည်ဟု ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

1 comments:

မတ်လ (၁)ရက်နေ့မှာ ပြောမယ့် မိန့်ခွန်းကို ဗွီဒီယို ဖိုင်လေးနဲ့ ရှာပြီး တင်ပေးပါဦးနော် MEG ရေ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်