Subscribe to our RSS Feed

ဒေါက်တာနိုင်အောင်ရဲ့မြန်မာပြည် ခရီး (၁)

From : မေသင်္ကြန်ဟိန်(မြစ်မခ)

စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၁၁ နာရီလောက်မှာ ကျမတို့ရဲ့ မြစ်မခ သတင်းထောက် ထွန်းနေအောင်က ဖြုန်းကနဲ ရောက်လာပြီး ပြောတယ်။

`ဒေါက်တာနိုင်အောင်က စမ်းချောင်းက သူ့အမေအိမ်မှာ ခုရှိနေတယ်လို့ကြားတယ်အမ အဲဒါကျနော်သွားဗျူးမလို့`လို့ လာပြောတော့ ကျမက အမလည်း လိုက်မယ် ခဏ ဆိုပြီး လုပ်လက်စ အလုပ်တွေကို ခဏထားခဲ့ပြီး ကျမရဲ့ အလုပ်စားပွဲပေါ်မှာ အဆင်သင့်ရှိနေတဲ့ ခေတ်သစ်ဟင်္သာကိုးသောင်းပုံပြင် စာအုပ်ကို ကောက်ယူခဲ့ပြီး ဒေါက်တာနိုင်အောင်ရဲ့ မိခင်နေထိုင်ရာ စမ်းချောင်းဆီကို ထွက်လာခဲ့ကြပါတယ်။

ကားပေါ်မှာ ထွန်းနေအောင်က သူ့မှာလည်း မေးချင်တဲ့မေးခွန်းရှိတယ်၊ အမမေးပြီးရင် သူမေးချင်တယ်လို့ပြောတယ်။ ကျမကလည်း ကောင်းတယ်မေးပါ၊ ဘာဖြစ်လို့မေးချင်တာလဲလို့ ထပ်မေးတော့သူက ဖြေတယ်။ မြောက်ပိုင်းကိစ္စနဲ့ပတ်သက်ပြီး သူ ဘယ်လိုဖြေမလဲ ဆိုတာ ကျနော်သိချင်တယ် လို့ပြောတယ်။

ဒေါက်တာ နိုင်အောင်ဆိုတာ ကျမတို့ မြန်မာပြည်က သိနေတာကတော့ ABSDF မြောက်ပိုင်းမှာ ၁၉၉၂ ခုနှစ်လောက်တုန်းက ကျောင်းသားတွေ အချင်းချင်းသတ်ခဲ့ရတဲ့ အဖွဲ့ရဲ့ တာဝန်ရှိသူတယောက်အနေနဲ့ ကြားခဲ့သိခဲ့ရတယ်။

သူ့ရဲ့ နိုင်ငံရေးသမိုင်းကြောင်းထက် မြောက်ပိုင်းကိစ္စက သူ့ကို လူတွေ၊ အထူးသဖြင့် လူငယ်တွေပိုပြီး စိတ်ဝင်စားစေခဲ့တယ်လို့ ကျမထင်တယ်။

မြစ်မခမီဒီယာက ကျမ၊ ထွန်းနေအောင်၊ မြတ်မိုးကျော်တို့သုံးယောက်သား တိုက်အောက်မှာ အခန်းနံပတ်မသိလို့ ဟိုဟိုဒီဒီရှာကြရပါတယ်။

ဟိုအခန်းဖြစ်မလား ဒီအခန်းဖြစ်မလား စမ်းတ၀ါးဝါးဖြစ်နေတဲ့ကျမတို့ ၃ယောက်နားကို အကျီာင်္အဖြူဝတ်ထားတဲ့ ဟန်းဖုန်းကိုင်ထားတဲ့ အမျိုးသားတဦးရောက်လာပြီး ဒေါက်တာနိုင်အောင်တို့ အခန်းကို ရှာနေတာလားလို့ လာမေးပါတယ်။

ကျမက ဟုတ်ပါတယ်လို့ ဖြေတော့၊သူကလည်း ခပ်တည်တည်နဲ့ ဘာကိစ္စလဲ ခင်ဗျာ့လို့ ဆက်မေးပါတယ်။ကျမဘ၀မှာ အဖေနိုင်ငံရေးသမားကို မကြာခဏလာခေါ်တတ်ကြတဲ့ သူတွေကို မြင်ဖူးတွေ့ဖူးထားခဲ့တော့ ဒီလူတွေက ဘယ်သူတွေလဲ ဆိုတာ ကျမ ရိပ်မိလိုက်ပါပြီ။

ကျမရဲ့ လိပ်စာကဒ်ကို ထုတ်ပေးလိုက်ပြီး ကျမက မြစ်မခမီဒီယာက သတင်းထောက်တွေဖြစ်ကြောင်း ပြောရပါတယ်။

သူက ကျနော့်နောက်လိုက်ခဲ့ပါလို့ပြောပြီး တိုက်တတိုက်ရဲ့ လှေကားထစ်တွေဆီကို ဦးဆောင်ပြီး ခေါ်သွားပါတယ်။ လှေခါးထောင့်တထောင့်ရဲ့ အဆစ်ချိုးတခု၊ အခန်းရှေ့နားမှာ အသားလတ်လတ်၊ စာကြည့်မျက်မှန်ကို နဖူးပေါ်ပင့်တင်ထားတဲ့၊ အကျီာင်္အဖြူနဲ့ ယောပုဆိုးအပြာရောင် ၀တ်ထားတဲ့ အမျိုးသားတယောက်က လှေကားထိပ်ကနေ ကျမတို့ကို လှမ်းရင်း စီးကြည့်ပါတယ်။

အဲဒီလူကတော့ ကျမတို့ တွေ့ဆုံခွင့်ရဖို့ ကြိုးစားနေတဲ့ ဒေါက်တာ နိုင်အောင်ပဲ ဖြစ်ပါတယ်။

