သူငယ်ချင်းတစ်ယောက်က အရေးတကြီးဖုန်းဆက်လာပါတယ်။
“ဟေ့လူ (ကို)သန်းထိုက်ဦးတစ်ယောက် ဒေါ်စုခြံထဲကို ကရင်အင်္ကျီဝတ်ပြီး ၀င်သွားတဲ့ပုံတွေ တွေ့ပြီးပြီလား။ ဒေါ်စုနဲ့တောင် စားပွဲဝိုင်းတစ်ခုထဲမှာ အတူထိုင်ပြီး ဓါတ်ပုံတွဲရိုက်ထားတဲ့ပုံတွေတောင် နက်ပေါ်တက်နေပြီ။ ဘယ်လိုလုပ်ကြမလဲ။ တားကြ ဆီးကြ သတိပေးကြပါဦး...”တဲ့။
သူပြောလို့ ကျနော်လည်း နက်ပေါ်မှာရှာကြည့်လိုက်တော့(ဓါတ်ပုံပါတဲ့လင့်ကို မိုးသောက်ကြယ်အဖွဲ့သားတစ်ဦးမှ ရှာဖွေပေးခြင်းဖြစ်ပါတယ်) ကိုယ်မျက်စိတောင် ကိုယ်မယုံနိုင်အောင်ဖြစ်သွားတယ်။ လား- လား- လား- တယ်ဟုတ်ပါလား။ ဒီလူ သူ့ရည်ရွယ်ချက်ပြည့်အောင်တော့ လုပ်နိုင်သားပဲ။ ရည်ရွယ်ချက်ပြည့်ပြီးရင် ရည်မှန်းချက်နဲ့ သူရဲ့ရှေ့လုပ်ငန်းစဉ်တွေကို “ဂွင်”သမားပီပီ အကောင်အထည်ဖော်တော့မှာပဲ။ ဒီလိုပဲ ကျနော်သဘောပေါက်လိုက်ပါတယ်။
ပထမဦးဆုံး ဒီလူ ဘယ်လိုပုံစံနဲ့ ဒေါ်အောင်ဆန်းစုကြည်ခြံထဲဝင်သွားသလဲဆိုတာကို ထိုင်းမှာရှိတဲ့လူတွေဆီ ဆက်သွယ်တီးခေါက်ကြည့်လိုက်တော့ အဖြစ်မှန်အားလုံးကို သိရပါတယ်။ ဒါကြောင့် ဒီလူအကြောင်းကိုပါ တပါတည်းရေးလိုက်ပါတယ်။ ဒီလူလိုမျိုး အလားတူခြေလှမ်းပြင်နေတဲ့ လူတစ်ယောက်အကြောင်းကိုပါ အတိအကျရေးပေးလိုက်ပါတယ်။
ဒီလိုရေးလို့ မိုးသောက်ကြယ်ဂျာနယ်တာဝန်ခံအယ်ဒီတာဆိုတဲ့လူဟာ သူများကို အပုပ်ချဖို့၊ တိုက်ခိုက်ဖို့ပဲလုပ်နေသလား။ မနာလို ၀န်တိုစိတ်(ဣဿာ၊ မစ္ဆရိယစိတ်)တွေပဲ ကိန်းကောင်းနေသလား။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်ဖို့ပဲ အာသီသရှိနေသလားလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ကျနော့်ခံယူချက်ကတော့ တော်လှန်ရေးဗန်းပြ၊ နိုင်ငံရေးကိုခုတုံးလုပ်ပြီး စီးပွားရှာလုပ်စားနေတဲ့လူတွေ၊ လိမ်နေ ညာနေ ဖြီးနေ ဖြန်းနေတာတွေကို မုန်းပါတယ်။ ရွံ့လည်းရွံ့ပါတယ်။ ပုဂ္ဂိုလ်ခင်လို့ တရားမင်တယ်ဆိုတာမျိုးလည်း မရှိပါဘူး။ ဂျာနယ်မှာဖော်ပြရင် ပုဂ္ဂိုလ်ရေးဆန်ဆန် တိုက်ခိုက်မှုမျိုး မိုးသောက်ကြယ်ဂျာနယ်စာမျက်နှာပေါ်မှာမတင်မိအောင်နဲ့ အများသူငှာ သတိထားဆင်ခြင်မိအောင် ပါးပါးလေးပဲ ရေးတင်ပါတယ်။ မိုးသောက်ကြယ်ဂျာနယ်ရဲ့ အဓိကဖော်ပြနေတဲ့အကြောင်းအရာတွေကတော့ အတူယူစရာကောင်းတဲ့ ဂျပန်နိုင်ငံရေးအကြောင်း၊ လူမှုရေးအကြောင်းနဲ့၊ ဂျပန်ရောက် နိုင်ငံခြားသားတွေ သိသင့်သိထိုက်တဲ့ ဥပဒေရေးရာအကြောင်းကိုပဲ ဇောင်းပေးပြီးဖော်ပြတာပါ။
“ရိုးသားမှုဟာချစ်စရာ”တဲ့။ ဆရာတင်မိုးရဲ့ လက်သုံးစကားပါ။ ရိုးသားတဲ့လူမှန်သမျှကို ကျနော်ချစ်ပါတယ်။ ပုခုံးပေါ်သာမက ခေါင်းပေါ်မှာပါ ဦးထိပ်တင်မှာပါ။
ရိုးသားမှုအားလုံးကိုလေးစားလျက်-
စိုးဝင်းရှိန်
(မိုးသောက်ကြယ်ဂျာနယ်တာဝန်ခံအယ်ဒီတာတစ်ဦး)
ကရင်အင်္ကျီဝတ်ပြီး ဒေါ်စုနဲ့တောင် ဓါတ်ပုံရိုက်ယူနိုင်ခဲ့တဲ့ ဂျပန်က“အာ”စီးပွားရေးသမား (သို့မဟုတ်) “ကိုတင်ဝင်း”ထက်သာသွားတဲ့ “ကိုသန်းထိုက်ဦး”
