Subscribe to our RSS Feed

ဟားမတ်စ်တို့ကို တုံ့ပြန်သွားမည်ဖြစ်ကြောင်း အစ္စရေးပြောကြား

From : planet

မိမိတို့အနေဖြင့် ဟားမတ်စ် ပြောက်ကျား စစ်သွေးကြွတို့ကို ထိုက်တန်သော ပြစ်ဒဏ်ပေးရန် ဆုံးဖြတ်ထားကြောင်း အစ္စရေးတို့က ပြောကြားခဲ့သည်။ ဂါဇာဒေသတွင် အစ္စရေးနှင့် ပါလက်စတိုင်းအခြေစိုက် ပြောက်ကျားတပ်ဖွဲ့တို့ကြား တိုက်ပွဲများ ဗုဒ္ဓဟူးနေ့တွင် ပြင်းထန်လာခဲ့သည်။

ဟားမတ်စ်တို့ကို တုံ့ပြန်သွားမည်ဖြစ်ကြောင်း အစ္စရေးပြောကြား
မိမိတို့အနေဖြင့် ဟားမတ်စ် ပြောက်ကျား စစ်သွေးကြွတို့ကို ထိုက်တန်သော ပြစ်ဒဏ်ပေးရန် ဆုံးဖြတ်ထားကြောင်း အစ္စရေးတို့က ပြောကြားခဲ့သည်။ ဂါဇာဒေသတွင် အစ္စရေးနှင့် ပါလက်စတိုင်းအခြေစိုက် ပြောက်ကျားတပ်ဖွဲ့တို့ကြား တိုက်ပွဲများ ဗုဒ္ဓဟူးနေ့တွင် ပြင်းထန်လာခဲ့သည်။ ဟားမတ်စ်တို့က အစ္စရေး နိုင်ငံဘက်သို့ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည့်နောက် နယ်စပ်တလျှောက် ပြဿနာများ ပြန်လည် ဆိုးရွားလာခြင်း ဖြစ်သည်။

အစ္စရေးစစ်တပ်သည် နယ်စပ်အနီးတွင် စစ်သွေးကြွ စခန်းတစ်ခုကို စီးနင်းတိုက်ခိုက်ပြီး စစ်သွေးကြွ (၄)ဦးကို သုတ်သင်ခဲ့သည်။ ဟားမတ်စ်တို့ ပစ်ခတ်သည့် ဒုံးကျည်ကြောင့် နိုင်ငံခြား အလုပ်သမား (၂)ဦး ဒဏ်ရာရခဲ့သည့်နောက် အစ္စရေးက လက်တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။ ဂါဇာဒေသသို့ ကာတာဘုရင် အီမာရှိတ်ခ်ဟာမက် ဘင်ကာလီဖာ အယ်လ်သာနီ အလည်အပတ် လာရောက်ခဲ့ပြီး မရှေးမနှောင်းအချိန် အင်္ဂါနေ့ ညနေပိုင်းက ဟားမတ်စ်တို့က အစ္စရေးသို့ ဒုံးကျည်(၆)စင်း ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

"ဒီလုပ်ရပ်အတွက် ဟားမတ်စ်တွေဟာ ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ခံရပါမယ်"ဟု အစ္စရေး ကာကွယ်ရေး ဝန်ကြီး အီဟွတ်ဘာရက်ခ်က ပြောကြားခဲ့သည်။ ၎င်းက ထိုညကတည်းက လက်ရှိအချိန်ထိ ဂါဇာဘက်မှ ဒုံးကျည် (၇၀)မျှထိ အစ္စရေး ပိုင်နက်ကို ကျူးကျော်လာခဲ့ကြောင်းလည်း စွပ်စွဲသွားသည်။ ဟားမတ်စ်တို့သည် (၂၀၁၂)ခုနှစ်အတွင်း ဒုံးကျည်နှင့် မော်တာကျည်ဆန် (၆၀၀)ကျော်မျှထိ အစ္စရေး တောင်ပိုင်းသို့ ရန်စ ပစ်ခတ်နေခဲ့ကြောင်း သိရသည်။ "ကျွန်တော်တို့ရဲ့ ရုန်းကန်လှုပ်ရှားနေမှုဟာ အဆုံးမသတ်သေးပါဘူး။ နောက်တစ်ပတ်လောက်မှာ ပြီးသွားဖို့လည်း မမျှော်လင့်ပါဘူး"ဟု ဘာရက်ခ်က ဆိုသည်။

ဒုံးကျည်များ ကျရောက်ပေါက်ကွဲပြီး နာရီအနည်းငယ်အတွင်း အစ္စရေး လေတပ်သည် နယ်စပ်အနီးရှိ စစ်သွေးကြွများကို တိုက်ခိုက်ခဲ့ရာ ဟားမတ်စ်(၂)ဦး သေဆုံးသွားခဲ့သည်။ ရာဖာမြို့အနီးတွင် နောက်ထပ် စစ်သွေးကြွတစ်ဦး သေဆုံးကာ အခြားစစ်သွေးကြွ တစ်ဦးမှာမူ ရရှိထားသည့် ဒဏ်ရာများကြောင့် ထပ်မံသေဆုံးကြောင်း သိရသည်။ ဟားမတ်စ်တို့က အစ္စရေးဘက်သို့ ဒုံးကျည်များ ပစ်ခတ်မှုသည် မိမိတို့ လက်ချက်ဖြစ်ကြောင်း ကြေညာထားသည်။ ဟားမတ်စ် အစိုးရက ဇီယွန်ဝါဒီများကို ဂါဇာကမ်းမြှောင် ဒေသမှ အပြီးတိုင် ဖယ်ရှားပစ်မည်ဟု ခြိမ်းခြောက် ကြွေးကြော်နေဆဲဟုလည်း သတင်းများက ဖော်ပြသွားသည်။

 
 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်