ကျမက ဒေါက်တာ နိုင်အောင်ကို အပြင်မှာ တခါမှ မတွေ့ဖူးခဲ့ပါဘူး။ သူရန်ကုန်လေဆိပ်ရောက်တုန်းက ကျမသတင်းထောက်တွေ သွားခဲ့ကြတဲ့အတွက် ဓါတ်ပုံထဲမှာ ဗီဒီယိုထဲမှာပဲ တွေ့ခဲ့ဖူးတာပါ။ဒါပေမဲ့ သူ့ကို တွေ့တွေ့ခြင်း ဒီလူဟာ ဒေါက်တာနိုင်အောင် ပဲလို့ သိလိုက်ရပါတယ်။

သူက ကျမကိုတွေ့တွေ့ခြင်း အံ့သြသွားဟန်ရှိပါတယ်။ ထွက်သွားပါတယ်။ ပြီးမှ လာကြပါ၊အိမ်ထဲကိုဝင်ပါလို့ ပြောပြီး တံခါးဖွင့်ပေးပါတယ်။

ခုနတုန်းက ကျမတို့ကို လိုက်ပို့တဲ့ အက်စ်ဘီလား ၊ စစ်ထောက်လှမ်းရေး လား သေချာမသိတဲ့သူကတော့ ကျမတို့ကို ပို့ခဲ့ပြီး ပြန်ဆင်းသွားပါတယ်။

အိမ်ရှေ့ခန်းက ဆိုဖာပေါ်မှာ ထိုင်ပါလို့ သူကပြောပါတယ်။ ကျမတို့ ၃ယောက်ထိုင်ကြတဲ့ ဆိုဖာခုံနဲ့မျက်နှာချင်းဆိုင်က ဆိုဖာပေါ်မှာတော့ ဖွင့်ထားတဲ့ လက်ပ်တော့တလုံးတင်ထားတာတွေ့ရပါတယ်။

ကျမတို့ ကိုယ့်ကိုယ်ကို မိတ်ဆက်ကြရင်း အင်တာဗျူးခွင့်တောင်းပါတယ်။ သူက ကျမကို ရော မြစ်မခ မီဒီယာကိုရော သိကြောင်း၊ facebook နဲ့ မြစ်မခ site က သတင်းတွေကို ပုံမှန်ဖတ်ဖြစ်ကြောင်း၊မိုးသီးဇွန်ရဲ့ ခရီးစဉ်အကြောင်း ရေးတာလည်း

ဖတ်ရကြောင်း ပြောတယ်။

ကျမကလည်းအိမ်ရဲ့ ဧည့်ခန်းထဲကို မျက်စိဝှေ့ကြည့်မိရင်း အရုပ်တွေအများကြီးထည့်ထားတဲ့ မှန်ဘီရိုတွေကိုငေးကြည့်ရင်း ကျမတို့သိချင်တာလေးတွေ မေးဖို့လာခဲ့တာဖြစ်ကြောင်းပြောဖြစ်ပါတယ်။

သူက ကျမတို့ကို အင်တာဗျူးခွင့်ပေးပါတယ်၊ပြီးတော့ ဓါတ်ပုံရိုက်ခွင့်၊ ဗီဒီယိုရိုက်ပြီး မှတ်တမ်းတင်ခွင့် ပါ တောင်းတော့ လုပ်ပါဗျာလို့ ပြောတယ်။

ဆိုဖိုခုံပေးက စာပွဲခုံလေးမှာ အသံဖမ်းစစ်အမဲရောင်လေးကို ကျမလှမ်းတွေ့လိုက်တော့ အကို့အနေနဲ့လည်း ကျမတို့အမေးအဖြေလုပ်တာကို ပြန်ပြီး record ယူထားလို့ရပါတယ်၊ ယူပါလို့ ကျမ ပြောလိုက်မိတယ်။

သူက`ကျနော့်ကို အက်စ်ဘီက လာပေးသွားတာပါ၊ သုံးချင်တာရှိရင် သုံးလို့ရအောင်ဆိုပြီး ပေးသွားတာပါ၊ ကျနော် အဲလို မလုပ်ပါဘူးဗျာ`လို့ ရယ်ရင်း ပြောတယ်။ သူရယ်ပုံကိုတော့ဓါတ်ပုံထဲမှာ တွေ့ဖူးထားခဲ့ပါတယ်။အပြင်မှာ ရယ်တာကို သေချာကြည့်တော့မှာ ဓါတ်ပုံထဲမှာ ရယ်တာနဲ့တော့ မတူဘူးလို့မြင်မိတယ်။

ဒေါက်တာနိုင်အောင်က `ABSDF မြောက်ပိုင်း၌ ၁၉၉၁ ခုနှစ်နှင့် ၁၉၉၂ ခုနှစ်များ၌ ဖြစ်ပွားခဲ့သော ဖမ်းဆီးအရေးယူမှုများနှင့် ပတ်သက်၍ ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်၏ ရှင်းလင်းချက်` ဆိုတဲ့ခေါင်းစဉ်နဲ့ စာရွက်တွေကို ဖတ်ဖူးလားဆိုပြီး ပေးပါတယ်။စာတမ်းတစောင်လို့ စာအုပ်ချုပ်ထားတာ တွေ့ရတော့ ဒီကိစ္စကိုလည်း ထည့်မေးရမယ်လို့ခေါင်းထဲမှာ မှတ်ထားလိုက်မိတယ်။