ကရင်အင်္ကျီအပြာရောင်ဝတ်ထားတဲ့ သန်းထိုက်ဦး(နာမည်ရင်း သန်းထိုက်)ဆိုတာ လှည့်ပတ်လိမ်စားနေတဲ့ လူတယောက်ပါ။ ဂျပန်ကို (၂၀၀၀)မတိုင်မီကရောက်ပြီး စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်ရင်း ဂျပန်တယောက်နဲ့ ရန်ဖြစ်လို့ ဖမ်းဆီးပြန်ပို့ခံရပါတယ်။ ဂျပန်ကိုပြန်လာချင်တော့ ပထမဦးဆုံး နာမည်ပြောင်းပါတယ်။ အမည်ရင်းသန်းထိုက်ကနေ သန်းထိုက်ဦးဆိုပြီး ပတ်စပို့စာအုပ်အသစ်နဲ့ ပြန်ဝင်လာပါတယ်။ ဂျပန်ဥပဒေအရ အိုဗာစတေးမှုနဲ့ ရာဇ၀တ်မှုကြောင့် မိခင်နိုင်ငံပြန်ပို့ခံရတဲ့လူတွေကို ၅ နှစ်အတွင်း ပြန်ဝင်လို့မရဘူးလို့ ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် နာမည်အသစ်၊ ပတ်စပို့အသစ်နဲ့ ပြန်ဝင်လာတာပါ။ ဂျပန်ပြန်မလာခင် ပြင်ဆင်စရာရှိတာတွေ အားလုံးကို ပြင်ဆင်ပါတယ်။ ဂျပန်အစိုးရထံမှာ ရဖြူဂျီ(ဂျပန်ရောက် မြန်မာများအခေါ် “အာ”ဗီဇာ)လျှောက်ချင်တော့ (NLD)
ဟောပြောပွဲတွေသွား၊ ဓါတ်ပုံတွေရိုက်၊ အထောက်အထားအတုတွေ ရယူခဲ့ပါတယ်။ သူ့ဒါမျိုးလုပ်တဲ့အကြောင်းကို စာရေးဆရာ သူရိန်ထက်က “ခြံစည်းရိုးလေးကို ကျေးဇူးပါတယ်”ဆိုပြီး ဂျပန်မှာထုတ်တဲ့ အာဟာရစာစောင်မှာလည်း ဖော်ပြခဲ့ဖူးသလို၊ မိုးမခ နဲ့ ရွှေဒေါင်းတောင် စာမျက်နှာမှာလည်း တင်ထားပါတယ်။ ဖတ်ချင်တယ်ဆိုရင်တော့-
http://moemaka.com/2011/06/suu-66-article-thuyein-htet-2/
http://www.shwedaungtaung.com/index.php?option=com_content&view=article&id=176:2011-08-25-18-51-55&catid=1:education-guide&Itemid=50
မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။
ဒီလိုနဲ့ ဂျပန်ကို ပြန်ဝင်ရောက်လာပြီး ပြည်တွင်းမှာ နိုင်ငံရေးလုပ်ခဲ့လို့ အသက်လုပြီး ထွက်ပြေးလာရပါတယ်လို့ပြောပြီး ဂျပန်လ၀ကဆီမှာ ရဖြူဂျီလျှောက် နောက် “အာ”ဗီဇာရသွားပါတယ်။ “အာ”ဗီဇာရတော့ ပထမအိမ်ထောင်နဲ့ ရခဲ့တဲ့ သားသမီး(၃)ယောက်ကို ဂျပန်ခေါ်ပါတယ်။ ရောက်လာတဲ့နောက်ပိုင်း ဂျပန်လာချင်တဲ့လူတွေကို ယန်း သောင်း ၁၅၀ (ကျပ်သိန်း တစ်ရာ့ခြောက်ဆယ်ကျော်)ယူပြီး လက်ထပ်ဗီဇာနဲ့ ခေါ်ပါတယ်။ ဒါကို မိုးသောက်ကြယ်ဂျာနယ်ရဲ့ “ကြားလိုက်ရသောအသံများ”ခေါင်းစဉ်အောက်မှာ “အာ”ပုံပြော၍ “အာ”ကုန်ကူးခြင်းဆိုပြီး သရော်စာပုံစံမျိုးရေးခဲ့ဖူးပါတယ်။ မကျေနပ်လို့ဆိုပြီး ရှေ့နေငှားပြီး တိုင်ပါတယ်။ နောက်ဆုံးတော့ သူ့ဖာသာသူပြန်လျောချသွားပါတယ်။
ဒီလိုနဲ့ ဂျပန်မှာ အနှစ်(၂၀)ကျော်နေထိုင်နေတဲ့ ရေလှံတဲ့ မြန်မာပြည်ပေါက် ကုလားမတစ်ဦးကို(မလိုအပ်သေးသဖြင့် နာမည်မရေးသေးခြင်းဖြစ်ပါတယ်) ချစ်ကြိုက်ချင်အောင် လိမ်ညာပေါင်းသင်းပြီး နှစ်ပေါင်း(၂၀)ကျော် နေ့မအိပ်ညမအိပ်ရှာထားတဲ့ငွေများကို ကားဟောင်းရောင်းဝယ်ရေးကုမ္ပဏီထောင်မယ်ပြောပြီး ယန်း သိန်း(၅,၀၀၀)ကျော် ရယူပြီး ထိုင်းနိုင်ငံ မဲဆောက်မှ လိုင်စင်မဲ့ကားများကို ခိုးသွင်းနေသူဖြစ်ပါတယ်။
သားသမီး(၃)ယောက်ကလည်း 'ဘမျိုး ဘိုးတူ'ဆိုတဲ့အတိုင်း ဂျပန်မှာဆိုးသွမ်းရှုပ်ပွေလွန်းလို့ တယောက်သိန်း(၅၀၀)စီပေးပြီး မြန်မာပြည်ပြန်ခိုင်းလိုက်တယ်လို့ သိရပါတယ်။ မပြန်လို့လည်း မရတော့တဲ့အခြေအနေတွေကို ဂျပန်လ၀က က သိသွားလို့ပါ။
