Subscribe to our RSS Feed

သမ္မတဦးသိန်းစိန်နှင့် ပြည်တွင်း သတင်းထောက်များရဲ့ ပထမဆုံး တွေ့ဆုံပွဲမြင်ကွင်း

From : မေသင်္ကြန်ဟိန်(မြစ်မခ)

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၁နေ့၊ တနင်္ဂနွေနေ နေပြည်တော်သွားဖို့ လှည်းတန်း၊ ပြည်လမ်းမှတ်တိုင်းမှာ ၅နာရီ မိနစ် ၁၅  လောက် အမီ သွားစောင့်နေခဲ့တယ်။

The voice  ဂျာနယ်တိုက်အနီးမှာ နံနက် ၅နာရီးမှာ စုရပ်လိုသိရပါတယ်။ စုရပ်ကနေ ၅နာရီထွက်ရင်  လှည်းတန်းကို ၅ နာရီ ၁၅လောက်ရောက်မယ်လို့ မှန်းထားတယ်။ ကျမရယ်၊ မြစ်မခက ကျော်ဇင်မန်းရယ်၊ နိုင်ငံခြားသတင်းထောက် မဆင့်ဆင့်အောင်ရယ်၊ ရန်ကုန်တိုင်း ဂျာနယ် အယ်ဒီတာချုပ် ဒီမင်းရယ် အချိန်တော်တော်ကြာအောင် စောင့်ကြရတယ်။နံနက် ၆နာရီ ထိုးခါးနီးထိ  ကားက ရောက်မလာလို့ ဒီမင်းက ကိုကျော်မင်းဆွေ ဆီကို ဖုန်းဆက်တယ်။

ထုံးစံအတိုင်း  အချိန်မတိကျသူ၊ အချိန်မလေးစားသူ၊ အားမနာတတ်သူ အချို့ကြောင့် စုရပ်ကနေ နံနက်၅ နာရီမှ မထွက်နိုင်ဘူးလို့ သိရတယ်။ နံနက် ၆နာရီ ထိုးပြီး စွန်းပြီးမှပဲ လှည်းတန်းကို ကားရောက်တော့တယ်။

ကားပေါ်မှာတော့ အကုန်အဆင်ပြေတယ်၊ အသံဂျာနယ်က ကိုအောင်စိုးကပဲ ကမကထလုပ်ပြီး နေရာတွေဘာတွေ စီစဉ်ပေးတယ်။
ကျမတို့ ၁၁၅ မိုင်ရောက်တော့ နံနက်စာ စားကြတယ်၊ နေပြည်တော်ကို ရောက်တော့ နံနက် ၁၁ နာရီ ၃၀ ရှိပါပြီ။

ပြန်ကြားရေးဋ္ဌာနကို ကျမတို့ ရောက်တော့ နေ့လည် ၁၂ နာရီ ကျော်ပြီ၊ အဲဒီကနေ ကျမတို့ စီးလာတဲ့ ကားနဲ့ပဲ စစ်ဆေးမဲ့ နေရာကို သွားခဲ့ကြတယ်။
နေကလည်း တော်တော်ပူတယ်၊ အဲယားကွန်းပါတဲ့ ကားနဲ့ လာခဲ့ကြတော့ အပြင်ဘက်က အပူဒဏ်ကို မခံနိုင်ကြဘူး။ အားလုံးပဲ ကင်မရာတွေ စတဲ့ လိုအပ်တဲ့ ပစ္စည်းတွေကို သယ်ရင်း စစ်ဆေးမဲ့ နေရာမှာ တန်းစီကြတယ်။

နေကလည်း  ပူတော့ ရာသီဥတုကလည်း ပူပါတယ်။  အခန်းထဲမှာလည်း စစ်ဆေးတဲ့ သူတွေ ကဒ်ထုတ်ပေးတဲ့သူတွေ နဲ့ သတင်းထောက်တွေ အပြည့်ဆိုတော့ ချွေးထုတ်ခန်းထဲ ရောက်နေသလား ထင်ရတယ်။ အဲယားကွန်းတွေ တပ်ထားပေမဲ့ ဖွင့်မထားဘူး။ မီးပျက်လို့လား၊ မီတာခ ကြောင့်လား၊ဒါမှ မဟုတ် တံခါးပေါက်တွေ ဖွင့်ထားလို့လား ဘာကြောင့်မှန်းတော့ မသိဘူး။ ပူတာကတော့ တော့်တော့်ကို ပူတာပါ။