ဒီစာတမ်းကိုတောက မဖတ်ဖူးပါဘူးလို့ ပြန်ဖြေတော့ ဖတ်ကြည့်ပါဦးလို့ ဆက်ပြောတယ်။ ကျမအနေနဲ့လည်း ဟုတ်ကဲ့ ဖတ်ကြည့်ပါမယ် ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်တယ်၊ ပြီးတော့ ကျမလည်း ခေတ်သစ် ဟင်္သာကိုးသောင်းစာအုပ်ကို သတိရသွားပြီး ဖတ်ဖူးလားလို့ ပြန်မေးလိုက်ပါတယ်။

`ကျနော် ဖတ်တာ ၂ ခေါက်ရှိသွားပြီ`လို့ ပြောတယ်။သူ့အဖြေကို ကြားပြီးမှ ဒီအကြောင်းကလဲ မေးရမဲ့ ကိစ္စပဲလို့ပဲ ခေါင်းထဲ မှတ်လိုက်မိပြန်တယ်။

ကျမမှာတော့ မေးချင်တာတွေ၊ ခေါင်းထဲ မှတ်ထားတာတွေ၊ မိတ်ဆွေတွေက မေးပေးပါလို့ ပြောတဲ့ မေးခွန်းတွေနဲ့ ဆို အချိန်ကို ချိန်ဆကြည့်မိပါတယ်။

အင်တာဗျူးအတွက် အချိန်ဘယ်လောက်ပေးနိုင်မလဲလို့လည်းမေးမိတယ်။ ထမင်းစားချိန်ထိ ရပါတယ်လို့ ပြောတယ်။ တကယ်တော့ အဲဒီအချိန်မှာပဲ နာရီကို လှမ်းကြည့်လိုက်မိတော့နေ့လည် ၁၂နာရီ ထိုးပါတော့မယ်။

အင်တာဗျူးမစခင်မှ လုပ်တတ်တဲ့ကျမရဲ့ ထုံးစံအတိုင်း ကျမမေးတဲ့ မေးခွန်းတွေမှာမဖြေချင်တာရှိရင်လည်း ပြောဖို့ ကျမအနေနဲ့လည်း မေးစရာရှိတာကို ပွင့်ပွင့်လင်းလင်းပဲ မေးချင်တဲ့အကြောင်းနဲ့ ကျမသိချင်တာ ကတော့ခုလိုမြန်မာပြည် ပြန်လာတဲ့အကြောင်းကစပြီး ABSDF မှာ တာဝန်ထမ်းစဉ်က မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ ကျောင်းသားကိစ္စတွေ၊ ပြီးတော့ ABSDF နဲ့ ကွဲခဲ့တဲ့ကိစ္စတွေနဲ့ ရိုဟင်ဂျာကိစ္စတွေကိုလည်း မေးမယ်လို့ ပြောလိုက်ပါတယ်။

တကယ်လို့များဖြေရင်းနဲ့ ခဏ နားချင်တာမျိုးရှိရင်လည်း ပြောပါ၊ နောက်ဖြေရင်းနဲ့ off the record ဆိုတာမျိုး ရှိခဲ့ရင်လည်း ပြောပါလို့ ကျမပြောရင်း အင်တာဗျူးကို စတင်ဖို့ ကြိုးစားခဲ့ပါတယ်။

မေး။ ။အကိုတို့အခုလို black list ကနေပယ်ဖျက်ခံရပြီးတဲ့နောက် ဒီလိုမျိုး ပြည်တွင်းကို ပြန်ဝင်လာခွင့်ရတဲ့အပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ကျနော်တို့အမြင်ကတော့ပြီးခဲ့တဲ့ နှစ်ခေါက်ထိုင်းနယ်စပ်မှာတွေ့ဆုံမှုတွေကနေ တဆင့်တိုးတက်မှု

ပေါ့၊ခုလိုလာခွင့်ပြုတယ်ဆိုတဲ့အခါကျတော့နည်းနည်းတရားဝင်နည်းနည်းပိုဆန်လာတာပေါ့နော်။ နောက်တစ်ခုက ဒီအစိုးရကတာဝန်ရှိသူတွေနဲ့ တွေ့ရတယ်။ကျနော်တို့အရင်တင်ပြတာတွေကို တရားဝင်ပိုဖြစ်လာတယ်။ နောက်တစ်ခုက တကယ်လို့များသမ္မတနဲ့ တွေ့ခွင့်ရမယ်ဆိုရင် ကျွန်တော်တို့တင်ပြချက်များကို အဆင့်မြင့်မြင့်ပိုတင်ပြလာနိုင်မဲ့ဥစ္စာ အဲ့လိုပဲသဘောထား

ပါတယ်။ နောက်တစ်ခုက တိုက်တိုက်ဆိုင်ဆိုင်လို့ပဲပြောရမှာပေါ့ ကျနော်တို့ကအဲ့နေ့ ဗီဇာရတဲ့နေ့မှာပဲBlack list ကို ပါယ်ဖျက်တယ်ဆိုတာ ထွက်လာတယ်။ ပြောချင်တာကတော့ ခရီးစဉ်ကိစ္စဆိုကြိုတင် စီစဉ်ထားတဲ့ ကိစ္စပေါ့နော် ဒါပေမဲ့ အဲ့နေမှာပဲတိုက်တိုက်ဆိုင်ဆိုင် black list ကနေ ဒီလိုမျိုးထုတ်လိုက်တယ်ဆိုတဲ့အခါကျတော့ဒါတော့ ပိုသေချာမှုတစ်ခုပေါ့ ။

ဒါပေမဲ့ အရင်တုန်းကလည်း ကျနော်ပြောနေခဲ့တာကတော့ ဒီအဝေးရောက်ကဗမာတွေပြန်လာစေချင်တယ် ဆိုလို့ရှိရင်လည်း သိသာထင်သာတဲ့မြင်သာတဲ့ပေါ်လစီ၊မူဝါဒ ချမှတ်ပေးဖို့နဲ့ အားလုံးတွက်ကိုလွယ်ကူတဲ့ လုပ်ထုံးလုပ်နည်းတွေလုပ်ပေးရင်