သူကလည်း ဂျပန်လာချင်တဲ့ မြန်မာပြည်ထဲက မိန်းကလေးတစ်ယောက်ကို ကျပ် သိန်း ၁၂၀ တောင်း။ လူလည်းယူ ငွေလည်းယူပြီး လက်ထပ်ဗီဇာနဲ့ခေါ်လိုက်ပါသေးတယ်။ မကုလားမကြီးက ဒေါသူပုန်ထပြီး ဒီမိန်းမကို မြန်မာပြည်ပြန်မပို့ရင် ရှင့်ကို ကားကုမ္ပဏီထောင်ဖို့ ငွေထုတ်မပေးတော့ဘူးလို့ ရာဇသံပေးလို့ ချော့မော့ပြီး ပြန်ပို့လိုက်ပါတယ်။
အခု သူက မဲဆောက်မှာ နောက်မိန်းမခပ်ငယ်ငယ်တယောက်နဲ့ နေသလို ကြားနေရသလို ကုလားမကြီးကို ငွေမပြားမှ မပို့တော့လို့ တငိုငို တရီရီဖြစ်နေတယ်လို့လည်း ကြားရပါတယ်။
ပြီးခဲ့တဲ့ ပြည်ထောင်စုနေ့က ဗိုလ်ချုပ်ထိန်မောင်တို့နဲ့အတူ ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ ဓါတ်ပုံအတူရိုက်နေတာမြင့်တွေရတော့ လူလိမ်တယောက်ကို မဖြစ်မနေဖေါ်ထုတ်ရခြင်းဖြစ်ပါတယ်။ သူ့ ပါစင်နယ်ကို ဖေါ်ထုတ်ရေးနေခြင်းမှာ ပါစင်နယ်ကောင်းမှ ယုံကြည်ရမှာဖြစ်လို့ မဖြစ်နေ ရေးပြရခြင်းဖြစ်ပါတယ်။
ယနေ့အချိန်ကာလဟာ ကားများကို တရားဝင်တင်သွင်းခွင့်ပြုနေပြီဖြစ်တဲ့အတွက် လိုင်စင်မဲ့ကားများ ခိုးသွင်းမှုမှာ အရောင်းအ၀ယ်မဖြစ်တော့ပါ။ ဒါကြောင့်
ကားအရောင်းအ၀ယ် ကားခိုးပို့မှုကိုကူညီသော လူများနှင့်ဆက်သွယ်ကာ ဗိုယ်ချုပ်ထိန်မောင်တို့ထံ ချည်းကပ်ပြီး “ဂွင်”ဖန်ဖို့နည်းမျိုးစုံကြံနေခြင်းဖြစ်ပါတယ်၊
ဗိုလ်ချုပ်ထိန်မောင်တို့အဖွဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ်ထိုးပွဲ သွားရောက်သည်ကို နောက်တနေ့မှာ သိသိချင်း ဇွတ်လိုက်သွားတာလို့ မဲဆောက်ကလူတွေပြောပြလို့ သိရပါတယ်။ အကြောင်းကတော့ ကရင်ပြည်နယ်မှာ အကြီးမားဆုံး ရွှေကြောကြီးတွေ့ရှိနေသည့်သတင်းကို ကြားသိနေသဖြင့် “ဂွင်”အကြီးကြီးဖန်ခြင်းဖြစ်ပါတယ်။
ဗိုလ်ချုပ်ထိန်မောင်တို့အဖွဲ့ ငြိမ်းချမ်းရေး ရယူပြီးလျှင် ရွှေတူးဖေါ်ရေးလိုင်စင်ကို အစိုးရထံမှ တောင်းပြီးလုပ်ရန် ရည်ရွယ်ထားပုံရပါတယ်။ (ငြိမ်းချမ်းရေးယူပြီးသော ဖဒိုအောင်ဆန်းတို့ ဦးအောင်ခန်းထီးတို့ အဖွဲ့များအား မြေအောက်သယံဇာတတူးဖေါ်ရေးလိုင်စင် ထုတ်ပေးခဲ့သည်ကို သိကြမှာပါ)။ ထိုအတွက်ကြောင့် ရိုးသားသော တိုင်းရင်းသားများအပေါ် နိုင်ငံရေးအရအလွဲသုံးစားလုပ် အခွင့်ကောင်းယူရန် “ဂွင်”ဖန်နေသောလူတယောက်သာဖြစ်ပါတယ်။ ဘာနိုင်ငံရေးမှ လုပ်ခဲ့တဲ့သူမဟုတ်သလို ဘာနိုင်ငံရေးခံယူချက်မှလည်း ရှိတဲ့သူမဟုတ်ပါ။ နိုင်ငံရေးလုပ်နေသူများကို အသုံးချပြီး လူမွေးကာ ငွေအနည်းငယ်ပို့ပြခဲ့ဘူးသည်ဟု သိရပါသည်။ ဂွင်အကြီးကြီးမှ ကိုင်တဲ့သူဖြစ်ပါတယ်၊ ဂွင်သေးရင် လှည့်တောင်မကြည့်ပါ။ ။
နောက်တစ်ဦးက ကိုတင်ဝင်းဆိုတဲ့လူအကြောင်းပါ။ ဆက်ရေးပါမယ်။ အတိအကျကိုရေးမှာပါ။ ဒီလူ လူလည်ကျတာ၊ နှစ်ပေါက်တစ်ယောက်ရိုက်ပြီး အာရွီး၊ ညာဖြီးတာကို သောက်မြင်ကပ်လို့ ကျနော်ကိုယ်တိုင် သံမှူးဦးကောင်းစံလွင်နဲ့ဗျူးထားတဲ့ အသံဖိုင်ပါ ပူးတွဲတင်ပေးမှာပါ။
