Subscribe to our RSS Feed

အရောင်စုံ အကယ်ဒမီ

From : 7 day news

ပရိသတ်ချစ်သော အနုပညာရှင်များ၏ ပွဲတက်ဝတ်စုံအတွက် ကြိုတင်စိတ်ကူး စီစဉ်ထားသည်များကို လက်လှမ်းမီသမျှ စုစည်းဖော်ပြလိုက်ပါသည်။

အရောင်စုံ အကယ်ဒမီ

ဖေဖေါ်ဝါရီ ၇ ရက်တွင် ၂၀၁၀ ပြည့်နှစ်အတွက် ရုပ်ရှင်အကယ်ဒမီ ဆုပေးပွဲကြီးကို ကျင်းပတော့မည်။ သို့ဖြစ်၍ ပရိသတ်ချစ်သော အနုပညာရှင်များ၏ ပွဲတက်ဝတ်စုံအတွက် ကြိုတင်စိတ်ကူး စီစဉ်ထားသည်များကို လက်လှမ်းမီသမျှ စုစည်းဖော်ပြလိုက်ပါသည်။

သက်မွန်မြင့်

ယခုနှစ်အကယ်ဒမီအတွက် လူပြောအများဆုံးနှင့် ထင်ကြေးပေးမှု အများဆုံးခံရသော မင်းသမီးသက်မွန်မြင့်သည် အကယ်ဒမီပေးပွဲအတွက် ဒီဇိုင်နာမပုံ့ချုပ်ပေးသော ဝတ်စုံကိုဝတ်ဖြစ်မည်ဖြစ်ပြီး အရောင်နှင့် ဒီဇိုင်းကိုမူ ရွေးချယ်နေဆဲဖြစ်ကြောင်း သူမကပြောကြားသည်။ သူမသည် ယခုနှစ်ဝတ်စုံအတွက် ပြီးခဲ့သောနှစ်များတွင် ဝတ်ခဲ့သောအရောင်များကိုရှောင်ကာ ရွေးချယ်ဝတ်ဆင်သွားမည်ဟု ပြောကြားသည်။

စိုင်းစိုင်းခမ်းလှိုင်

သည်နှစ်အကယ်ဒမီပွဲမှာ အကယ်ဒမီဆုအတွက် ထင်ကြေးပေးခံရသူများထဲက တစ်ဦးဖြစ်သည့် “အာဒမ်ရယ်၊ ဧဝရယ်၊ ဒသရယ်” မင်းသား စိုင်းစိုင်းခမ်းလှိုင်ကို ခဲရောင်တိုက်ပုံနှင့် အနက်ရောင်ပုဆိုးဝတ်ဆင်လာမည်ကို မြင်တွေ့ရမည်။

ချစ်သုဝေ

ယဉ်သူထိုက်ပိုးထည်တိုက်က ဆင်မြန်းပေးထားသော ဝတ်စုံနှစ်စုံကို ဒီဇိုင်နာမပုံ့က ချုပ်ပေးပြီး ထိုဝတ်စုံနှစ်စုံထဲမှ စိတ်ကြိုက်ဝတ်စုံတစ်ခုကို ရွေးချယ်ဝတ်ဆင်မည်ဖြစ်ကာ လက်ပြတ်ဝတ်ဖြစ်ဖို့များကြောင်း ချစ်သုဝေကပြောသည်။ လူငယ်တစ်ဦးဖြစ်သည့်အတွက် ရိုးရာကိုအခြေခံကာ ဖန်စီဒီဇိုင်းကို အသားပေးချုပ်လုပ်ထားကြောင်း သူမကပြောသည်။

စိုးပြည့်သဇင်

မနှစ်က အကယ်ဒမီဆု ဆွတ်ခူးခဲ့သော စိုးပြည့်သဇင်က ဝါရွှေဇင်ပိုးထည်တိုက်မှ ဒီဇိုင်နာ ဖွေးဖွေး(B-First) ချုပ်ပေးမည့် ဖက်ဖူးရောင်ဝတ်စုံကို ဝတ်ဆင်မည်ဖြစ်သည်။

