Subscribe to our RSS Feed

SME လုပ်ငန်းများ ဖွံ့ဖြိုးရန် SMID ဘဏ်က ၈ ဒသမ ၅ ရာခိုင်နှုန်း အတိုးဖြင့် ငွေထုတ်ချေးမည်

From :Flower news


မြန်မာ့စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်မှုအနေဖြင့် ပြည်တွင်း အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ (SMEs) ဖွံ့ဖြိုးရေးအတွက် ၈ ဒသမ ၅ ရာခိုင်နှုန်း အတိုးနှုန်းဖြင့် သုံးနှစ်ကြာ ချေးငွေများ ထုတ်ချေးသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။ ယခင် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဖြစ်သူ ယခု နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက အောက်တိုဘာ ၂၃ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ လှိုင်သာယာ စက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က “SMEs GHU ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေအတိုးနှုန်းမှာ မြန်မာနိုင်ငံက ကမ္ဘာမှာ အကြီးဆုံးပဲ။ ဒါကို အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းနဲ့ သုံးနှစ်ကြာ ထုတ်ချေးသွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောထားတယ်။ ချေးငွေ ငါးဘီလီယံ အထိ ထုတ်ချေးမယ်လို့လဲ ပြောတယ်” ဟု ထပ်မံအတည်ပြု ပြောကြားသည်။ ယခုအခါ နိုင်ငံတော် အစိုးရသစ် အနေဖြင့် ပြည်တွင်းအသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ (SMEs) ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာနအား ဖွင့်လှစ်ကာ ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၄)ခုလုံးတွင် အသေးစိတ် လေ့လာဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ လုပ်ငန်းအများစုသည် အရင်းအနှီးချေးငွေ လိုအပ်မှု၊ အတိုးနှုန်း ကြီးမြင့်မှုတို့အား အဓိက တင်ပြလာကြောင်း အဆိုပါဌာန တာဝန်ရှိသူများက ဆိုသည်။ နိုင်ငံတကာ ဘဏ်တိုးနှုန်းများသည် အနိမ့်ဆုံး ၂ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်း အထိသာ ရှိနေပြီး လက်ရှိ မြန်မာနိုင်ငံ ဘဏ်အတိုးနှုန်းသည် ၁၃ ရာခိုင်နှုန်း အထိရှိကာ ယခုအသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများအား ထုတ်ချေးမည့် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (SMIDB)မှ အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် အထက်ပါအတိုင်း နှစ်ရှည်ထုတ်ချေးရန် စီစဉ်နေခြင်းဖြစ်ကြောင်းသိရှိရသည်။

 Myanmar Express 


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်