ဒီလိုရေးလို့ ပုဂ္ဂိုလ်ရေးအမြင်မကြည်ဘူး၊ ပုဂ္ဂိုလ်ရေးမသင့်မြတ်ဘူးလို့ထင်လည်း မတတ်နိုင်ပါ။ ပုဂ္ဂိုလ်ရေးက ပုဂ္ဂိုလ်ရေးပါ။ အစပထမပြောခဲ့သလို ကျနော့်ခံယူချက်ကတော့ တော်လှန်ရေးဗန်းပြ၊ နိုင်ငံရေးကိုခုတုံးလုပ်ပြီး စီးပွားရှာလုပ်စားနေတဲ့လူတွေ၊ လိမ်နေ ညာနေ ဖြီးနေ ဖြန်းနေတာတွေကို မုန်းပါတယ်။ ရွံ့လည်းရွံ့ပါတယ်။ ပုဂ္ဂိုလ်ခင်လို့ တရားမင်တယ်ဆိုတာမျိုးလည်း မရှိပါဘူး။ မိုးသောက်ကြယ်ဂျာနယ်တာဝန်ခံအယ်ဒီတာတွေ၊ အဖွဲ့သားတွေ မရိုးသားတာ၊ မဟုတ်တာ မမှန်တာလုပ်တာ၊ ပြောတာ ဆိုတာ၊ အာရွှီး ညာဖြီးနေတာ ရှိရင်လည်း ဝေဖန်ပေးကြပါ။ ပြုပြင်ပါမယ်
http://www.facebook.com/media/set/?set=a.1531540252592.2071549.1357340814&type=3#!/maungshin1
http://www.shwedaungtaung.com/index.php?option=com_content&view=article&id=176:2011-08-25-18-51-55&catid=1:education-guide&Itemid=50
ကာတော့ ကြာခဲ့ပါပြီ။ ၁၉၉၃ ခုလောက်ကပေါ့။ ဂျပန်နိုင်ငံ ကာဝါစကီ ဖက်က ထမင်းဗူးတွေ ထုတ်လုပ်တဲ့ စက်ရုံတခုကို နှင်းတွေဝေနေတဲ့ မနက်စောစောမှာ ရဲနဲ့ လ၀က အရာရှိတွေ အများအပြားဟာ ၀ိုင်းဝန်း ပိတ်ဆို့ ဖမ်းဆီးလိုက်တယ်။ ရက်ကျော်နေထိုင်တဲ့ တရားမ၀င် နိုင်ငံခြားသားအလုပ်သမား တော်တော်များများကို ဖမ်းမိလိုက်တယ်။ နိုင်ငံခြားသား အားလုံးဟာ မြန်မာနိုင်ငံသား တွေပေါ့။ အဲဒီခေတ်ကာလအခြေအနေအရ ဒီလို တရားမ၀င် နိုင်ငံခြားသားတွေ အလုပ်လုပ်တဲ့ စက်ရုံတွေကိုဖမ်းဆီးတာ အတော်လေးရှားတယ်။ အထူးသဖြင့်တော့ မြန်မာနိုင်ငံသားတွေ ကြားထဲ အတော်လေး ဂယက် ရိုက် သွားတယ်။
အားလုံးကို ဖမ်းဆီးစစ်ဆေးပြီး ရက်ကျော်နေထိုင်မှုနဲ့ အရေးယူပြီး မိခင်နိုင်ငံကို ပြန်ပို့လိုက်တယ်ပေါ့။ အားလုံးကို ပြန်ပို့ လိုက်တယ်ဆိုပေမယ့် တယောက်ကိုတော့ ပြန်မပို့ပဲ မကြာခင်မှာ ပြန်လွှတ်ပေးလိုက်တယ်။ သူ့ကို ဖမ်းဆီး စစ်ဆေးတဲ့ အခါ သူ့ဆီမှာ ဓါတ်ပုံတပုံကို တွေ့လို့ပါ။ ဓါတ်ပုံထဲမှာ တခြားတော့ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံရေး လှုပ်ရှား ဆောင်ရွက်ခဲ့တဲ့ ဓါတ်ပုံလေးပါ။ သူ့ကို ဖမ်းဆီးပြန်ပို့မယ်ဆိုရင် မြန်မာနိုင်ငံပြန်တဲ့အခါ သက်ဆိုင်ရာ အာဏာပိုင်တွေက ဖမ်းဆီးနှိပ်စက် ထောင်ချ အရေးယူမှာကို စိုးရိမ်တဲ့အတွက် လူသားချင်းစာနာထောက်ထားမှုအရ ပြန်လွှတ်ပေးလိုက်တယ် ဆိုပါစို့။့ အားလုံးထဲမှာ သူတယောက်တည်း ပြန်လွတ်လာတာမို့ ဒေါ်စုပုံလေး ကယ်လိုက်တာဆိုပြီး ကာယကံရှင်က တဖွဖွ ပြောဆို ကျေးဇူးတင်ခဲ့ပါသတဲ့။
ဒီတော့ အဲဒီခေတ်အခါက ဂျပန်က မြန်မာတွေကြားထဲမှာ ဒေါ်စုကြောင့် လူတယောက် အဖမ်းခံဘ၀က လွတ်မြောက်ခွင့် ရခဲ့တယ်။ ဒေါ်စုသာမက ဒေါ်စုရဲ့ ဓါတ်ပုံလေးက အစွမ်းထက်တယ်လို့တောင် ပြောစမှတ်ပြုခဲ့ကြပါတယ်။
xxxxxxxxxxxxxxxxxxxxxx
နောက်တယောက်က ကိုအောင်တဲ့။ သူက ပထမ ကိုးရီးယားမှာ နေတာ။ ကိုးရီးယားမှာ နေခဲ့စဉ်ကတည်းက နိုင်ငံရေး လုပ်ခဲ့တဲ့သူပေါ့။ ကိုးရီးယားက တက်ကြွလူငယ်ထဲက တဦးဆိုပါတော့။ နောက်တော့ သူက ဂျပန်ကို ရောက်လာတယ်။ ကိုးရီးယားမှာ ရက်ကျော်နေထိုင်တဲ့သူတယောက်က ဂျပန်ကို ရောက်လာတယ်ဆိုတာ အောက်လမ်းနည်းနဲ့ ရောက်လာတယ် ဆိုတာတော့ ဂျပန်က မြန်မာတွေ သိကြတယ်။ အောက်လမ်းဆိုပေမယ့် တကယ်က ရေလမ်းပေါ့လေ။ ကိုးရီးယားက သင်္ဘောထဲ သိုသိုသိပ်သိပ် လိုက်ပါခဲ့ပြီး ဂျပန်ကမ်းရောက်တော့ ဆင်းနေခဲ့တယ်ဆိုပါတော့။ သိတဲ့အတိုင်း ကိုးရီးယားနဲ့ ဂျပန်က ပိဖိဖိတ်ရဲ့ ဟိုဖက်ကမ်း ဒီဖက်ကမ်းကိုး။
