Subscribe to our RSS Feed

မန္တလေးတိုင်းဒေသကြီးသို့ နိုင်ငံခြားသားဧည့်သည် ၀င်ရောက်မှု သိသိသာသာ များပြားလာ


From : ခေတ်လူငယ်

မန္တလေးတိုင်းဒေသကြီးသို့ နိုင်ငံခြားသားဧည့်သည် ၀င်ရောက်မှုမှာ သိသိသာသာ များပြားလာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့သော အချက်အလက်များအရ သိရှိရသည်။ လက်ရှိအချိန်တွင် မန္တလေးဒေသအတွင်းရှိ ဟိုတယ်များအား စိစစ်နေပြီး ကြယ်ပွင့်အမှတ်အသားများ သတ်မှတ်ပေးလျက်ရှိကြောင်း သိရသည်။ ယခုနှစ် ဇန်န၀ါရီလမှ ဇူလိုင်လအထိ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မန္တလေး၊ ပုဂံညောင်ဦးနှင့် ပြင်ဦး လွင်သို့ နိုင်ငံခြားသားဧည့်သည် ၀င်ရောက်မှုမှာ ၁၅၉၂၅၀ ဦးအထိ ရှိလာရာ ယမန်နှစ် ခုနစ်လအတွင်း ၀င်ရောက်မှု ၁၀၆၀၅၀ ဦးနှင့် နှိုင်းယှဉ်ပါက နိုင်ငံခြားသားဧည့်သည် ၀င်ရောက်မှုမှာ ၅၃၂၀၀ ဦးခန့် ပိုမိုများပြား လာခြင်းဖြစ်ကြောင်း သိရသည်။ နိုင်ငံခြားသား ဧည့်သည်များသည် မန္တလေးသို့ ရန်ကုန်၊ ပုဂံ-ညောင်ဦး၊ တောင်ကြီး-ဟဲဟိုး၊ မူဆယ်-လားရှိုး၊ မြစ်ကြီးနား-ဗန်းမော်၊ ချင်းပြည်နယ်၊ ချင်းမိုင်၊ တရုတ်နိုင်ငံတို့မှ အများဆုံး ၀င်ရောက်ကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြားသား ဧည့်သည်များကို ဆွဲဆောင်ပြ သနိုင်သော နေရာများမှာ ရှေးဟောင်းသာသနိက အဆောက်အအုံများနှင့် ယဉ်ကျေးမှုအနုပညာ လက်ရာများ ရှိသည့် အင်းဝနန်းမြို့ဟောင်း၊ အမရပူရနန်းမြို့ဟောင်း၊ မိုင်းမောနန်းမြို့ဟောင်း၊ ပင်းယနန်းမြို့ဟောင်း၊ မန္တလေးမြို့ရှိ မြနန်းစံကျော် ရွှေနန်းတော်၊ မဟာမုနိဘုရား၊ မန္တလေးတောင်၊ ပန်းဆယ်မျိုး လုပ်ငန်းများ၊ အမရပူရမြို့နယ် အတွင်းရှိ ဦးပိန်တံတား၊ မဟာဂန္ဓာရုံကျောင်းတိုက်၊ လက်ယက်ကန်း လုပ်ငန်းများ၊ ပြင်ဦးလွင်မြို့၊ ပွဲကောက်ရေတံခွန်၊ အမျိုးသားကန်တော်ကြီး ဥယျာဉ်၊ ပိတ်ချင်းမြောင်၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတို့ ရှိသည့်အပြင် မန္တလေးမြို့မှတစ်ဆင့် စစ်ကိုင်း၊ မင်းကွန်း၊ မုံရွာ၊ ရွှေဘို စသည့် ဒေသများသို့လည်း သွားလာနိုင်သည်။ ယခုနှစ် ဇန်န၀ါရီလမှ ဇူလိုင်လအထိ နိုင်ငံခြားသားဧည့်သည် ၀င်ရောက်မှုမှာ မန္တလေးသို့ ၇၆၉၁၅ ဦး၊ ပုဂံညောင်ဦးသို့ ၇၇၃၁၀ ဦး၊ ပြင်ဦးလွင်သို့ ၅၀၂၅ ဦး အသီးသီး ၀င်ရောက်ခဲ့ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်