Subscribe to our RSS Feed

ခေတ္တရှောင်တိမ်းလာသော ကျောင်းသား ကျောင်းသူများအား ပညာဆက်လက် သင်ကြားပေးလျက်ရှိ


From : ခေတ်လူငယ်

ကချင်ပြည်နယ်အတွင်း နယ်မြေလုံခြုံရေးအရ ခေတ္တရှောင်တိမ်းလာသော ကျောင်းသား ကျောင်းသူများ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ပညာဆက်လက် သင်ကြားနိုင်ရေးအတွက် မြို့နယ်အသီးသီး၌ ဖွင့်လှစ်ထားသော ကယ်ဆယ်ရေး စခန်းများနှင့် နီးစပ်ရာ အခြေခံပညာကျောင်းများ၌ ဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။ အခြေခံပညာ ကျောင်းသား ကျောင်းသူများအား ပညာသင်ကြား ပေးလျက်ရှိရာတွင် ဝိုင်းမော်မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းပေါင်း ၂၅ ကျောင်းတွင် အထက်တန်းအဆင့် ကျောင်းသားကျောင်းသူ ၁၃၇ ဦး၊ အလယ်တန်းအဆင့် ကျောင်သားကျောင်းသူ ၅၁၃ ဦးနှင့် မူလတန်းအဆင့် ကျောင်းသားကျောင်းသူ ၇၄၉ ဦးတို့ကို ကယ်ဆယ်ရေးစခန်းများနှင့် နီးစပ်ရာ ကျောင်းများ၌ ပညာသင်ကြားပေးလျက် ရှိသည်။ ဝိုင်းမော်မြို့နယ် ပညာရေးမှူးဖြစ်သူ ဒေါ်ခင်သန်းနွဲ့က “ခေတ္တရှောင်တိမ်းလာတဲ့ ကလေးငယ်တွေ ပညာဆက်လက် သင်ကြားနိုင်ရေးအတွက် ကျွန်မတို့ ဆောင်ရွက်ပေးနေပါတယ်။ ကျောင်းသား ကျောင်းသူတွေအတွက် လိုအပ်တဲ့ စာရေးကိရိယာ အပြည့်အစုံကို ထောက်ပံ့ပေးထားပါတယ်။ လူမှုရေး အဖွဲ့အစည်းတွေနဲ့ အလှူရှင်တွေကလည်း ကျောင်းဝတ်စုံတွေကအစ လှူဒါန်းပေးကြပါတယ်။ အခု ဒီမိုင်းနား ကျေးရွာအုပ်စု (လဝမ်ကထောင်) မူလတန်းကျောင်းဆိုရင် ကယ်ဆယ်ရေး စခန်းသုံးခုနဲ့ နီးတဲ့အတွက် အဲဒီစခန်းသုံးခုက ကျောင်းသားကျောင်းသူ ၂၇၀ ဟာ ဒီကျောင်းမှာ ပညာသင်ကြားနေကြပါတယ်” ဟု ပြောပြသည်။ ဝိုင်းမော်မြို့နယ် အတွင်းသို့ ၂၀၁၁ ခုနှစ် ဇွန်လမှ ၂၀၁၂ ခုနှစ် ဇူလိုင်လအထိ ခေတ္တရှောင်တိမ်းလာသော အိမ်ထောင်စု ၁၂၇၁ စုမှ လူဦးရေ ၅၀၄၉ ဦးအား ကယ်ဆယ်ရေး စခန်းပေါင်း ၁၃ ခု၌ နေထိုင်နိုင်အောင် စီစဉ်ပေးထားကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၂၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်