အဲဒီအချိန်က ၂၀၀၄-၂၀၀၅ ၀န်းကျင်ဖြစ်မယ်ထင်တယ်။ ကိုအောင်တို့ဂျပန်ကို ၀င်လာတဲ့အချိန်ကာလဟာ သိပ်ခေတ်ကောင်းတဲ့ အနေအထားတော့ မဟုတ်ပါဘူး။ ဒီလို တရားမ၀င် ခိုးဝင်တာကို ဂျပန်ဖက်က သိထားလို့ အရေးယူ ဖေါ်ထုတ်ဖမ်းဆီး ပြန်ပို့တာတွေ လုပ်နေတယ်။ ဂျပန်အနေနဲ့ ဒါဟာ ပြစ်မှုတခုလို သဘောထား ကိုင်တွယ်နေတဲ့ အချိန်ပေါ့။
ဂျပန်အာဏာပိုင်တွေက ဘယ်လိုသဘောထားထားပေါ့လေ။ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အသိုင်းအ၀ိုင်းကတော့ အလွန်နွေးထွေးပါတယ်။ ကိုးရီးယားမှာ မကလို့ ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် မြန်မာ့နိုင်ငံရေးကို ဆောင်ရွက်နေတဲ့သူဆို နိုင်ငံရေး လုပ်ဖေါ်ကိုင်ဖက်ပဲ မဟုတ်လား။ ဆိုတော့ ဂျပန်က နိုင်ငံရေးအင်အားစုတွေက ကိုအောင်ကြီးကို ကြိုဆိုကြ ဧည့်ခံကြနဲ့ပေါ့။ ကိုးရီးယားရဲ့ အအေးဒဏ်ကို ကိုးရီးယား ဆိုးဂျူးနဲ့ ကာကွယ်ခဲ့ဖူးတဲ့ကိုအောင်တယောက် ဂျပန်ရောက်တော့ ဂျပန် ဆာကေး နဲ့ မိတ်ဆွေဖြစ်ရတယ်ပေါ့။ ဟိုလူက “၀မ်းသာတယ်ဗျာ.. ရော့တခွက်”.. ဒီလူက “ကြိုဆိုတယ်ဗျာ.. ရော့တခွက်.. ” နောက်တယောက်က “ကွန်ကယက်ကျူးလေးရှင်းဗျာ.. ရော့တခွက်..” မူးလာရင် ဂျပန်လိုပြောလိုက်ရမှ အာတွေ့တဲ့ နောက်တယောက်ကလည်း “အိုမဲ့တဲ့တိုး.. ကိုအောင်” ဆိုပြီး ရော့တခွက်နဲ့ပေါ့။
ပြောရရင် ကိုအောင်က အရက်သိပ်သောက်လေ့သောက်ထ ရှိတဲ့သူမဟုတ်ဘူး။ ဒါပေမယ့် ကျေးဇူးရှင် ဂျပန်က ကိုယ်တော်တွေကို အားနာတာ၊ ၀မ်းသာတာ၊ ဂုဏ်ယူတာတွေအပြင် ဂျပန်ဆာကေးလေးကလည်း အ၀င်ကောင်းလေတော့ အတော်လေး မူးသွားတယ်။ ဒီတော့ ပြန်မယ်ပေါ့။ အဖေါ်တွေက လိုက်ပို့မယ်ဆိုပေမယ့် ကိုအောင်ခင် အိမ်နီးလေးပါ။ ရပါတယ် ဆိုပြီး အားနာတာနဲ့ လိုက်မပို့ခိုင်းဘူး။
အဲ.. တချို့အရက်ကောင်းတွေက ထိုင်သောက်တုန်းက အရသာလေး ရှိသလောက် ထသွားတော့ အစွမ်းပြတော့ တာကိုး။ ဆိုင်ပြင်ခပ်လှမ်းလှမ်းရောက်တော့ မိုးက အတော်ချုပ်ပြီ။ ကိုအောင်လည်း အတော်လေး ပေါက်မြောက်နေပြီ။ တွေ့တဲ့တက္ကစီကို တားဆီးမယ်ဆိုပြီး ကားမိုးပေါ် မီးလင်းနေတဲ့ကား လာထား ဆိုပြီး ဖမ်းတားလိုက်တာ တက္ကစီမဟုတ်ပဲ ရဲကားဖြစ်နေပါလေရော။ ဒယိမ်းဒယိုင်နဲ့ ကိုအောင်ကို ရဲ့ ဘာကူညီရမလဲ ခင်ဗျ.. ကူညီပါရစေ လုပ်မယ်ကြည့်တော့ အမူးလွန် နေတဲ့ ကိုအောင်၊ ဂျပန်လိုလည်း “ဟိုက်” ဆိုတဲ့တလုံးလောက် တတ်တဲ့ကိုအောင်။ တွေ့ပါလေရော။ ဒါနဲ့ ဂျပန်စေတနာရှင် ရဲတွေက ကိုအောင်နေတဲ့အိမ် ပြန်ပို့ပေးဖို့ ကိုအောင့်လိပ်စာပါမယ့် နိုင်ငံခြားသားကဒ် တောင်းပါလေရော။ ခိုးဝင်လာပါတယ် ဆိုမှာ ဘယ့်နှယ့်အိုင်ဒီကဒ် ရှိမလဲ။ ဘယ်ပို့ပေးလို့ ဘယ်လိုကူညီရမှန်းမသိလေတော့ မထူးဘူး။ ရဲကင်းစခန်း ခေါ်သွားပါလေ ရော။ သာမန်ဆို အမူးလွန်နေရင် အမူးသမားတွေထားတဲ့ ဆေးရုံပို့ပေး။ မနက်အမူးပြေရင် ကိုယ့်ဘာသာပြန် ရတာမျိုးဖြစ်ပေမယ့် အခု ကိုအောင်က ဘာစာရွက်စာတမ်း ဘာကဒ်မှမရှိ။ ဘယ်နိုင်ငံကမှန်းလည်းမသိ။ ဆိုတော့ ရဲကင်းက တာဝန်ခံကတဆင့် မြို့နယ် ရဲစခန်းပေါ့။