အဲဒီမှာ လုံခြုံရေးနဲ့ပတ်သက်တဲ့ အမိန့်က နှစ်မျိုးသုံးမျိုးဖြစ်နေသေးတယ်၊ပထမတော့ ကင်မရာ၊ အသံဖမ်းစက်ပဲ ယူခွင့်ရှိမယ်၊ ဖုန်း၊လက်တော့ပ်တွေ ယူခွင့်မရှိဘူးလို့ ပြောတယ်။ အဲလို ပြောပြီး မိနစ် ၃၀ လောက်ကြာတော့ နောက်တမျိုး ပြောင်းသွားတယ် ကင်မရာအပြင် ဖုန်းယူခွင့်ရှိတယ်တဲ့ လက်ပ်တော့တော့ ယူခွင့်မရှိပါတဲ့။


သတင်းထောက်တွေအားလုံးကတော့ ၀မ်းသာအားရ ဖြစ်သွားကြတယ်၊ ဖုန်းဆိုတာမျိုးက ထားခဲ့လို့ရတာမျိုးမှ မဟုတ်တာ၊ ကိုယ့်သတင်းဋ္ဌာနကို သတင်းအမြန်ပို့ဖို့အတွက် လက်ကိုင်ဖုန်းတွေကိုပဲအဓိကထားပြီး အားကိုးကြရတာကိုး၊ အဲဒါကြောင့် ဖုန်းယူခွင့်မရှိဘူး ဆိုတဲ့အတွက် အားလုံးက စိတ်ညစ်သွားကြတာ အမှန်ဘဲ။ (လုံခြုံရေး ရှု့ထောင့်က ကြည့်ရင်တော့လက်ကိုင်ဖုန်းက အန္တရာယ်များတာ အမှန်ပါပဲ)


အဲလို တမျိုးမက ကြုံရပြီးလို့ စစ်ဆေးခံခြင်းနဲ့ ကဒ်ထုတ်ခြင်းအတွက် မိနစ် ၄၀ လောက် အခန်းထဲမှာ တန်းစီ၊ ချွေးထုတ်ပြီး ကဒ်ရလာတယ်၊ ကဒ်ထုတ်ပြီး သူတွေကို ပြန်ကြားရေးက စီစဉ်ထားတဲ့ ကားနဲ့တင်ဆောင်ပြီးပို့ပေးပါတယ်။


သမ္မတအိမ်တော် ၊သံတမန်ခန်းမထဲကို ကျမ ရောက်တော့  အခမ်းအနားလုပ်မဲ့ အခန်းရဲ့ ရှေ့တန်းခုံနေရာ နေရာတွေအားလုံးနီးပါး ပြည့်နေပြီ၊ အချို့ခုံတွေမှာ လူတွေ မရောက်သေးပေမဲ့ စာရွက်တွေ၊ ပစ္စည်းတွေ ချပြီး နေရာဦးထားကြတယ်။ နေရာလွတ်တဲ့ နေရာကတော့ ရှေ့ဆုံးတန်းကနေ ရေတွက်ရင်  ၄ခုံ၊ ၅ခုံမြောက်ပါ၊ ကျမ ၀င်ထိုင်ပြီး ကင်မရာသမားတွေကို ဘယ်မှာနေရာချပေးသလဲ ဆိုတာကိ သတိထား ကြည့်ပါတယ်။


နောက်တန်းမှာ ကင်မရာသမားတွေအတွက် နေရာလို့ သတ်မှတ်ထားပေမဲ့ Sky Net က ကင်မရာတွေကတော့ ၃ ခုံမြောက်မှာ  ကင်မရာတွေရော၊ လူတွေရော နေရာယူထားပြီးကြပါပြီ။ အဲလို နေရာယူထားကြတာတွေလည်း တွေ့ရတော့ ပြောထားသလို နောက်ဆုံးတန်းမှာပဲ နေရာယူကြတဲ့ ကင်မရာမန်းတွေတော့ ဒုက္ခပဲလို့လည်း တွေးမိတယ်။


