Subscribe to our RSS Feed

အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချဲလ် စက်တင်ဘာလ ၉ ရက်နေ့တွင် ရခိုင်သွားမည်

From : .ခေတ်လူငယ်

နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံး ခန့်အပ်ခဲ့သော အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချဲလ် (Derek Mitchell) သည် စက်တင်ဘာလ ၉ ရက်နေ့တွင် ရခိုင်ပြည်နယ်သို့ သွားရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ သို့သော်လည်း အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်ကမူ ရခိုင်ပြည်နယ် သွားရောက်မည့် ကိစ္စနှင့် ပတ်သက်၍ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် အခြားတိုင်းရင်းသား ဒေသများသို့ သွားရောက်မည်ဟု ၈၈ မျိုးဆက်ကျောင်းသားများနှင့် စက်တင်ဘာလ ၄ ရက်နေ့က တွေ့ဆုံစဉ် ဒဲရစ်မစ်ချဲလ်က ပြောကြားခဲ့ကြောင်း ၈၈ မျိုးဆက် ကျောင်းသားတစ်ဦးဖြစ်သူ ဦးဌေးကြွယ် (ကိုဌေးကြွယ်)က ဆိုသည်။ အဆိုပါ တွေ့ဆုံခဲ့စဉ်က ရခိုင်ပြည်နယ်ကိစ္စသည် လူ့အခွင့်အရေး စံနှုန်းကို အခြေခံ၍ ဖြေရှင်းရမှာဖြစ်သကဲ့သို့ အမျိုးသားလုံခြုံရေးအပေါ် အခြေခံ၍လည်း ဖြေရှင်းရမည် ဖြစ်ကြောင်း၊ ပထမဆုံး လုပ်ငန်းများအနေနှင့် ဒေသတည်ငြိမ်ရေးကို ဦးစားပေး လုပ်ဆောင်ရမည်ဖြစ်ပြီး ယင်းကိစ္စပြီးပါက ဒေသပြန်လည်ထူထောင်ရေး၊ နိုင်ငံသားစိစစ်ရေးကိစ္စ၊ ငြိမ်းချမ်းစွာ အတူတကွနေထိုင်ရေး ကဲ့သို့ အဆင့်ဆင့်လုပ်ဆောင်ရမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။ ဒဲရစ်မစ်ချဲလ် ရခိုင်ပြည်နယ်သို့ လာရောက်မည့်ကိစ္စနှင့် ပတ်သက်၍ သတင်းပေးပို့ချက် တစ်စုံတစ်ရာ မရှိသေးကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေးဌာနမှ ဥက္ကဋ္ဌ ဦးလှသိန်းက စက်တင်ဘာလ ၆ ရက်နေ့က ပြောဆိုသည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခမှုကြောင့် မြန်မာနိုင်ငံအပေါ် ထားရှိသော အမေရိကန်ပြည်ထောင်စု၏ ပိတ်ဆို့အရေးယူမှု လျှော့ချပေးရေးဆိုင်ရာ မူဝါဒအပေါ် ထိခိုက်နစ်နာမှုမရှိဟု ဒဲရစ်မစ်ချဲလ်က ပြောကြားခဲ့ကြောင်း သြဂုတ်လ၂၄ ရက်နေ့တွင် ရေးသားဖော်ပြခဲ့သည်။ ပဋိပက္ခမှုများသည် လူ့အဖွဲ့အစည်းအတွင်း နက်ရှိုင်းစွာ အမြစ်တွယ်နေသော၊ သည်းညည်းမခံတတ်သော သဘောတရားများနှင့်အတူ ပေါ်ထွက်လာခြင်းဖြစ်ပြီး ယင်းသည်းညည်းမခံတတ် မှုမှာလည်း ကြီးမားထင်ရှားသော သာဓကတစ်ခု ရှိနေပုံရကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများက ရိုဟင်ဂျာ (မူရင်းသတင်းအတိုင်းသာ) အရေးကိစ္စအပေါ် အလွန်အမင်း အသားပေး ပြောဆိုခဲ့သည်ကို သိရှိ နားလည်ပါကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ အမေရိကန်အစိုးရ၏ ထောက်ပံ့ရေး အစီအစဉ်အရ ဇူလိုင်လ ၅ ရက်နေ့က ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ထောက်ပံ့ပေးရန် အမေရိကန်ဒေါ်လာ သုံးသန်း ပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက တရားဝင် ထုတ်ပြန်ထားသည်။ ဒဲရစ်မစ်ချဲလ်ကို အမေရိကန်သံအမတ်အဖြစ် ဇူလိုင်လ ၁ ရက်နေ့တွင် ခန့်အပ်ခဲ့သည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခမှုကြောင့် လူပေါင်း ၈၀ ကျော် သေဆုံးပြီး နေအိမ်ပေါင်း ၄၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကာ ဒုက္ခသည် ခြောက်သောင်းကျော် ရှိခဲ့ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၀ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်