ကောင်းတယ်လို့ ကျနော်တို့တွေ ပြာကြားဖူးထားတာရှိတယ်ဆိုတော့ အဲ့ဒါကိုလည်းဆောင်ရွက်ပေး

သလားလို့စိတ်ထဲမှာထင်တာပေါ့။ ဒါပေမဲ့ ပြောချင်တာက၀မ်းသာပါတယ် ။ဒါကတော့အစိုးရ

အနေနဲ့ နောက်ထပ်ခြေလှမ်းတစ်လှမ်းလှမ်းလိုက်တဲ့သဘောပေါ့ ဆိုတော့ ရင်ခွင်ကိုထပ်ဖွင့်တဲ့

သဘောပေါ့ ကျနော်တို့ ကျေးဇူးတင်တယ်။

အဲလိုပြောပြီး ခဏနားတယ်၊ ဖြေပြီးပီအထင်နဲ့ နောက်မေးခွန်းစခါနီးမှာပဲ သူက ဆက်ဖြေပါတယ်။

ဒါပေမဲ့တဖက်ပိုင်းမှာလည်း ကျနော်တို့ ပြောသလိုပဲ ဒီမိုကရေစီကိုပြောင်းလဲနေပြီဆိုတော့ ဒီမိုကရေစီရေးလုပ်ခဲ့တဲ့ လူတွေထောင်ထဲမှာဆက် မရှိသင့်ဘူးဗျာ။ ကျနော်တို့ရဲ့ ABSDF ရဲဘော်တွေလည်း ထောင်ထဲမှာ ရှိနေသေးတယ်။ တကယ်တော့ ဒီမိုကရေစီရေးလုပ်ခဲ့တဲ့လူတွေ ဒီအမည်မည်းစာရင်းထဲမှာဆက်မရှိသင့်ဘူး ဆိုတော့ဒီအစိုးရက တာဝန်ရှိတဲ့ပုဂ္ဂိုလ်များကလည်း ဒီကိစ္စကသူတို့ဆက်လက်ဆောင်ရွက်နေပါတယ်လို့ပြောတယ်ဆိုတော့ ၀မ်းသာရပါတယ် ဗျာ။

မေး။ ။ဟုတ်ကဲ့ပါရှင့် အခုဆိုလို့ရှိရင် ABSDF ပေါ့နော် အဖွဲ့ဟောင်းတွေက ဒီနိုင်ငံရေးအကျဉ်းသား

အကျဉ်းသမားတွေအနေနဲ့ထောင်ထဲမှာရှိနေသေးတယ်လို့ ပြောတော့ သူတို့နဲ့ပတ်သက်ပြီးတော့ရော ဘာပြောချင်ပါသလဲ။

ဖြေ။ ။ရှိပါတယ် ကျနော်လည်း ထောင်ထဲမှာရှိနေတဲ့ ABSDF ရဲဘော်တွေရဲ့စာရင်းကို သက်ဆိုင်ရာတာဝန်ရှိတဲ့လူတွေ ကိုပေးဖို့ယူလာပါတယ်။ နောက်ပြီးဒီကျနော်တို့နိုင်ငံရေးအကျဉ်းသား စောင့်ရှောက်ရေးအဖွဲ့က ပေးပို့တဲ့ နောက်ဆုံးစာရင်းတွေလည်း ယူလာပါတယ်။ သက်ဆိုင်ရာလူကြီးတွေကိုပေးမှာပါ၊ခုချိန်ထိ ABSDF ရဲဘော်တွေ ထောင်ထဲမှာ လေးဆယ်ကျော်လောက်ရှိသေးတယ်။ သူတို့တွေကိုလည်း လွှတ်ပေးသင့်နေပါပြီဗျာ။ ဒီမိုကရေစီရေးလုပ်ခဲ့တဲ့လူတွေ ဆက်မရှိသင့်ပါဘူး။

မေး။ ။ဟုတ်ကဲ့ပါရှင့်။ အကိုတို့အနေနဲ့ကော မြန်မာပြည်ကို ပြန်ဝင်သင့်မသင့်ဆိုတာကို ကြိုစဉ်းစားခဲ့

ရာမှာ ပြည်ပမှာရှိတဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ရော တိုင်ပင်ညှိုနှိုင်းခဲ့တာတွေ ရှိပါသလားရှင့်။

ဖြေ။ ။ကျနော်တို့ ဒီ(၁၉၉၆)လောက်ကတည်းက ကျနော်တို့နယ်စပ်မှာအခြေစိုက်တဲ့ အင်အားစုတွေ အားလုံးနောက် အထဲထဲမှာရှိတဲ့ ဒီမိုကရေစီအင်အားစုတွေအားလုံးပါပါတယ်။ အားလုံးတောက်လျှောက်တောင်းဆိုခဲ့တာကတော့ တွေ့ဆုံဆွေးနွေးအဖြေရှာရေးပေါ့နော်။ ဆိုတော့ ဒီနှစ်နှစ်စပိုင်းလောက်ကတည်းကစပြီး ကျနော်တို့ဒီမိုကရေစီအင်အားစုတွေကိုတိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးကိစ္စတွေဆောင်ရွက်နေတဲ့ အဖွဲ့တွေကစပြီးတွေ့လာတယ်ဆိုတော့အဲ့တွေ့လာမှုပေါ်မှာ တွေ့ဆုံဆွေးနွေးရေးအတွက်ကြောင့် လမ်းစ စပြီးရှိလာတယ်လို့မြင်မိပါတယ်။ တကယ်တော့ ပြဿနာတွေကို ရန်ဖြစ်ပြီးတော့ပြောနေတာတွေထက် လက်တွေ့ရင်ဆိုင်ပြီးတော့ မျက်နှာချင်းဆိုင်ပြီးတော့ ပြောဆိုဖြေရှင်းပြီးညှိနှိုင်းကြတာတော့ တိုင်းပြည်အတွက်အကောင်းဆုံးလို့ ကျနော်တို့ ယူစကြပါတယ်။