နိုင်ငံတကာမှာတော့ ဓါတ်ပုံသတင်းထောက်တွေ ကင်မရာမန်းတွေအတွက် နေရာကို သီးသန့်နေရာသတ်မှတ်ပေးထားရင် အဲဒီနေရာမှာပဲ အားလုံးရပ်ပြီး ရိုက်ကြတယ်၊ ဘယ်သူကမှ ဘာကြောင့်မှ ရှေ့ကို ရောက်မလာကြဘူး၊ သတ်မှတ်ပေးရင် သတ်မှတ်ပေးတဲ့ နေရာကိုပဲ တိတိကျကျ ယူကြပါတယ်။


ကျမတို့ မြန်မာပြည်မှာတော့ အဲလိုမျိုး ခုချိန်ထိ မတွေ့ရသေးပါဘူး။ (.. တခါတုန်းက ပြင်သစ်က သတင်းထောက်တယောက်က ကျမကို ပြောဖူးတယ်၊ မြန်မာပြည်မှာ  မင်းတို့ သတင်းယူကြတာ ထူးဆန်းတယ်တဲ့… … ကျမလည်း ရှက်ရှက်နဲ့ ရယ်ရင်း ငါတို့ တိုင်းပြည်က ဘယ်တိုင်းပြည်နဲ့မှ မတူပါဘူးလို့ ပြောမိတယ်၊ နိုင်ငံခြားသားရဲ့ ပြစ်တင်မှုကို မခံချင်လို့သာ ပြန်ပြောရတာ၊ တကယ်တော့ အတင်း  ၀ရုန်းသုံးကားနဲ့အတင်းတိုးဝှေးပြီး သတင်းယူကြတာကိုသူ ပြောချင်တယ်ဆိုတာ ကျမ သိပါတယ်)


တခါမှ အပြင်မှာ မတွေ့ဖူးတဲ့ ဗိုလ်မှူးဇော်ဋ္ဌေးက ဘယ်သူလဲ၊ ဘယ်သူ ဖြစ်နိုင်မလဲ  ဆိုတာကို လိုက်ကြည့်မိတယ်၊ နောက်ဆုံးတော့ တိုက်ပုံအဖြူဝတ်ထားတဲ့ အမျိုးသားတဦးကိုပဲ ဗိုလ်မှူးဇော်ဋ္ဌေး ဆိုတာ ဘယ်သူပါလဲ သိရင် ပြောပါလို့  ကျမ မေးမိတယ်။


တိုက်ပုံဖြူဖြူ၊ အရပ်မြင့်မြင့်နဲ့ ပိန်ပိန်ပါးပါး အမျိုးသားတဦးကို ညွှန်ပြတယ်၊ သူဟာ ဗိုလ်မှူးဇော်ဋ္ဌေးပါတဲ့..။
 ကျမရဲ့ ကဒ်ကို ထုတ်ပေးပြီး မိတ်ဆက်ပါတယ်။ ပြီးတော့ ကျမမှာ အင်တာနက်ကနေ ပေးပို့ထားတဲ့ မေးခွန်းတွေ ရှိကြောင်း၊ ကျမအနေနဲ့ မေးခွန်းတွေကို ဗိုလ်မှူးဆီကို ပို့ပေးချင်ကြောင်း ပြောပြတော့ သမ္မတကြီးကို တင်ပြပေးပါမယ်လို့ ဗိုလ်မှူးဇော်ဋ္ဌေးက ပြောပါတယ်။

 စောနေသေးတဲ့အတွက် သတင်းထောက်တွေက ရောက်ရှိလာကြတဲ့ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းနဲ့ ဦးစိုးသိန်း နားမှာ ၀ိုင်းအုံပြီး မေးကြတယ်။

သမ္မတကြီး လာပြီလို့ ပြောတာနဲ့ ဓါတ်ပုံသတင်းထောက်တွေ ၀ုန်းဝုန်းနဲ့ ပြေးသွားပြီး ဓါတ်ပုံတွေ ရိုက်ကြတယ်။ အချို့ဆိုရင်  ခုံပေါ်တွေ ဘာတွေ တက်ပြီး ရိုက်ကြတယ်။
လုံခြုံရေးဝန်ထမ်းတွေရော၊ ပြန်ကြားရေးဝန်ထမ်းတွေရော ဓါတ်ပုံ သတင်းထောက်တွေကို ကိုယ့်နေရာမှာကိုယ်နေပေးဖို့ ပြောပေမဲ့တော်တော်နဲ့ မရကြပါဘူး။