မူးနေတဲ့ ကိုအောင် သူ့စီးလာတာ တက္ကစီမဟုတ်ပဲ ရဲကားဖြစ်ပြီး ပြသနာတော့ တက်နေပြီဆိုတော့ ဖြေရှင်းဖို့နည်းလမ်း လည်းမသိ။ ဖမ်းခံရရင် နိုင်ငံပြန်ပို့တော့မှာပဲ ဆိုပြီး စိုးရိမ်ချက်ကလေးကလည်း ရှိနေတော့ တတ်သမျှ အင်္ဂလိပ်စကားတွေနဲ့ စခန်းတာဝန်ခံကို ရှင်းပြပါလေရော။ ဂျပန်နိုင်ငံကလည်း အင်္ဂလိပ်စကားကို တကယ်တတ်တဲ့သူတွေက မွှတ်နေအောင် တတ်ပေ မယ့် မတတ်တဲ့သူကလည်း အလွန်ညံ့တာကလား။ ဆိုတော့ ကိုအောင်ပြောတဲ့ အင်္ဂလိပ်စကားကို ရဲအရာရှိကလည်း နားမလည် ဘူး။ ပြီးတော့ မူးနေတဲ့ အာရှသံပီသတဲ့ အင်္ဂလိပ်စကားဆိုတော့.. စဉ်းစားသာကြည့်ပေတော့။
အဲ.. ဒါပေမယ့် ကိုအောင်ပြောတဲ့ထဲမှာ သူတို့ နားလည်တဲ့စကားတခွန်းတော့ ပါတယ်။ အဲဒါက “အောင်ဆန်းစုကြည်” ဆိုတဲ့ နာမည်ပဲ။ သတင်းတွေမှာ အထပ်ထပ်အခါခါ ကြားနေရတဲ့နာမည်။ သတင်းစာမှာ မကြာခဏတွေ့နေရတဲ့ နာမည်။ ဆိုတော့ “အောင်ဆန်းစုကြည်တို့ တိုင်းပြည်ကဖြစ်မယ်ကွ” “ဒီလူဒီနာမည်ပဲ အထပ်ထပ်ရွတ်နေပုံထောက်တော့ အောင်ဆန်းစုကြည်တို့ အဖွဲ့က လူဖြစ်မယ်ကွ“ ဆိုပြီး နောက်ဆုံး ၀ိုင်းဝန်းစဉ်းစားတိုင်ပင်ပြီး “သနားပါတယ်ကွာ.. သူတို့ တိုင်း ပြည်ပြန်ပို့ရင် ဒုက္ခရောက်မယ့်သူဖြစ်မယ်။ တညသိပ်ပြီး မနက်ပြန်ပို့ပေးလိုက်ပါကွာ” တဲ့။
ဒီလိုနဲ့ ကိုအောင်တယောက် အခုထိ ဂျပန်မှာ သောင်တင်တုန်း။ ဘာပဲဖြစ်ဖြစ် ပြောစမှတ်လည်း ကျန်ခဲ့တယ်။ “ဒေါ် အောင်ဆန်းစုကြည်ကကွာ… အတော်အစွမ်းအစ ရှိတဲ့ ခေါင်းဆောင်ဆိုတာ ငြင်းစရာမရှိဘူး။ ကြည့်လေ.. လူသာမက ဓါတ်ပုံ တောင် မဟုတ်ဘူး.. ဒေါ်အောင်ဆန်းစုကြည် .. ဒေါ်အောင်ဆန်းစုကြည်နဲ့ နှုတ်ငုံဆောင်တာနဲ့တောင် အဖမ်းအဆီးက လွတ်တယ်” တဲ့။
xxxxxxxxxxxxxxxx
ပြောရရင် ဂျပန်က သတင်းမီဒီယာ အလွန်အားကောင်းတဲ့နိုင်ငံပါ။ သတင်းစာတွေ ပလူပျံနေသလို တီဗွီတွေမှာလည်း အပ်ကျတာက အစ ကြေညာပေးနေတဲ့ နိုင်ငံလို့တောင် ဆိုနိုင်တယ်။ ဒီတော့ သာမန်လူတွေတောင် အနည်းဆုံး သတင်း မီဒီယာတွေကျေးဇူးကြောင့် ဗဟုသုတတော့ အတော်လေး ရှိတယ်ပြောရမယ်။
ဒါပေမယ့် “ဘယ်နိုင်ငံကလဲ.. မျက်နှာက ဂျပန်လူမျိုးနဲ့ အတော်တူတယ်နော်” ဆိုပြီး မေးလာခဲ့ရင် “ကျမက မြန်မာ ပြည်ကပါ” ဆိုရင် သူတို့ အတော်လေး အူကြောင်ကြောင် ဖြစ်ကြတယ်။ မြန်မာဆိုတာကို နောက်ပိုင်းမှ ပြောင်းလိုက်တာ ကြောင့်လည်းဖြစ်မှာပေါ့လေ။ မြန်မာဆိုရင် ဟိုး ဥရောပဖက်ကလား.. အာရပ်ဖက်ကလား.. တောင်အမေရိကားဖက်ကလား နဲ့ သိတဲ့လူက အလွန်ရှားပါတယ်။ မေးတဲ့သူက လူကြီးပိုင်း ဆိုရင်တော့…. “သြော်.. ကျမ ဘိရုမာကပါ” ဆိုရင်တော့ မရောက်ဖူးတဲ့ သူတောင် “သြော်.. သိပြီ.. အလွန်ကြင်နာတဲ့လူမျိုး.. ဘိရုမနော့ တာတဲဂိုတို (ဗမာ့စောင်း) ရုပ်ရှင်ထဲ ကြည့်ဖူးတယ်..။ သိပ်ချစ် စရာကောင်းတာ.. သိပ်ကြင်နာတာ.. ” ဆိုတာနဲ့ ချက်ခြင်းရင်းနှီးသွားနိုင်ပါတယ်။ ဘိရုမာကို ရောက်ဖူးတဲ့ စစ်ပြန်ကြီးတွေဆိုရင် တော့ ဘိရုမာလူမျိုးဆိုတာနဲ့ “ဟာ.. ဘာကူညီရမလဲ.. အသက်သခင် ကျေးဇူးရှင်တွေ.. ၀မ်းသာလိုက်တာ” ဆိုတာမျိုးဖြစ်ကြတာပါ။ စကားအလွန်ပြောချင်တဲ့ စစ်ပြန်တချို့ဆို..