အဲ့အပေါ်မှာကျနော်တို့ကလည်း ဒီလိုမျိုးဖိတ်ကြားတဲ့အပေါ်မှာကျနော်တို့ လက်ခံတာရှိတယ်။ ဒါပေမဲ့ကျနော်တို့အခုလာတဲ့ကိစ္စမှာ တစ်သီးပုဂ္ဂလလိုဖြစ်တဲ့အတွက် တစ်သီးပုဂ္ဂလအနေနဲ့ပဲလာပါတယ် ။

ခဏနားပြီး ဆက်ပြောပါတယ်။သူဖြေနေတာကို ကြည့်ရတာက နာမကျန်းတဲ့သူ တယောက်နဲ့ တူနေတယ်လို့ ကျမ ထင်မိတယ်။ ဘာကြောင့်လဲ ဆိုတောတော့ကျမ မသိဘူး။ သူကတော့ ဆက်ဖြေနေတုန်းပါပဲ။

ဒါပေမဲ့အဖွဲ့အစည်းတွေရဲ့အမြင်၊ သဘော၊ မူ ဘောင်ထဲကနေပဲ ဆွေးနွေးသွားမှာပါ၊ နောက်တစ်ခုက လာမဲ့အချိန်ကျတော့လည်း တိုင်ပင်ရတာတွေရှိတာပေါ့။ ဒီ ကျနော်တို့လှုပ်ရှားမှုထဲမှာတော့ အခုလိုမျိုးဖြစ်စဉ်တွေပေါ်မှာ တစ်စုံတစ်ရာခြေလှမ်းတွေလှမ်းလာပြီ အလင်းရောင်တွေလှမ်းမြင်နေရပြီဆိုပေမဲ့လို့ အားမရသေးတာမပြည့်စုံသေးတာတွေလည်း ရှိပါတယ်။ ကျနော်တို့အားလုံးထဲမှာ သူသူကိုယ်ကိုယ် ရှိတာပဲ ဆိုတော့ ဒီခရီးစဉ်ကိစ္စကိုလည်း သဘောတူနိုင် လားမတူနိုင်လားဆိုတဲ့ကိစ္စတွေလည်းရှိနိုင်ပါတယ်။

ဒါပေမဲ့ကျနော်တို့အားလုံး ကျနော်နဲ့သက်ဆိုင်တဲ့အဖွဲ့အစည်းတွေအားလုံးကတော့ ကျနော်တို့ကိုအကြံပေးတာကတော့ ဒီလိုမျိုး

အခြေအနေမှာ ထပ်ပြီးတော့တင်ပြကြည့်သင့်တယ်။ ဒီတင်ပြမှုပေါ်မှာ တုံ့ပြန်မှုဟာ ဘယ်လိုဖြစ်

မလဲဆိုတာကို အားလုံးကနေပြီးတော့မှ တိုင်ပင်ပြီးမှ ဆုံးဖြတ်သွားကြပါမယ်။အဲလောက်ပဲ ပြောနိုင်ပါသေးတယ်။

မေး။ ။ အကိုတို့အခုလိုဝင်လာမယ်ဆိုတဲ့အပေါ်မှာကော လေဆိပ်မှာဖမ်းပြီးတော့ပေါ့နော် ဖမ်းဆီးလိုက်မှာမျိုး အဲ့လိုစိတ်ပူတာမျိုးကောရှိခဲ့ပါသလားရှင့်။

ဖြေ။ ။ကျနော့်စိတ်ထဲမှာ အမှန်အတိုင်းပြောရင်တော့ အဲ့ဒါသိပ်မရှိဘူး ဟိုတစ်နေ့နေ့တချိန်ချိန်ပေါ့ဗျာ

ကျွန်တော်တို့အားလုံးက ဒီမှာအပြီးပြန်လာလို့ရလို့ ပြန်လာလို့ရှိရင်လည်း တစ်နေ့နေ့တချိန်ချိန်ဒီအန္တရာယ်မျိုးကြုံမယ် ဆိုတာလည်း ရင်ဆိုင်ထားပြီးသား ပြင်ဆင်ထားပြီးသားပါ။ အခုတစ်ခေါက်လာတဲ့အချိန်မှာပြောမယ်ဆိုရင်တော့ ကျွန်တော်အဲ့လိုစိတ်ထဲမှာလည်းမထင်ထား သလို ထင်စရာအကြောင်းလည်းမရှိဘူးလို့ပြောရမှာပေါ့နော်။ ဒါကတော့ အတင်းသက်သက်မဲ့ယုံကြည်မှုပေးတာတော့မဟုတ်ပါဘူး ။ဟို ကျွန်တော်တို့လူကြီးလူကောင်းဆန်ဆန်အလုပ်လုပ်ကြတာပဲဆိုတော့

ကျွန်တော်အဲ့သဘောကိုပဲဖြစ်ပါတယ်။

ဒါပေမဲ့စိတ်လှုပ်ရှားတယ်ဆိုတာကတော့ ခုနပြောသလိုပေါ့တစ်သက်လုံးပြန်နင်းခွင့်မရတဲ့ ဒီအမိမြေကိုပြန်နင်းခွင့်ရတဲ့ စိတ်လှုပ်ရှားမှုကတစ်ပိုင်းရှိသလိုတစ်ဖက်မှာလည်း ကျွန်တော်တို့ပြောပြောနေတဲ့ မြောက်ပိုင်းကိစ္စပေါ့ ဒီကိစ္စတွေနဲ့ပတ်သက်လို့လည်း

