Subscribe to our RSS Feed

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အလျင်လိုကျေးရွာ၌ ကျင်းပသည့် တစ်ကွင်းတစ်စပ်တည်း စိုက်ပျိုးထားသော ပုလဲသွယ် စပ်မျိုးစပါးဧက ၄၄ဝ စံပြစိုက်ကွင်း ကောက်ရိတ်သိမ်းပွဲအခမ်းအနားသို့ တက်ရောက်အားပေး

From : သမ္မတရုံး


နေပြည်တော် အောက်တိုဘာ ၂၈

ပြည်ထောင်စုသမ္မတြ မန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက် ၇ နာရီ ၁၅ မိနစ်တွင် နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် အလျင်လိုကျေးရွာ၌ ကျင်းပသည့်တစ်ကွင်းတစ်စပ်တည်း စိုက်ပျိုးထားသော ပုလဲသွယ် စပ်မျိုးစပါးဧက ၄၄ဝ စံပြစိုက်ကွင်း ကောက်ရိတ်သိမ်းပွဲအခမ်းအနားသို့ တက်ရောက် အားပေးသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်ရေး လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်သိမ်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့်နေပြည်တော် ကောင်စီနယ်မြေ မြို့နယ်များမှ တောင်သူလယ်သမားများ တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ဒက္ခိဏသီရိမြို့နယ်၊ ဇမ္ဗူသီရိ မြို့နယ်နှင့် ပျဉ်းမနားမြို့နယ်များမှ အခမ်းအနားသို့ တက်ရောက်လာကြသည့် တောင်သူလယ်သမားများနှင့် ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံတို့မှ စိုက်ပျိုးရေး ပညာရှင်များအား ရင်းနှီးနွေးထွေးစွာ နှုတ်ဆက်သည်။