နေတိုး

အကယ်ဒမီဆုရှင် မင်းသားနေတိုးက ရွှေပိုးအိမ်ပိုးထည်တိုက်က ဆင်ြမန်းပေးထားသော ခရမ်းအနီရောင်ပုဆိုးနှင့် တိုက်ပုံကိုဝတ်ဆင်ရန် စိတ်ကူးထားပြီး ဒီဇိုင်နာမင်းသက်စံက တာဝန်ယူချုပ်ပေးထားကြောင်း ပြောကြားသည်။

နိုင်းနိုင်း

လောလောဆယ်တော့ မစီစဉ်ရသေးဘူး။ ကျွန်တော်က ကာလာ အဖျော့လေးတွေကြိုက်တယ်။ အဖြူလေးတွေ။ ကျွန်တော်ဒီဇိုင်းထွင်တာမျိုးတော့ အစီအစဉ်မရှိပါဘူး။ စပွန်ဆာလည်းမရှိပါဘူး။ အနီးနားရောက်မှပဲ ကိုယ့်ဟာကိုယ် ဝယ်စီစဉ်ဖြစ်မယ်ထင်ပါတယ်။

မိုးယုစံ

ပိုးထည်က ဝါရွှေစင်ကပါ။ အရောင်ကရွှေဝါရောင်၊ ဒီဇိုင်နာက မပုံ့ပါ။ ဝတ်စုံပုံစံက မပုံ့စိတ်ကြိုက်ပါပဲ။ မပုံ့ကိုအပ်ထားတယ်။

သင်ဇာဝင့်ကျော်

ချိတ်ပဲဝတ်မှာပါ။ မန္တလေးက ကိုတင်မောင်ခိုင်ပဲ ချိတ်ရော ဒီဇိုင်းပါ စီစဉ်ပေးမှာပါ။ အရောင်က မသေချာသေးဘူး။ ဘိုဆန်တဲ့အရောင်ပဲဝတ်ချင်တယ်။ အရောင်တောက်တောက်ကြီး မဝတ်ချင်ဘူး။ ဒီဇိုင်းပုံက ဒီဇိုင်နာစိတ်ကူးပါပဲ။

Aroma (Zulu Studio) Wedding Dress & Photo Studio

ဂန္တဝင်၊ စမိုင်း၊ ဝါဆိုမိုးဦး၊ မေဖြူဖြူစသူတို့အတွက် မိတ်ကပ်၊ ဝတ်စုံ၊ လက်ဝတ်ရတနာများကို စပွန်ဆာပေးမည်ဖြစ်ပြီး အဖြူ၊ ရွှေရောင်၊ အစိမ်း၊ အနက်ရောင် မြန်မာဝတ်စုံဒီဇိုင်းဆန်းများ စီစဉ်ပေးထားသည်ဟု သိရသည်။ ကိုယ်ပိုင်ဒီဇိုင်းချိတ်ပေါ်တွင် စိန်နှင့် ကျောက်မျက်ရတနာများဖြင့် ဒီဇိုင်းထွင်ချုပ်လုပ်ထားသည်ဟု သိရသည်။ မိုးအောင်ရင်၊ မိုးယံဇွန်၊ မြင့်မြတ်၊ မင်းရာဇာ၊ မင်းထက်တို့အတွက် ဝတ်စုံများ စီစဉ်ပေးထားပြီး ပိုးပုဆိုးနှင့် တွဲဖက်ကာ အစိုဘက်အရောင်သမ်းသော ပိုးအပြောင်သားတိုက်ပုံများဖြင့် ပွဲထုတ်သွားမည်ဟု သိရသည်။ အမျိုးသား သရုပ်ဆောင်များအတွက်လိမ္မော်၊ အဝါ၊ ဖက်ဖူးစိမ်း၊ အနက်ရောင်များ ရွေးချယ်ထားသည်ဟုဆိုသည်။