ဖြစ်တဲ့အခါကျတော့ အော်ဒါကတော့အခက်အခဲလေးတွေပေါ့ စိန်ခေါ်မှုလေးတွေလည်းရင်ဆိုင်ရမယ်

ဆိုတဲ့အပေါ်မှာတော့ စိတ်လှုပ်ရှားမှုတော့ရှိတာပေါ့။

မေး။ ။ဟုတ်ကဲ့ပါရှင့် လေးဆိပ်မှာအကို့ကို သတင်းထောက်တွေက ၀ိုင်းပြီးတော့မေးကြတယ်၊ မေးတဲ့ထဲမှာလည်း မြောက်ပိုင်းကိစ္စတွေလည်းပါတယ်ဆိုတော့လေ။ အဲ့လိုအခြေအနေမျိုးနဲ့ တွေ့လိမ့်မယ်လို့ မျှော်လင့်ထားခဲ့သား၊ ပြင်ဆင်ခဲ့တာမျိုးရော ရှိပါသလားရှင့်။

ရုတ်တရက် သူမျက်နှာပျက်သွားသလိုပဲလို့ ထင်လိုက်မိတယ်- သူကတော့ မျက်နှာသိပ်ပျက်ပုံမရဘဲ အေးအေးဆေးဆေးပဲ ဆက်ဖြေခဲ့တယ်)

ဖြေ။ ။ကျနော်နဂိုကတည်းကပြောထားတော့ လေဆိပ်မှာသတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ပြောထားတော့

တစ်စုံတစ်ရာတော့ မေးလာကြမှာ၊ မြောက်ပိုင်းကိစ္စလည်း ပါမယ်လို့ မျှော်လင့်ထားပြီးသားပါ။ ဒါပေမဲ့ ရည်ရွှန်းပတ်ရွှန်းနဲ့ပြောရရင်တော့

တစ်သက်နဲ့တစ်ကိုယ် ဒီလောက်များတဲ့ ကင်မရာနဲ့တော့အရိုက်မခံဘူးဘူးပေါ့လေ။ ဆိုတော့အဲ့တာ

လေးတွေ့တဲ့အခါကတော့ နည်းနည်းတော့…အော်..ဒီမှာမီဒီယာလွတ်လပ်ခွင့်များတော်တော်လေး ရနေပြီးလားပေါ့လေ ။

မေး ။ ။ဟုတ်ကဲ့ဒါကို မီဒီယာလွတ်လပ်ခွင့်ရနေပြီလို့မြင်တာလားရှင့်။ မီဒီယာတွေရဲ့လက်ရှိအနေအထားကို ဘယ်လိုမြင်ပါသလဲရှင့်။

ဖြေ။ ။အခုဟာကမီဒီယာတွေကို ကိုယ့်ကိုယ်ကို Self Censorship လိုအခြေအနေမျိုးဖြစ်အောင် ဖန်တီးနေတယ်လို့ကထင်တယ်။ ပြောချင်တာကဗျာ မီဒီယာတွေက ကိုယ်ထင်တဲ့ယုံကြည်တဲ့အတိုင်း တာဝန်ယူမှုရှိရှိနဲ့ မျှမျှတတဖြစ်တဲ့သတင်းတင်ပြမှုမျိုးလုပ်တဲ့အချိန်မှာ ဒီသတင်း ရေးရင်တော့ ငါတို့ပြဿနာတက်မှာပဲဆိုတဲ့ဟာမျိုးတွေက သိစိတ်နဲ့မသိစိတ် ဖြစ်နေတဲ့ဟာမျိုးတင်မကဘူး။ နောက်တစ်ခုက တစ်ခုခုဖြစ်တိုင်းတရားစွဲမယ်ဆိုတဲ့ အလေ့အကျင်လေး

ဖြစ်တာလည်းမကောင်းဘူးပေါ့ ။ ဆိုတော့ဒါကတော့ နှစ်ဦးနှစ်ဖက်ပေါ့ဗျာ မီဒီယာတွေကလည်းခုနက

ပြောတဲ့ ဒီ မျှတတဲ့၊ မှန်ကန်တဲ့၊ ဘက်မလိုက်တဲ့ သတင်းမျိုးတွေလည်းရေးနိုင်အောင်ကြိုးစားရမှာမျိုး

နောက်ပြီးတော့မှ ဒီအစွန်းရောက်တဲ့ကိစ္စမျိုး၊ လှုံဆော်တဲ့ အစွန်းရောက်လှုံဆော်တဲ့ကိစ္စမျိုးမဖြစ်အောင်

သတိထားရမှာမျိုးတွေ၊ အစိုးရပိုင်းကတာဝန်ရှိတဲ့လူတွေကလည်း ဒါကို မီဒီယာမှာတစ်ခုခုပြောလိုက်

တိုင်း ငါတို့ကိုအပြစ်တင်နေတာမျိုး အတွေးမျိုးကိုထားခဲ့ဖို့လည်းလိုပြီထင်တယ်။

မေး။ ။ဟုတ်ကဲ့ပါရှင့်၊ အကိုတို့လို ပြည်ပက အင်အားစုတွေ ပြန်လာမယ်ဆိုတော့ကျမတို့အနေနဲ့လည်း မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်လှုပ်ရှားမိပါတယ်။

အကို့မှာလည်း ကျမတို့မြန်မာပြည်မှာ ဘယ်လို ဆောင်ရွက်ချက်တွေနဲ့ ရှေ့ဆက်သွားမယ် ဆိုတဲ့ စိတ်ကူး Planမျိုး ရှိပါသလဲရှင့်။

