Subscribe to our RSS Feed

အရန်ဆန်တန်ချိန် ၁၃၀၀ ခန့် ထပ်မံရောင်းချပေးမည်


From : ခေတ်လူငယ်

နိုင်ငံတော် အရန်ဆန်ထားရှိရေး ကြီးကြပ်မှုကော်မတီမှ မိုးစပါး(ငစိန်) အမျိုးအစား အရန်ဆန်တန်ချိန် ၁၃၀၀ ကို ၇-၉-၂၀၁၂ ရက်တွင် ထပ်မံရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ပြည်တွင်း လိုအပ် ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များ အသင်းမှလည်း စက်တင်ဘာ လဆန်းပိုင်းမှ စတင်၍ ဘုရင့်နောင် ကုန်စည်ဒိုင်နှင့် ဝါးတန်းလမ်း ကုန်စည်ဒိုင်တို့တွင် ဧည့်မထ အမျိုးအစား အရန်ဆန် တန်ချိန် ၁၀၀၀၀၀ ကျော်ကို နေ့စဉ်ရောင်းချပေးလျက်ရှိရာ မိုးကြီးရေလျှံမှုများကြောင့် ဆန်ဈေးကွက်တွင် ဈေးနှုန်းလှုပ်ရှားမည်ကို စိုးရိမ်ရန်မရှိကြောင်းလည်း သိရှိရသည်။ မြန်မာနိုင်ငံရှိ ဆန်စပါး စိုက်ပျိုးထုတ်လုပ် ရောင်းချသော ပြည်နယ်ဒေသအချို့တွင် ယခုနှစ် ဇူလိုင်လအတွင်း ရေလွှမ်း မိုးမှုများ ဖြစ်ပေါ်ခဲ့သောကြောင့် ပြည်တွင်း စားသုံးသူများ ဈေးနှုန်းသက်သာစေရေးနှင့် ဈေးနှုန်းတည်ငြိမ်စေရေးကို ရည်ရွယ်ပြီး နိုင်ငံတော် အရန်ဆန်ထားရှိရေး ကြီးကြပ်မှုကော်မတီမှ ၁၅-၈-၂၀၁၂ ရက်တွင် ပြည်သူများသို့ အရန်ဆန် တန်ချိန် ၄၆၆၆.၆၉၀ ကို ရောင်းချပေးခဲ့ပြီး ယခုအကြိမ် ရောင်းချပေးခြင်းမှာ ၂၀၁၂ ခုနှစ်တွင် ဒုတိယအကြိမ် အရန်ဆန် ရောင်းချပေးမည်ဖြစ်ကြောင်း ဆန်ဝယ်ယူလိုသော ပြည်တွင်းကုမ္ပဏီ၊ ဆန်ကုန်သည်၊ ဆန်လုပ်ငန်းရှင်များ အနေဖြင့် ဝယ်ယူလိုပါက နိုင်ငံတော် အရန်ဆန်ထားရှိရေး ကြီးကြပ်မှု ကော်မတီ အမှတ်(၂၉) မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ် UMFCCI တာဝါ ၈ လွှာရှိ၊ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းရုံးသို့ ၇-၉-၂၀၁၂၊ နေ့လယ် ၁၂ နာရီ နောက်ဆုံးထားပြီး မိမိဝယ်ယူလိုသော ဆန်တန်ချိန်နှင့် ဈေးနှုန်း အဆိုပြုလွှာများကို ပေးပို့ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။ လုပ်ငန်းရှင်များ တင်သွင်းထားသည့် အဆိုပြုလွှာများကို ဆန်ဝယ်ယူလိုသည့် အဆိုပြုလွှာရှင်များ၏ ရှေ့မှောက်တွင် တစ်ပြိုင်နက်တည်း ဖွင့်ဖောက်ရောင်းချပေးသွားမည်ဖြစ်ပြီး အဆိုပြုလွှာ ပေးသွင်းသူ အရေအတွက် များပါက ဈေးနှုန်းအသေးစိတ် သိရှိလိုသူများအနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းရုံး ဖုန်း- ၀၁-၂၁၈၂၆၆၊ ၂၁၈၂၆၇ သို့ စုံစမ်းမေးမြန်းနိုင်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ထုတ် News Watch ဂျာနယ်တွင် ဖော်ပြထားပါသည်။


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်