From : News Watch
မီဒီယာပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်ရာတွင် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်နှင့် လိုက်လျောညီထွေဖြစ်မည့် သတင်းမီဒီယာ လွတ်လပ်ခွင့်မျိုး မဟုတ်ဘဲ ဖြစ်နိုင်သမျှ နိုင်ငံတကာ စံချိန်စံညွှန်းနှင့် မီသော သတင်းမီဒီယာ လွတ်လပ်ခွင့်အထိ ပေးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ဘီဘီစီ မြန်မာပိုင်း အစီအစဉ်နှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။ အစိုးရဝန်ကြီးဌာနများမှ သတင်းရင်းမြစ်ရယူရန် ခက်ခဲနေမှုများနှင့် ပတ်သက်၍လည်း “သမ္မတကြီးရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဝန်ကြီးဌာန အားလုံးကို မှာကြားထားတယ် ဆိုပြီးတော့ ရှင်းရှင်းလင်းလင်း ဖော်ပြထားတာ ရှိပါတယ်။ လူတွေက များသောအားဖြင့် ခုနက ကျွန်တော်ပြောတဲ့ သဘောပေါ့လေ။ အတွေ့အကြုံက မရှိကြဘူး။ မရှိကြတဲ့ အခါကျတော့ ဒီကိစ္စအပေါ် မူတည်ပြီး စိုးရိမ်နေတာတွေ၊ နောက်တစ်ခုကလည်း တစ်ခုခု ပြောရတော့မယ်ဆိုရင် ဘာပဲပြောပြောပေါ့၊ စိန်ခေါ်မှုတစ်ခုခုကိုတော့ ရင်ဆိုင်ကြရတာမျိုးဆိုတော့ ဒါမျိုးလေးတွေကို ရှောင်လွှဲလိုတဲ့သဘောနဲ့ တွေ့ဆုံမှုအပိုင်းမှာ အားနည်းတာ ဖြစ်နိုင်ပါတယ်” ဟု ဝန်ကြီးက ပြောသည်။ ထို့ပြင် ပြည်ပမီဒီယာများနှင့် ပတ်သက်၍လည်း မီဒီယာဥပဒေ ရေးဆွဲပြီးသည်အထိ စောင့်ဆိုင်းရန် မလိုကြောင်း၊ ကြားကာလမှာပင် အဆင်ပြေအောင် ဆောင်ရွက်ပေးနေကြောင်း သိရပြီး အဆိုပါ မီဒီယာဥပဒေအား အများစုလက်ခံတဲ့ ပုဂ္ဂိုလ်များနှင့် ပြန်လည်ရေးဆွဲရန် စီစဉ်ဆောင်ရွက်နေကြောင်း၊ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် အလုပ်ရုံဆွေးနွေးပွဲတစ်ခု ပြုလုပ်ကာ ဝိုင်းဝန်းဆွေးနွေး ပြုစုသွားမည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံပိုင် မီဒီယာများအား ပြည်သူ့ဝန်ဆောင်မှု မီဒီယာအဖြစ် ပြောင်းလဲသွားမည်ဖြစ်ပြီး ရုပ်သံလွှင့် မီဒီယာများအားလည်း ပြည်ပရင်းနှီးမြှုပ်နှံမှုကို လက်မခံဘဲ နိုင်ငံသားများဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် အခြားနိုင်ငံများကဲ့သို့ လေ့လာဆုံးဖြတ် ဆောင်ရွက်သွားမည်ဟု ဝန်ကြီးက ပြောပြခဲ့ကြောင်းသိရှိရသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်