ဖြေ။ ။ဟို ကြီးကြီးကျယ်ကျယ်ပြောရရင်တော့ဟိုဗမာပြည်အတွက်ပဲ၊ ဒီမိုကရေစီရေးအတွက်ပဲ ကျန်ေတို့ဦးတည်ပြီးလုပ်နေတာပဲလို့ပြောချင်ပါတယ်။ ဒီနေ့ပြန်လာတာလည်း ကျနော်တို့နိုင်စွမ်းသလောက်ပေါ့လေ ကျနော်တို့ဦးနှောက်ညဏ်မှီသလောက် တင်ပြကြိုးစားကြည့်မယ်လို့ စီစဉ်ထားတာပဲ။ အဓိကက ကျနော်တို့ စဉ်းစားနေတဲ့ တင်ပြနေ

တဲ့ ကိစ္စက အခုမှလည်းမဟုတ်ပါဘူး ၀န်ကြီးဦးအောင်မင်းနဲ့တွေ့တော့လည်း ဒါပဲတောက်လျှောက်တင်ပြပါတယ်။ အဓိက မြင်တာကဘာလည်းဆိုတော့ ဒီ(၂၀၁၅)ရွေးကောက်ပွဲလို့ကျွန်တော်တို့ပြောကြပြီးတော့ အဲ့ကာလဖြတ်ကြရမယ်ဆိုတဲ့အချိန်ကိုလည်းရောက်ကြမှာပဲ အဲ့ကိစ္စတွေအားလုံးကို ပါဝင်ပတ်သက်နေတဲ့လူတွေအားလုံးက ပြည်သူပြည်သားတွေအားလုံးကော နိုင်ငံရေးအဖွဲ့အစည်းတွေအား လုံးကော ကျောလုံရင်လုံပေါ့နော် နောက်ပြီးငြိမ်ငြိမ်း

ချမ်းချမ်း ယုံယုံကြည်ကြည်နဲ့လက်တွဲသွားနိုင်အောင် (၂၀၁၅)မတိုင်ခင်မှာ ဒီတွေ့ဆုံဆွေးနွေးပွဲတစ်ခုဖြစ်သင့်တယ်လို့ ရိုးရိုးသားသားပဲယုံကြည်ပါတယ်။

အဲလိုဖြေပြီး ကျမကို တချက်လှမ်းကြည့်ပါတယ်။ ပြီးတော့ဆက်ဖြေပါတယ်။

အဲ့တွေ့ဆုံဆွေးနွေးပွဲကလည်း လာမဲ့(၁၅)နှစ် နှစ်(၂၀)လောက်ကို ကျနော်တို့တိုင်းပြည်ကိုဘယ်လို တည်ဆောက်ကြမလဲဆိုတဲ့ အမြင်မူသဘောထားတွေ ကျနော်တို့ထဲမှာကြားသွားတယ်ဆိုလို့ရှိရင် တစ်ယောက်နဲ့တစ်ယောက်ယုံကြည်မှုတွေ

ရသွားတယ်ဆိုရင် အဲ့(၂၀၁၅)အလွန်ကို ၊ နောက်ထပ်ပိုပြည့်စုံလာမဲ့အသွင်ကူးပြောင်းစ ကာလတစ်ခု

ကို ကျနော်တို့အားလုံး ကြည်ကြည်နူးနူးပျော်ပျော်ရွှင်ရွှင်စည်းစည်းလုံးလုံးနဲ့ ဖြတ်နိုင်မယ်လို့ ယူဆတယ်။ ဆိုတော့ အဲ့အတွက်ကို အဲ့ဆွေးနွေးပွဲကအရေးကြီးတယ်အစိုးရကလည်းပြောထားတာကတတိယအဆင့်မှာလွှတ်တော်ရှေ့နေပြည်တော်မှာလုပ်မဲ့အစည်းအဝေးရှိတယ် အစည်းအဝေးပုံစံနဲ့အစည်းအဝေးလုပ်မဲ့ဥစ္စာလေးတွေ ထပ်ပြီးတင်ပြတာပေါ့ အစိုးရကလည်းဒါမျိုးစဉ်းစားထားပြီးသား ရှိတဲ့အခါ ပိုပြီးတော့လိုင်းတဲ့သွားတာပေါ့နော် ဒါပေမဲ့ကျွန်တော်တို့ထပ်ပြီးတင်ပြတာကဘာလည်းဆိုတော့ နေပြည်တော်မှာ ခုနစ်ရက် ဆယ်ရက်လုပ်မဲ့ ကိစ္စတစ်ခုတည်းနဲ့တော့ ကိစ္စပေါင်းစုံတစ်ခါတည်းရှင်းလို့ရမှာမဟုတ်ဘူး ဆယ့်ငါးနှစ်နှစ်နှစ်ဆယ်ကို တစ်ခါတည်းအပြီးဖြတ်လို့ရမှာ

မဟုတ်ဘူး ဒါကြောင့်မို့လို့ ကျွန်တော်တို့ပြောနေတာကတော့ အခုတည်းကနေပြီးကဏ္ဍအလိုက်ပေါ့

ပါဝင်သင့်ပါဝင်ထိုက်တဲ့လူတွေအားလုံးက ကဏ္ဍအလိုက်ကိုကြိုတင်ပြီးတော့ဆွေးနွေးထားသင့်တယ်

ဥပမာဆိုပါတော့ တိုင်းရင်းသားတွေရဲ့အခွင့်အရေးပြဿနာ တန်းတူရည်တူနဲ့ကိုယ်ပိုင်ပြဌာန်းမှုကို