“မြန်မာ့တပ်မတော်က.. တို့ နိပွန်းဘုရင်တပ်မတော်ရဲ့ မျိုးဆက်သစ်ကွ။ တို့ဘုရင့်တပ်မတော်က မွေးထုတ်ပေးခဲ့ကြ တာမို့ ငါတို့ တပ်မတော်ပါပဲ။ ဂျပန်တပ်မတော်က ဖျက်သိမ်းခံရပြီး မရှိတော့ပေမယ့် မြန်မာတပ်မတော်ရှိသေးလို့ ဒါ တို့မျိုးဆက် သွေးသားတပ်မတော်ကွ.. သိပ်ဂုဏ်ယူဖို့ကောင်းတာ..အဲ.. ဒါပေမယ့်.. အခု တပ်မတော်က.. ” ဆိုတာမျိုး လည်း ကြားရမှာ ဖြစ်ပါတယ်။
လူငယ်ပိုင်းတွေကတော့ မြန်မာဆိုလည်း မသိ ဘိရုမာဆိုလည်း ကြားဖူးသလိုလို ဖြစ်နေတယ်ဆိုရင် “ဒေါ်အောင်ဆန်းစု ကြည်တို့ တိုင်းပြည်ကလေ” ဆိုတာနဲ့ တန်းသိပါတယ်။ သိတာမှ ဆွေးမျိုးရင်းချာတယောက်လို လေးစားစရာကောင်းတဲ့သူ တယောက်အဖြစ်နဲ့ကို သိကြတာပါ။ “ဟာ.. သတင်းမှာ ကြည့်ရတယ်။ သိပ်သတ္တိရှိတယ်နော်။ သိပ်တော်တယ်..၊ သိပ်ပြီးတော့..” ဆိုတာတွေနဲ့ ကိုယ့်ခေါင်းဆောင်ကို ကိုယ့်ထက်တောင် သူတို့က လေးစားနေကြတာကလား။
ဒါကြောင့်လည်း ကျိုတိုဖက်က ဟာမမတ်ဆု ဆိုတဲ့မြို့က တက္ကသိုလ်မှာ ဒေါ်အောင်ဆန်းစုကြည် လေ့လာသင်ယူခဲ့တဲ့ အခန်းလေးမှာ ဒေါ်စုပုံတွေ ချိတ်ဆွဲပြီး ပြတိုက်လုပ်ထားပါတယ်။ ဧည့်သည်တော်တွေ၊ လေ့လာသူတွေလာရင်တော့ အခန်းဖွင့်ပေးပြီး ပြသ ဂုဏ်ယူသလို ကျန်အချိန်တွေမှာ သီးသန့်ပြတိုက်အဖြစ်ထားပြီး ဂုဏ်ယူ ထိန်းသိမ်းထားပါတယ်။
ဂျပန်က မြန်မာတွေထဲမှာ ခိုးမှု၊ ခါးပိုက်နှိုက်၊ လုယက်၊ အကြမ်းဖက် ဆိုတာမျိုးလည်း သတင်းမှာ မကြားဖူးသလို ယုတ်စွအဆုံး နိုင်ငံတကာက ပြည့်တန်ဆာအစုံ ရှာလို့ရကောင်းရမယ်။ မြန်မာထဲမှာ ဒါမျိုးလုပ်စားတယ်ဆိုတာ မရှိပါဘူး။ ဒါကြောင့် သတင်းတွေမှာ မြန်မာလို့ မထင်ရှားတာလည်းဖြစ်နိုင်ပါတယ်။ မြန်မာနဲ့ ပတ်သက်တဲ့သတင်းဆိုရင် တနှစ်မှာ ၃၆၅ ရက်လောက် ဆန္ဒပြခံနေရတဲ့ တိုကျိုက မြန်မာသံရုံးအကြောင်း၊ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုအကြောင်းတွေလောက်ပဲ တွေ့မြင်ရတတ်ပါတယ်။ (အခုဆို ဆူနာမီဖြစ်တော့ မြန်မာတွေ သွားရောက်ကူညီကြ ရိုင်းပင်းကြနဲ့ ပိုလို့တောင် ဂုဏ်ယူစရာ ဖြစ်ကြရပါတယ်။ တချို့မြန်မာဆို ငိုတောင် ငိုပြလိုက်သေး)
xxxxxxxxxxxxxxxxxxxxxxxxxxxx
ဘာပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျေးဇူးကြောင့် ဂျပန်ရောက် မြန်မာတွေထဲမှာ အတော်လေး မျက်နှာပွင့်ရတာ အမှန်ပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျေးဇူးအကြောင်းပြောရင် ချန်ထားလို့မရတဲ့သူတယောက်အကြောင်းလည်း ရှိသေး တယ်။ သူက ဂျပန်ကို ဟိုး အတော်စောစောပိုင်း လောက်ထဲက ရောက်ခဲ့တဲ့သူပေါ့။ ဒါပေမယ့် ဂျပန်ကိုရောက်ပြီး နှစ်အတန်ကြာ တော့ အကြောင်းကြောင်းကြောင့် မြန်မာပြည်ကို ပြန်ပို့ခံထားတဲ့အထဲ ပါသွားပါတယ်။
မြန်မာပြည်ပြန်သွားပေမယ့် ဂျပန်ပြန်တို့ထုံးစံအတိုင်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ယောင်ချာချာဖြစ်နေတာ ကြာတော့ မထူးဘူးဆိုပြီး ဂျပန်ကိုပဲ နောက်တခေါက် ပြန်ဝင်ဖို့ ကြိုးစားပါတယ်။ ဂျပန်ကို ရောက်ဖူးပြီးသားသူတယောက် အနေနဲ့ အဆက်အသွယ်က မရှားဘူးကိုး။ အဲ.. တခုရှိတာက သူ ဂျပန်ကို ပြန်ရောက်တယ်ပဲထား..။ ဂျပန်မှာ ဗီဇာနဲ့ နေရဖို့ က မလွယ်ဘူးဖြစ်နေတယ်။ အလည်အပတ်နဲ့ ရောက်လို့ အဆင်ပြေတယ်ဆိုရင်တောင် အလွန်ဆုံး သုံးလပဲကိုး။ သုံးလအလည် အပတ် ဗီဇာနဲ့ အလုပ်ရဖို့ကလည်း မလွယ်ဘူးလေ။
ဆိုတော့ သူက စဉ်းစားတယ်။ ဂျပန်ကို ပြန်ဝင်မယ်။ ဟိုရောက်ရင် ခိုလှုံခွင့်လျှောက်မယ်ပေါ့။ ခရုမှာလည်း အဆံနဲ့ လူမှာလည်း အကြံနဲ့ ဆိုတဲ့စကားအတိုင်းပေါ့လေ..။ အဲ… တခုခက်တာက ခိုလှုံခွင့်ဆိုတာကလည်း နိုင်ငံရေးခိုလှုံခွင့်ပဲရှိတော့ နိုင်ငံရေးနဲ့ ပတ်သက်ပြီး မြန်မာပြည်မှာ ဘာတွေလုပ်ခဲ့တာကြောင့်ပြန်ရင် အဆင်မပြေလို့ ကူညီဖို့ တင်ပြရမှာကိုး။ သူ့မှာက နိုင်ငံရေးနဲ့ ပတ်သက်ပြီး သွားလုပ်ဖို့ဆိုတာက မလွယ်ဘူး။
