Subscribe to our RSS Feed

သမ္မတကြီး ဦးသိန်းစိန် မှ ဒီမိုမိတ်ဆွေ (၁၀) ပါတီ အားလက်ခံတွေ့ဆုံ


သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေး ပါတီ ၁၀ ပါတီမှ ခေါင်းဆောင်များ ယနေ့ နံနက်ပိုင်းတွင် တွေ့ဆုံသည်။ ပြည်တွင်းငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ် အရေးအခင်းနှင့် ရွေးကောက်ပွဲ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာများကို ဆွေးနွေးကြောင်း သိရသည်။ သမ္မတနှင့် တွေ့ဆုံသည့် ပါတီများမှာ ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသော ချင်းအမျိုးသားပါတီ၊ ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ၊ ဖလုံ စဝေါ် ဒီမိုကရက်တစ် ပါတီ၊ မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ တို့ ဖြစ်ကြောင်း သိရသည်။



နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီနှင့်အခြားတာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီထိ သမ္မတ၏ လယ်တောရိပ်သာတွင် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီအထွေထွေအတွင်းရေးမှူးဦးလှစောက ''ယခုရခိုင်မှာ ဖြစ်နေတဲ့ကိစ္စ၊ ဂက်စ်ပိုက်လိုင်းကိစ္စ၊ လျှပ်စစ်မီးရရှိရေးနဲ့ ကျန်းမာရေးကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်'' ဟု ပြောသည်။
ယခုလတ်တလော ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ကိစ္စများနှင့်ပတ်သက်၍ မြန်မာ့သမိုင်းပညာရှင်များနှင့် နိုင်ငံတကာမှ သမိုင်းပညာရှင်များကို ဖိတ်ခေါ်၍ နေပြည်တော်တွင် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရန် ရခိုင်လုံခြုံရေးတပ်နှင့် နယ်ခြားစောင့် တပ်များ ဆောင်ရွက်ရေးကိစ္စများအား တင်ပြခဲ့ကြောင်း ဦးလှစောက ပြောသည်။

''ထူးခြားတဲ့ တွေ့ဆုံမှုလို့ပဲ သုံးသပ်ချင်ပါတယ်။ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဟိတ်ဟန်လည်း မရှိပါဘူး။ နွေးနွေးထွေးထွေး ရှိပါတယ်'' ဟု ဦးလှစောက သုံးသပ်သည်။

အဆိုပါ တွေ့ဆုံပွဲတွင် လယ်ယာမြေအသိမ်းခံရသော ပြဿနာများ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးကိစ္စများအား အမျိုးသား ဒီမို ကရေစီ အင်အားစု ပါတီက ဆွေးနွေးခဲ့ပြီး နိုင်ငံတည်ဆောက်ရေးနှင့် ပတ်သက်၍ ရှေ့ဆက်ပြီး တိုင်းပြည်တွင် လုပ်ရမည့်ကိစ္စများအား နွေးနွေးထွေးထွေး ဆွေးနွေးခဲ့ကြသည်ဟု အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော လူမှုစီးပွားအကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း အပါအ၀င် နိုင်ငံရေးပါတီများမှ ဦးသုဝေ၊ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဦးလှစော၊ ဦးဇိုဇမ်၊ ဦးစိုင်းအိုက်ပေါင်း၊ ဦးစောသိန်းအောင်၊ ဦးနိုင်လှအောင်အပါအ၀င် စုစုပေါင်း ၃၃ ဦး တက်ရောက်ခဲ့ပြီး နိုင်ငံတည်ဆောက်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်