ယင်းနောက် သမ္မတ ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်က နေပြည်တော် ကောင်စီနယ်မြေအတွင်း စက်မှုလယ်ယာကူးပြောင်းရေးနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် လယ်ယာစိုက်ပျိုးးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေ များနှင့် စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲနိုင်ရေးအတွက် အဆင့်ဆင့်ကြိုးပမ်း ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြန်မာနိုင်ငံလယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်က အလျင်လိုကျေးရွာ တောင်သူများထံသို့ ငွေကျပ်သိန်းတစ်ရာ တန်ဖိုးရှိ ရေသန့်စက် တစ်လုံးကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်က လက်ခံသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အမှာစကားပြောကြားရာတွင် မိမိတို့ အစိုးရအဖွဲ့ အနေဖြင့် တိုင်းပြည်အတွက် အဓိကကျသည့် စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး နှစ်ရပ်ကို အားသွန်ခွန်စိုက် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ ဆောင်ရွက် ရာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် သာမက နိုင်ငံရေးပါ တည်ငြိမ်အောင် ဟန်ချက်ညီစွာ ပြုပြင် ထိန်းသိမ်း ဆောင်ရွက် ကြိုးပမ်းလျက်ရှိကြောင်း၊  နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရန်အတွက်  စီးပွားရေးလုပ်ငန်း အခြေခံဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက် လာေ စေရန် ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင်  သမားရိုးကျ မိရိုးဖလာစိုက်ပျိုးနည်းသာမက လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်လာစေရန် သိပ္ပံနည်းကျ နည်းစနစ်နှင့် အထွက်ကောင်းမျိုးများ တိုးချဲ့ စိုက်ပျိုးသွားကြရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရာတွင်လည်း တစ်နှစ်လျှင် တစ်သီးမှ နှစ်သီး၊ နှစ်သီးမှ သုံးသီးအထိ ပိုမိုစိုက်ပျိုး လာနိုင်ရန် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ ယင်းသို့  ဆောင်ရွက်ရာတွင် သိပ္ပံနည်းကျ ပိုမိုအောင်မြင် ဖြစ်ထွန်းအောင် စိုက်ပျိုးသွားကြရန် လိုအပ်ကြောင်း၊ တောင်သူလယ်သမား၊ အစိုးရနှင့် လယ်ယာကဏ္ဍအထူးပြု လုပ်ငန်းရှင်ကြီးများ သုံးဦးသုံးဖလှယ် ပေါင်းစပ်လုပ်ကိုင်မှသာ ပိုမိုအောင်မြင် တိုးတက်လာမည် ဖြစ်ကြောင်းဖြင့်ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတက ပြောကြားရာတွင် လယ်ယာမြေများကို ပြုပြင်ရန် ဈေးနှုန်းမြင့်မားလာသည့် အခြေအနေများနှင့်  လိုက်လျောညီထွေစွာ တောင်သူလယ်သမားများ အဆင်ပြေလွယ်ကူချောမွေ့စွာ စိုက်ပျိုးနိုင်ရန်အတွက် ဆောင်ရွက် ပေးသွားနိုင်ရန် လိုအပ်ကြောင်း၊ လယ်ကွင်းအတွင်း ရေရောက်ရှိနိုင်ရန် ရေမြောင်း စနစ် ကောင်းမွန်အောင် ဆောင်ရွက်သင့်ကြောင်း၊ အိမ်နီးချင်းထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့၏ ပြည်ပသို့ ဆန်စပါးထုတ်လုပ် တင်ပို့ရောင်းချမှုနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံ၏ အထွက်နှုန်းလျော့နည်းနေမှုများကို လေ့လာ၍ ပြင်ဆင်ဆောင်ရွက် သင့်ကြောင်း၊ တိုင်းပြည်၏ GDP သုံးဆအထိ တိုးတက်လာအောင် သုံးသီးစိုက်ပျိုး နိုင်ရန်နှင့် အထွက်နှုန်းကောင်းစေရန် လယ်ကွင်းများကို ပြုပြင်ပေးခြင်းဖြင့် လယ်ယာမြေ တန်ဖိုး တိုးမြှင့်ပေးရန် အရေးကြီးကြောင်း၊ နောင်တွင် လယ်ယာမြေဥပဒေအရ လယ်ကွင်းများ၏ တန်ဖိုးမြင့်မားလာခြင်းဖြင့် စိုက်ပျိုးစရိတ်အတွက် လိုအပ်သော ငွေကြေးကို လိုအပ်သလောက် ချေးယူရရှိနိုင်ပြီဖြစ်ကြောင်း၊ ဤနည်းဖြင့် ရေရရှိရေး၊ စက်မှုလယ်ယာ အပြည့်အဝ ကူးပြောင်း နိုင်ရေး အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ တောင်သူလယ်သမားများ လိုအပ်သည့် ငွေကြေးအရင်းအနှီးကို နိုင်ငံတော်က ထုတ်ပေးနိုင်ရန် မလွယ်ကူသည့် အခါမျိုးတွင် အရင်းအနှီးရရှိရန်အတွက် စီးပွားရေး လုပ်ငန်းရှင်များကို အားကိုးရမည်ဖြစ်ကြောင်း၊ လက်လုပ်လက်စားများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက် လာစေရန် ဆောင်ရွက်ပေးကြရာတွင် လယ်ယာကဏ္ဍကို