တော်ကြာ ဂျပန်မသွားရပဲ အင်းစိန်တောရ ရောက်နေရင် အခက်ကိုး။ နောက်.. နိုင်ငံရေးအသိုင်းအ၀ိုင်းထဲက လူကြီးတွေ နဲ့ ဓါတ်ပုံလေးဘာလေး တွဲရိုက်ပြဖို့လည်း စိတ်ကူးတယ်။ ဒါကလည်း ထင်သလောက်မလွယ်ဘူး။ နိုင်ငံရေးသမားကြီးတွေ နားမှာ ထောက်လှမ်းရေးတွေက ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀ ကစားနေကြတာကိုး။
နောက်ဆုံး အကြံတခုရတာနဲ့ တက္ကစီသမားကို ဒေါ်စုခြံဖက်ကို လိုက်ပို့ခိုင်းတယ်။ ကင်မရာလေးလည်း ယူသွားတယ်။ ဒေါ်စုနဲ့ သွားတွေ့ပြီး ဓါတ်ပုံရိုက်ဖို့ မဟုတ်ပါဘူး။ အဲဒီအချိန်မှာ ဒေါ်စုက အကျယ်ချုပ် ခံနေရတဲ့ကာလ။ သွားတွေ့ဖို့ နေနေ သာသာ အနားတောင် ကပ်ဖို့ လွယ်တာမှ မဟုတ်တားကိုး။ ဒါနဲ့ တက္ကစီသမားကို အကူအညီတောင်းပြီး ဒေါ်စုခြံနဲ့ နီးနိုင်သမျှ နီးအောင် မောင်းခိုင်းတယ်။
“ဟေ့လူ.. ဒီထက် ဆက်သွားဖို့ မလွယ်တော့ဘူး.. တင်းကြပ်လာနိုင်တယ်ဗျ.. သွားချင်ရင် ခင်ဗျားပဲ ဆက်သွား” လို့ ကားဆရာက ပြောတော့ ဆက်သွားဖို့ကလည်း အတော်စွန့်စားရမှာမို့.. “ဒေါ်စုခြံက ဘယ်ဟာလဲဗျ”
“ဟောဟိုခပ်လှမ်းလှမ်းက လှမ်းမြင်နေရတဲ့ခြံပဲ“
“ဟား.. အတော်ဝေးတာပဲ.. အေးဗျာ.. မထူးဘူး.. ” ဆိုပြီး ကားဆရာကို ကားခပိုပေးပါ့မယ်လို့ညှိပြီး ခပ်သေးသေး ခပ်ဝါးဝါးမြင်နေရတဲ့ ဒေါ်စုခြံစည်းရိုးလေးကို နောက်ခံထားပြီး ဓါတ်ပုံအရိုက်ခံလိုက်တယ်။
ဒီလိုနဲ့ ဂျပန်ရောက်တဲ့အခါ သူ့မှာ မဟာစွန့်စားခန်းလုပ်ပြီး ရိုက်ခဲ့ရတဲ့ ဒေါ်စုခြံစည်းရိုးပုံ ခပ်ဝါးဝါးပါ ဓါတ်ပုံလေးကို တင်ပြပြီး.. ဘယ်လို ဘယ်သို့ အကြောင်းပြပြီး ခိုလှုံခွင့် လျှောက်လိုက်ပါလေရော။ ဒီလိုနဲ့ ခေါ်ယူတွေ့ဆုံ စစ်ဆေး သမှုတွေ ပြုပြီး .. နောက်ဆုံး အဲဒီခြံစည်းရိုးကိုယ်တော်လည်း ခိုလှုံခွင့်ရပြီး ယခုတိုင် အဆင်ပြေနေပါရောခင်ဗျား။
ဒီတော့ ဂျပန်မှာ ပြောစမှတ် နောက်တခု တိုးပြန်ရော..။ ဒေါ်စုပါဝါကြီးပုံများကွာ.. ဓါတ်ပုံလည်း အိုကေ.. နှုတ်ငုံလည်း အိုကေ.. ဟော.. ခြံစည်းရိုးလေးတောင် အိုကေ ပါသတဲ့ဗျား။
Myanmar Express
2 comments:
haaaaaa,,good post.
but aung san su kyi very busy,, very very busy,,,..
her eye only see ""Pyithu Hlutta"" he'he'heeeeee
အင်း...နိုင်ငံရေး အသံကျယ်ကျယ် အော်ပြီး အောက်ပိုင်း ကိစ္စ ငွေကြေးကိစ္စ မရှင်းတဲ့ ဒီမိုများကတော့ နေရာ အနှံအပြားပါပဲ။ ကနေဒါမှာလည်း အဲလို လူတစ်ယောက်ရှိပါ့.နာမည်ကတော့ ကျော်မိုးဦး လို့ ခေါ်ပါတယ်။...အိန္ဒိယမှာ အတော်ကြာ နေဘူးတယ်။ နော်ဝေကို ရောက်တော့ ဒီဗွီဘီမှာ အလုပ်လုပ်ခဲ့တယ်။ နောက်တော့ နော်ဝေက မိန်းမကို ထားပြစ်ခဲ့ပြီး ကနေဒါကို တခြားမိန်းမတစ်ယောက်နဲ့ ရောက်လာတာပါ.. အဲဒီနောက်တော့ မိန်းမတွေကို ဗီဇာရအောင် လုပ်ပေးမယ် ပြောပြီး လိုက်လက်ထပ်တာ ဘယ်နှစ်ယောက်မှန်းကို မသိတော့ဘူး။ အခုလောလောဆယ်တော့ ဗမာပြည်က စာရေးဆရာမ တစ်ယောက်ကို လက်ထပ်ထားတယ်။ ဒီကြားထဲက ဗမာပြည်က နောက် ၄ယောက်လောက် ကို လက်ထပ်ဘို့ ကမ်းလှမ်းထားပါသေးတယ်ဗျား. ဗမာပြည်ထဲက ကောင်မလေးတွေကလည်း နိုင်ငံခြားမှာ နေတဲ့ ဗမာဆိုတော့ စိတ်ဝင်စားကြတာပေါ့။ ဒီလောက်အထိ လိမ်မယ် မထင်ကြဘူးပေါ့ဗျာ ..ဗန်ကူးဗားက..သူ့မယားကြီး ဖိလစ်ပီနိုမကြီးကတော့ ကလေးတစ်ယောက်နဲ့ သူပြုသမျှ နုပြီး တငိုငို တရီရီ ပေါ့ဗျာ..
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်