ပြောမယ်ဆိုရင်တော့ အာဏာခွဲဝေမှုပဲ အာဏာခွဲဝေမှုကိုဘယ်လောက်ထိပေးနိုင်မလဲ ဆိုတာကို

အဲ့နေပြည်တော်အစည်းအဝေးမှာပါတဲ့လူတွေက ဒီဟာလေးနဲ့ပတ်သက်တဲ့ဆွေးနွေးပွဲလေးလုပ်သွား

ကြမယ် အမြင်သဘောလေးတွေစုသွားကြမယ်။

အဲ့လိုစုသွားခြင်းအားဖြင့် သူတို့နဲ ကျနော်တို့ကြားမှာ ကျနော်တို့အချင်းချင်းကြားထဲမှာ ယုံကြည်မှုတွေပိုများလာမယ် တစ်ယောက်နဲ့

တစ်ယောက် စကားပိုပြောဖြစ်လာမယ် တစ်ယောက်အကြောင်းတစ်ယောက်ပိုနားလည်လာမယ် ကျွန်တော်တို့စုပေါင်းတိုင်ပင်ပြီးရတဲ့အဖြေလေးတွေရှိလာမယ်။နေပြည်တော်မှာလုပ်တဲ့အချိန်ကျတော့အချိန်မကုန်ဘူးပေါ့ အဲ့လိုစဉ်းစားမယ်ဆိုရင် ကျွန်တော်တို့က တိုင်းရင်းသားကဏ္ဍတွေစဉ်းစားရမှာ

ရှိတယ်၊ စီးပွားရေးနဲ့ ဘဏ္ဍာရေး ကဏ္ဍတွေစဉ်းစားရမှာရှိတယ် လူမှုရေးကဏ္ဍတွေစဉ်းစားရမှာရှိမယ်

ကျန်းမာရေးပညာရေး ကဏ္ဍတွေစဉ်းစားရမှာရှိမယ် ကာကွယ်ရေးနဲ့လုံခြုံရေးစဉ်းစားရမှာတွေရှိမယ်

နောက်ပြီး နိုင်ငံရေးစနစ်ပုံစံတွေစဉ်းစားရမှာရှိတယ်ဆိုတဲ့အခါကျတော့ အဲ့ဒီဟာလေးတွေကို ကျွန်တော်တို့လုပ်ချင်ပါတယ်။ဒါလေးတွေလည်းလုပ်ရင်ကောင်းပါတယ်။အားလုံးဝိုင်းလုပ်ကြရအောင်

ပေါ့ ဒီလိုလုပ်တယ်ဆိုရင်လည်း ကျွန်တော်တို့ တင်ပြချင်တာကတော့ အစိုးရကပဲ ကမကထလုပ်ပြီး

လုပ်တယ်ဆိုတာထက် အစိုးရကလည်းဦးဆောင်ပါတယ်။

ဒါပေမဲ့ဒီထဲမှာပါနေတဲ့အဖွဲ့အစည်းတွေကလည်း ငါတို့ကိုယ်တိုင်ဝိုင်းလုပ်ပြီး ထိုင်ဆုံးဖြတ်ပြီး လုပ်တယ်ဆိုတာလေးဖြစ်တယ်ဆိုလို့ရှိရင်တော့

ပိုကောင်းမယ်လို့ထင်ပါတယ်။ ဒါလေးကိုကျွန်တော်တို့အဓိကတင်ပြတယ် နောက်တစ်ခုကကျွန်တော်တို့ ဒီ အထဲထဲမှာရှိနေတဲ့ အဖွဲ့အစည်းတွေ နိုင်ငံရေးအဖွဲ့အစည်းတွေ နောက်လူထုအခြေပြုအဖွဲ့အစည်းတွေရဲ့ ဒီအမြင်သဘောထားတွေကို ပြုပြင်ပြောင်းလဲရေးမှာ ဘာတွေလုပ်ဖို့လိုတယ်ဆိုတဲ့အမြင်သဘောထားလေးကို ကျွန်တော်တို့လေ့လာသင့်တယ် နောက်တကယ်လို့များကျွန်တော်တို့

တစ်နေ့နေ့တစ်ချိန်ချိန် တိုင်းပြည်ကိုအပြီးပြန်လာခွင်ရတဲ့အချိန်မျိုးမှာ ကျွန်တော်တို့ကိုယ်တိုင်ဘယ်အခန်းကဏ္ဍတွေကနေ ဘယ်အလုပ်တွေကိုကျွန်တော်တို့လုပ်လို့ရမယ်ဆိုတာလေ့လာချင်တယ်အဲဒီစိတ်လေးနဲ့ပဲကျနော်တို့ တစ်နိုင်တစ်ပိုင်လုပ်တာပါ။

ဒေါက်တာ နိုင်အောင်တော့ မသိဘူး၊ ကျမကတော့ နားထောင်ရတာနဲ့တင် တော်တော်မောသွားပါတယ်။ အဲဒါကြောင့် အကို ရေသောက်ပါဦး ခဏနားပါဦးလို့ ပြောမိတော့ ရပါတယ်၊ မေးစရာရှိတာသာ မေးပါ။ ကျနော်ရေမသောက်ချင်ပါဘူးလို့ပြောတယ်။

အကို မသောက်ချင်ပေမဲ့ ကျမ ရေသောက်ချင်ပါတယ် လို့ပြောတော့ ဟာ ဆော်ရီးပါဗျာ လို့ပြောပြီး အိမ်ထဲကို ရေခွက် ၃ ခွက် ယူလာပေးဖို့ ပြောပါတယ်။

ရှေ့ဆက်ဖော်ပြပါမည်။

မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ။

မေသင်္ကြန်ဟိန်(မြစ်မခ)

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်