Subscribe to our RSS Feed

ဆင်ခြင်အသိရှိကြစေချင်သည်(၁)

From : စောင်းစူးရှ

  ကျွန်တော်တို့နိုင်ငံက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟူသော အမည်နာမနှင့်အတူ ဒီမိုကရေစီနိုင်ငံအဖြစ်သို့ ကူးပြောင်းခဲ့ပြီဖြစ်ပါသည်။ နိုင်ငံတော်သမ္မတကြီး၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံတကာက ချီးကျူးလက်ခံလာကြသည်အထိ ခရီးရောက်ခဲ့ပါသည်။ သို့သော် ခေတ်စနစ်အပြောင်းမှာ အသိအမြင် အတွေးအခေါ်မပြောင်းဘဲ ရပ်တန့်နေသောသူများကိုလည်းတွေ့ရသည်။ ယခုတလော မီဒီယာအချို့တွင် မြန်မာနိုင်ငံနှင့်ပတ်သက်သော သတင်းများကိုဖတ်ရှုရာ စကား အသုံးအနှုန်းများ မဆင်မခြင်သုံးထားသည်ကို ၀မ်းနည်းဖွယ်တွေ့ရှိရသည်။ ၎င်းအနက် အဓိကကျသည့် အချက်နှစ်ခုကို ဆွေးနွေးလိုပါသည်။ ပထမအချက်မှာ မြန်မာနိုင်ငံနှင့် ဗမာနိုင်ငံ၊ Myanmar နှင့် Burma ဟူသော အသုံးများဖြစ်သည်။ ထိုစကားလုံးနှစ်ခု၏ အသုံးနှင့်ပတ်သက်၍ အယူအဆများကွဲပြားနေကြပါသည်။ နိုင်ငံတော်သမ္မတကြီး ဦးဆောင်သောအစိုးရက မြန်မာဟူသောအသုံးကိုသာ သုံးစေချင်သော်လည်း အဖွဲ့အစည်းအချို့နှင့် မီဒီယာအချို့ကမူ ဗမာဟူသောအသုံးကို သုံးနေကြသည်။ ပြည်သူအချို့ကလည်း စကားလုံးအသုံး နှစ်ခုသည် မည်သို့မျှမကွဲပြား၊ ဘယ်လိုပဲသုံးသုံး သုံးလို့ရသည်ဟု မှတ်ယူနေကြသည်။ ထိုအသုံးနှစ်ခုက တကယ်ပဲတူညီသည်လား။ မြန်မာအစား ဗမာကိုသုံးခြင်းဖြင့် မည်သည့်အကျိုး သက်ရောက်မှုများ၊ ဂယက်အနက်များ မရှိတော့ပြီလား။ တကယ်တော့ နိုင်ငံတိုင်း၌ နိုင်ငံတော်အဆင့် တရားဝင်သုံးသော စကားလုံးများကို အထူးဂရုစိုက်ကြသည်။ ကျွန်တော်တို့နိုင်ငံ ဖွဲ့စည်းပုံဥပဒေတွင် လည်း စကားလုံးများကို ဂရုစိုက်သည့်အတွက် အရေးကြီးသည့်စကားလုံးများကို ဖွင့်ဆိုချက်ပေးရသည်။ ထိုသို့ပေးမှသာလျှင် တိကျသည့်အနက်ကို ရနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် စကားလုံးတိုင်းတွင် အနက်ရိုး၊ ဂယက်အနက် စသည့်အနက်ပေါင်းများစွာ ရှိကြသည်။ သာဓကအားဖြင့် “ မြွေ ” ဟူသောစကားသည် “ ခြေလက်မဲ့၍ ကိုယ်လုံးဖြင့် လူးလွန့်သွားသော အလျားရှည်သားစားသတ္တ၀ါ ” ဟူသောအနက်ရသည်။ ဤသည်မှာ အဘိဓာန်တွင်ဖွင့်ဆိုထားသော အနက် တစ်နည်းအားဖြင့် အနက်ရိုးဖြစ်သည်။ သို့သော် လူအများစုအတွက် “ မြွေ ” ဟူသောစကားလုံး ကိုကြားလိုက်ရပါက အနည်းနှင့်အများ ထိတ်လန့်တတ်ကြသည်။ မြွေကို တကယ်မတွေ့ရသော်လည်း ထိတ်လန့်သည့်ခံစားမှုကို ရကြပါသည်။ သို့ဖြစ်ရာ “ ကြောက်စရာ ”၊ “ ထိတ်လန့်စရာ ” ဟူသောခံစားမှု အသိက ဂယက်အနက်ပင်ဖြစ်သည်။ “မြန်မာ” ဟူသောစကားသည် “ မြန်မာနိုင်ငံတွင် အစဉ်အဆက်နေထိုင်ခဲ့ကြသော တိုင်းရင်းသား များကို ခြုံခေါ်သောအမည် ” ဟု အဘိဓာန်တွင် ဖွင့်ဆိုထားသည်။ အနက်ရိုးအရလည်း ပြည့်ဝလေးနက်၍ အဓိပ္ပာယ်ရှိသည်။ ပြည်ထောင်စုဖြစ်သော ကျွန်တော်တို့နိုင်ငံအတွက်လည်း သင့်တော် မှန်ကန်သည့်အမည်ဖြစ်ပါသည်။ သမိုင်းကြောင်းအရလည်း ရှေးဟောင်းကျောက်စာများတွင် တွေ့ရှိရပြီး ရှေးကျသောအသုံးဖြစ်ပါသည်။ “ ဗမာ ” ဟူသောစကားကို မြန်မာအဘိဓာန်တွင် “ တိဗက်မြန်မာ အုပ်စုဝင်ဘာသာစကား တစ်မျိုးကိုပြောသော မြန်မာတိုင်းရင်းသားတစ်မျိုး ” ဟုဖွင့်ဆိုထားပါသည်။ သို့ဖြစ်ရာ အနက်ရိုးအရ တိုင်းရင်းသားတစ်မျိုးကိုသာ ကိုယ်စားပြုသောစကားဖြစ်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အမည်နာမ မဖြစ်နိုင်ပေ။ ကိုလိုနီခေတ်ထိ အသုံးပြုခဲ့သောစကားလုံး ဖြစ်သော် လည်း ခေတ်စနစ်အပြောင်း ဒီမိုကရေစီခေတ်တွင် မဆီလျော်တော့ပေ။ ထိုစကားလုံးကို မြန်မာနိုင်ငံအား ကျွန်ပြုခဲ့သည့် အင်္ဂလန်နိုင်ငံနှင့်အနောက်နိုင်ငံအချို့က ယခုထိ တသသအသုံးပြုနေကြသည်။ တရားဝင်ရုံးသုံးအမည်ဖြစ်သော “ မြန်မာ ” ကို မသုံးခြင်းသည် နိုင်ငံတော်ကို မထီမဲ့မြင်ပြုခြင်းပင်ဖြစ် သည်။ “ မြန်မာ ” ဟူသောစကားလုံး၏နောက်တွင် အချုပ်အချာအာဏာပိုင်စိုးမှု၊ တိုင်းရင်းသားများ ပေါင်းစုထားမှု စသည့် ဂယက်အနက်များရှိနေသည်။ အင်္ဂလန်နိုင်ငံအနေဖြင့် မိမိသိမ်းပိုက်ခဲ့စဉ်က အမည်ကို နေမ၀င်အင်ပါယာအား လွမ်းဆွတ်မှုသင်္ကေတအဖြစ် သုံးနေမည်ဖြစ်သော်လည်း ကျွန်တော်တို့ မြန်မာနိုင်ငံသားများအနေဖြင့် အသုံးမပြုသင့်ပေ။ “ မြန်မာနိုင်ငံ” ကို “ ဗမာနိုင်ငံ ” ဟုခေါ်နေသရွေ့ လူမျိုးကြီးဝါဒကို စွဲကိုင်ရာရောက်သည်။ တိုင်းရင်းသားများဖြင့် စုစည်းထားသည့် ပြည်ထောင်စုဆိုသည့် သဘောကို ငြင်းဆန်ရာရောက်သည်။ အစိုးရက ထုတ်ပြန်ထားသည့်ဥပဒေကို မလေးစားရာရောက်သည်။ အထူးသဖြင့် ဗမာနိုင်ငံဆိုတာ တစ်ချိန်က အင်္ဂလန်ရဲ့ကျွန်နိုင်ငံပါဆိုသည့် ဂယက်အနက်ကို အားဖြည့် ပေးရာရောက်ပါသည်။ မြန်မာနိုင်ငံကို “ မြန်မာ” ၊ " Myanmar " ဟုခေါ်ဆိုသုံးစွဲခြင်းကသာ ကောင်းမွန် မှန်ကန်မည်ဖြစ်ပါသည်။ ဆင်ခြင်အသိရှိကြစေချင်သည်(၂) နောက်တစ်ချက်မှာ တပ်မတော်နှင့် ပတ်သက်သည့်အသုံးဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတွင် တပ်မတော်သည် တစ်ခုတည်းသာရှိသည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပြဋ္ဌာန်းသတ်မှတ်ပြီး ဖြစ်ပါသည်။ “ တပ်မတော်” ဟူသော စကားလုံးကို မြန်မာအဘိဓာန်၌ “ ကြည်းတပ်၊ ရေတပ်၊ လေတပ် ပါဝင်သော နိုင်ငံတော်၏ကာကွယ်ရေးတပ်ပေါင်းစု” ဟုဖွင့်ဆိုထားပါသည်။ သို့ဖြစ်ရာ “ တပ်မတော်” ဟုသုံးပါက မြန်မာ့တပ်မတော် တစ်နည်းအားဖြင့် ပြည်ထောင်စုတပ်မတော်အတွက်သာ သုံးသင့်ပါသည်။ သို့သော် ယခုအခါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုလည်း “ တပ်မတော်” ဟူသောအသုံးဖြင့် သုံးနှုန်းနေကြပါသည်။ ဒီထက်ပိုဆိုးသည်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို “ တပ်မတော်” ဟု သုံးသော်လည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တပ်မတော်ကိုမူ စစ်တပ်ဟုသာ သုံးနှုန်း နေကြခြင်းဖြစ်သည်။ ထိုအသုံးအနှုန်းများက သူပုန်အားပေးခြင်းပင်ဖြစ်သည်။ ဆူပူအကြမ်းဖက်မှုကို အားပေးခြင်းပင်ဖြစ်သည်။ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ လက်ရှိအုပ်စိုးနေသော အစိုးရ သည်သာ ကျွန်တော်တို့ရဲ့အစိုးရဖြစ်သည်။ စင်ပြိုင်အစိုးရမရှိသလို စင်ပြိုင်တပ်မတော်လည်းမရှိနိုင်ပေ။ ထိုကဲ့သို့ မှားယွင်းသုံးနှုန်းခြင်းများသည် ရှေ့တန်းစစ်မြေပြင်တွင် အသက်ပေါင်းများစွာ စွန့်လွှတ်တိုက်ပွဲ ၀င်နေရသော ကျွန်တော်တို့တပ်မတော်သားများအတွက် နောက်မှလာသည့်ကျည်ဆံပင်ဖြစ်ပါသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကို “ လက်နက်ကိုင်အဖွဲ့” ဟုသာသုံးနှုန်းသင့်ပါသည်။ ဥပမာ “ ကချင် လက်နက်ကိုင်အဖွဲ့” ။ ထိုသို့မဟုတ်ပါက အစိုးရအပေါ် သစ္စာစောင့်သိမှုမရှိခြင်း၊ ရှေ့တန်းစစ်မြေပြင်တွင် အသက်များစွန့်လွှတ်နေရသော တပ်မတော်သားများကို စော်ကားခြင်းပင်ဖြစ်သည်။ မီဒီယာများသည် စတုတ္ထမဏ္ဍိုင်ဖြစ်သည်နှင့်အညီ မှန်ကန်မှုကို ထိန်းသိမ်းပေးရမည်ဖြစ်သကဲ့သို့ နိုင်ငံတော်အတွက် အရှည် မျှော်တွေးကာ ဆင်ခြင်သုံးနှုန်းကြရန် လိုအပ်ပါသည်။ ဤနေရာတွင် ရာဇဓိရာဇ်ကိုပြောကြားခဲ့သည့် အမတ်ဒိန်၏- “ ကျွန်တော်ကတော့ ရှင်းရှင်းပဲ။ ထီးဖြူဆောင်းတဲ့ တရားဝင်မင်းရဲ့ သစ္စာကိုပဲစောင့်တယ်။ ထီးဖြူ မဆောင်းထားတဲ့ ဘယ်သောင်းကျန်းသူမင်းကိုမှ မခစားနိုင်ဘူး။ ဒီအတွက် အရှင်မင်းကြီး သတ်ရင်လည်း သေရမှာပဲ။” ဟူသောရဲရဲတောက်စကားကို ဖော်ပြလိုပါသည်။ ကျွန်တော်တို့ရဲ့ လက်ရှိတည်ငြိမ်မှုတွေကို ဘယ်သူတွေက စွန့်လွှတ်အနစ်နာခံတည်ဆောက်ပေး နေပါသလဲ။ နိုင်ငံတော်သာ အေးချမ်းတည်ငြိမ်မှုမရှိရင် မီဒီယာများအပါအ၀င် ပြည်သူများရဲ့ဘ၀လည်း အေးချမ်းတည်ငြိမ်နိုင်မည်မဟုတ်ပါ။ အချုပ်အားဖြင့် မီဒီယာများအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများကို ချစ်ခင်သည်ဆိုပါက နိုင်ငံတော်နှင့် နိုင်ငံသားများ၏ဂုဏ်သိက္ခာ၊ အစဉ်အလာများကို ထိခိုက်ညှိုးနွမ်းစေမည့် စကားအသုံး အနှုန်းများကို ရှောင်ကြဉ်ကြရန် လိုအပ်ပါသည်။ မီဒီယာများနည်းတူ ပြည်သူများအနေဖြင့်လည်း ဆင်ခြင် အသိရှိကြစေချင်ပါသည်။ ကျည်ဆန်တစ်တောင့်က လူတစ်ယောက်ကိုသာ ထိခိုက်စေသော်လည်း စကားတစ်ခွန်းက တိုင်းပြည်နဲ့လူမျိုးကို ထိခိုက်စေနိုင်သည်ကို သတိပြုကြရမှာ ဖြစ်ပါသည်။

 Myanmar Express

3 comments:

မှန်ပါတယ်။ တိုင်းပြည်ကိုချစ်တဲ့စိတ်ထက် အစိုးရကိုမုန်းတီးတဲ့စိတ်တွေ ပိုနေကြတာပါ။ အမှန်ကိုမြင်အောင်ကြည့်ဖို့ထက် အားလုံးကို ဆန့်ကျင်ဘက်အမြင်နဲ့ကြည့်နေ ကြသလိုပါဘဲ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်