အခြေခံကာ အသက်မွေးဝမ်းကျောင်း ပြုကြသူများအနေဖြင့်လည်း သီးထပ် စိုက်ပျိုးလာနိုင်ပါက အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်ကြောင်း။ အလားတူ စက်မှုကဏ္ဍများတွင်လည်း အလုပ်ရုံ၊ စက်ရုံများကြိုးပမ်းတည် ဆောက်သွားမည်ဖြစ်ရာ ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် စီးပွားရေး၊လူမှုရေး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့်လည်း ရရှိသည့်ငွေကြေးကို ရရစားစားမနေဘဲ နောက်တစ်သီးစိုက်ပျိုးရာတွင် အရင်းအနှီးအဖြစ် စုဆောင်း မြုပ်နှံသင့်ကြောင်း၊ မူးယစ်သောက်စားခြင်းနှင့် လောင်းကစားလုပ်ငန်းများသည် စီးပွားရေးကို ပျက်ပြားလာစေမည် ဖြစ်သည့် အတွက် ရှောင်ရှားသင့်ကြောင်း၊ တောင်သူ များအနေဖြင့် စိုက်ပျိုးရေးကိုသာမက မွေးမြူရေးလုပ်ငန်းကိုပါ တွဲဖက်လုပ်ကိုင် သင့်ကြောင်း၊ စိုက်ပျိုးရေး ကာလအတွက် ငွေကြေးရင်းနှီး မြှုပ်နှံထားရမှုကြောင့် အခြားတစ်ဖက်မှ နေ့စဉ်ဝင်ငွေရရှိနိုင်မည့် နွား/ဝက် မွေးမြူသင့်ကြောင်း၊ နေပြည်တော်ကို နမူနာပြု၍ နို့နှင့်နို့ထွက် ပစ္စည်းစက်ရုံများကို နိုင်ငံအနှံ့ ထူထောင်သွားနိုင်ရန် ဆောင်ရွက်သင့်ကြောင်း၊ ထိုသို့ ဆောင်ရွက်သွားနိုင်ပါက ကျန်းမာရေးရှုထောင့်အရ အကျိုးအမြတ်ရှိမှု အနေအထားနှင့် စားသောက်ဖွယ်ရာများကိုပါ ရရှိသုံးစွဲလာနိုင်မည် ဖြစ်သည့်အတွက် စိုက်ပျိုးရေးနှင့်အတူ မွေးမြူရေးကိုပါပူးတွဲလုပ်ကိုင်လျှင် တောင်သူများ အနေဖြင့် တစ်အိမ်ထောင်ချင်းအလိုက် ဝင်ငွေပိုမို တိုးတက်လာမည် ဖြစ်ကြောင်းဖြင့် အလေးအနက် မှာကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အလျင်လိုတောင်သူများအတွက် စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုလက်ဆောင် များ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့ဝင်များသည် ပုလဲသွယ်စပ်မျိုးစပါး ဧက ၄၄ဝ စံပြ စိုက်ကွင်းအတွင်း ရေပေးမြောင်းမ၊ ကုန်ထုတ်လမ်းမကြီးနှင့် စိုက်ကွင်း များအတွင်း စက်ယန္တရားများဖြင့် အသုံးပြု လုပ်ကိုင်နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် စိုက်ကွင်းအတွင်း ခင်းကျင်း ပြသထားသည့် ဆန်နှင့်စပါး၊ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ ပြောင်းနှင့် ပဲမျိုးစုံတို့၏ အရည်အသွေး၊ တစ်ဧကအထွက်နှုန်း၊ အမျိုးအစားများနှင့် ဆီထွက်ရှိမှုအခြေအနေများကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်နှင့် တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြပြီး နိုင်ငံတော်သမ္မတက လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် စံပြစိုက်ကွင်း၏ ကောက်ရိတ်သိမ်းပွဲ အခမ်းအနားတွင် စိုက်ကွင်းအတွင်း၌ စပါးရိတ်သိမ်းခြွေလှေ့စက်များဖြင့် ကောက်ရိတ်သိမ်း ပွဲတော် ဆင်ယင်ကျင်းပနေမှုကို ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ဒက္ခိဏသီရိမြို့နယ်  ချိုင်းရွာတွင် တည်ရှိသည့် ရွှေသံလွင် ကုမ္ပဏီလီမိတက်နှင့် CETC Co., Ltd. တို့ ပူးပေါင်းဖွင့်လှစ် ထားရှိသည့် လယ်ယာထွက်ကုန်နှင့် မျိုးစေ့အရောင်းပြခန်းသို့ရောက်ရှိကြပြီး လယ်ယာလုပ်ငန်းသုံးထွန်စက်နှင့် စက်ယန္တရားများ၊ ဘက်စုံ လက်တွန်းထွန်စက်၊ မြေပဲဖော်စက်၊ တံဆိပ်ကပ်စက်၊ သစ်သီးယိုထိုးစက်၊ မြေပဲအတောင့် ခြွေစက်၊ မြေပဲမျိုးစေ့ချ စိုက်စက်များကို လည်းကောင်း ၊ အရောင်းပြခန်းအတွင်း ခင်းကျင်းပြသရောင်းချလျက် ရှိသည့် လယ်ယာထွက်ကုန် များနှင့် မျိုးစေ့များ၊ သစ်သီးဝလံများနှင့် မျိုးစေ့များ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းများ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ အပင်အားတိုးဆေးရည်နှင့် ရွက်ဖျန်း ပိုးသတ်ဆေးရည်များ၊ လယ်ယာထွက်ကုန် စည်သွတ်ဘူးများ ထုတ်လုပ်ရောင်းချနေမှုအခြေအနေများကို ကြည့်ရှုအားပေးကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် အရောင်းပြခန်းအနီး စိုက်ပျိုး ဖြစ်ထွန်း အောင်မြင်လျက်ရှိသည့် မြေပဲစိုက်ခင်းများ၏ အခြေအနေကို ကြည့်ရှု အားပေးပြီး ပြန်လည်ထွက်ခွာသွားကြကြောင်း သိရသည်။

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်