အိန္ဒြာကျော်ဇင်

ဝတ်စုံကတော့ ရိုးရိုးပါပဲ။ ထူးထူးဆန်းဆန်း ဘာမှမရှိဘူး။ ပိုးထည် စပွန်ဆာက နှစ်တိုက်ရှိတယ်။ ဘယ်ဟာယူဖြစ်မလဲ မသေချာသေးဘူး။ အစ်မက ခဲရောင်ဝတ်ဖြစ်မယ်ထင်တယ်။ နောက်တစ်ရောင်တော့ စဉ်းစားနေတာပဲ။ ကိုယ်ဝတ်ချင်တဲ့ဒီဇိုင်းရယ်လို့ မရှိဘူး။ ဒီဇိုင်နာက အစ်မအိကျော်ဇင်၊ မြတ်မိုးအောင်ကချုပ်ပေးမှာ။ ဒီဇိုင်းပုံက ဒီဇိုင်နာပြောရင်ပိုကောင်းမယ်ထင်တယ်။

ခန့်စည်သူ

ဝတ်ချင်တဲ့ဒီဇိုင်းကမရှိဘူး။ ဝတ်စုံက ယဉ်သူထိုက်(မန္တလေး)၊ ဖိနပ်က ရွှေနဂါး၊ ဒီဇိုင်နာက ယုံးယုံးပါ။ ဘာအရောင်ဝတ်ဖြစ်မလဲမသိဘူး။ ခရေစီကာလာ မရှိဘူး။

မင်းသွေး

ဗီဒီယိုကားများနှင့် ခြေလှမ်းစိပ်စိပ်လှမ်းလာသော မင်းသွေးက ကတ္တီပါသားအနက်ရောင်ကို ရင်ဖုံးတိုက်ပုံနှင့် အနက်ရောင်တွင် ခဲရောင်ဖောက်ထားသော ပုဆိုးကို ဝတ်ဆင်မည်ဟုပြောပြီး သူ့အတွက်ဝတ်စုံကို ဒီဇိုင်းနာမင်းသက်စံက ချုပ်ပေးထားသည်။

ကောင်းပြည့်

တက်သစ်စမင်းသား ကောင်းပြည့်သည် သူ၏ အကယ်ဒမီ ပထမဆုံး ပွဲတက်အတွေ့အကြုံဖြစ်မည်ဖြစ်ပြီး Aromaက ကမ်းလှမ်းထားသော နက်ပြာရောင်ပုဆိုးနှင့် တိုက်ပုံကိုဝတ်ဆင်ဖြစ်ရန်များနေကြောင်း သူကပြောသည်။

ကျော်ကျော်ဗိုနှင့် ဇနီး

နှစ်စဉ် ထူးခြားအမြင်ဆန်းသည့် ဝတ်စုံဒီဇိုင်းဖြင့် မြင်ရလေ့ရှိသော မင်းသားကျော်ကျော်ဗိုတို့ဇနီးမောင်နှံကို ယခုနှစ်တွင် ဆင်စွယ်ရောင်ဆင်တူ မြန်မာဝတ်စုံဖြင့် မြင်တွေ့ရမည်ဟု ကျော်ကျော်ဗိုကပြောသည်။ “အရမ်းမဆန်းဘဲ အရောင်ကိုလည်း ဆင်စွယ်ရောင်ပျော့လေးဆင်ပေးဖို့ ပြောထားတယ်”

မြတ်သူအောင်

ယခုနှစ်ဝတ်စုံကို ဒီဇိုင်နာမင်းသက်စံက စီစဉ်ပေးထားပြီး ပိုးထည်ကိုတော့ ယွန်းရွှေရည်ပိုးထည်တိုက်က ကူညီပေးကြောင်း သိရသည်။

Myanmar Express

1 comments:

အကယ်ဒမီပွဲတက်မယ့် မင်းသားမင်းသမီးတွေကျတော့ ဟိုက Sponser လုပ်၊ ဒီက Sponser လုပ်နဲ့၊ ဖိနပ်ကအစ၊ အပေါ်အထိ၊ အထဲက Underwear တွေ၊ ဘရာစီယာတွေတောင်ပါသေးလားမသိဘူး၊ လွှတ်တော်မှာ ပြည်သူ့အတွက်၊ နိုင်ငံအတွက် အလုပ်လုပ်နေတဲ့ နိုင်ငံရေးပါတီတွေကကိုယ်စားလှယ်တွေကိုကျတော့ ဘယ်သူမှ Sponser မလုပ်ကြဘူး။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်