ဓါတ်ပုံသတင်းထောက်တွေအတွက် သတ်မှတ်ထားတဲ့ နေရာမှာ နေရာယူတဲ့ သတင်းထောက်တွေအဖို့ ရှေ့ကနေ မတ်တပ်ရပ်ပြီး ရပ်နေတဲ့ သူတွေအများကြီး ရှိနေလို့ သူတို့နေရာကနေ ဓါတ်ပုံရိုက်လို့ကို မရတော့ဘူး။ အဲဒါနဲ့ သူတို့လည်း ရှေ့မှာ ထိုင်တဲ့ သူက ထိုင်၊ ဘေးကနေ ရိုက်တဲ့ သူက ရိုက်နဲ့ နောက်တန်းမှာ မရှိကြတော့ဘူး။

သမ္မတက နှုတ်ခွန်းဆက်စကားကို အေးအေး ဆေးဆေးပဲ ပြောတယ်။ သမ္မတကြီးရဲ့ လေသံက အေးဆေးပြီး တိုးတဲ့အတွက်ကတော့ တော်တော်လေး အားစိုက်ပြီး နားထောင်ရပါတယ်။

“ပြည်တွင်းမီဒီယာတွေနဲ့ သမ္မတ မတွေ့ဖြစ်တာ တော်တော်ကိုကြာပြီ ပြည်တွင်းမီဒီယာတွေနဲ့ ကျွန်တော်တို့ တရင်းတနှီးနဲ့ တွေ့ဆုံဖို့ တိုက်တွန်းပြီးတော့မှ သက်ဆိုင်ရာဝန်ကြီးတွေကို စီစဉ်ခိုင်းရတယ်။ နောက်တော့ ခင်ဗျားတို့ရဲ့မေတ္တာပို့တာကြောက်လို့ သမ္မတက ပြည်ပမီဒီယာတွေနဲ့တော့တွေ့နေတယ်။ ကျွန်တော်တို့ကိုကျတော့ ပစ်ထားတယ်ဆိုပြီးဖြစ်မှာစိုးတာလဲ တစ်ချက်ပါတာပေါ့။ မီဒီယာက ကျွန်တော်တို့ရဲ့ နား၊ မျက်စိတွေဖြစ်တဲ့အခါကျတော့ ခင်ဗျားတို့ရဲ့အမြင် ၊ ခင်ဗျားတို့ရဲ့သဘောထားတွေ နောက်တစ်ခါ ကျွန်တော်တို့ရဲ့အမြင် ကျွန်တော်တို့ရဲ့သဘောထားတွေ ဒါတွေကို ပြည်သူ့လွှတ်တော်အတွင်းမှ သိရှိနားလည်ထားဖို့လိုပါတယ်။ ခင်ဗျားတို့အမြင်၊သဘောထားတွေနဲ့ ကျွန်တော်တို့ရဲ့အမြင်သဘောထားတွေကို ကျွန်တော်တို့နှစ်ဖက်သိမြင်နားလည်ရုံနဲ့မပြီးသေးပါဘူး။ ပြည်သူတွေလဲ သိဖို့လိုအပ်ပါတယ်။ ပြည်သူတွေဆီက သတင်းတွေ ပြည်သူတွေဆီက သတင်းအချက်အလက်တွေကိုလည်း ပြည်သူတွေအတွင်းဝင်ပြီးတော့မှ ထဲထဲဝင်ဝင် ၀င်ရောက်ပြီးတော့မှ ရယူသွားမှာဖြစ်တဲ့အတွက်ကြောင့်  အစိုးရအဖွဲ့တွေ ၀န်ကြီးဌာနထဲဝင်ရောက်သွားမှာဖြစ်တဲ့အတွက်ကြောင့်  ဟိုတုန်းကတော့ ၀န်ကြီးဌာနတွေက မီဒီယာတွေကိုကြောက်ကြတယ်။ ကျွန်တော်လဲအပါအ၀င်ဖြစ်ပါတယ်။ အခုတော့ အားပေးထားပါတယ် ငါလဲမကြောက်တော့ဘူး မင်းတို့လဲမကြောက်နဲ့တော့ မေးသမျှအကုန် မှန်မှန်ကန်ကန်ဖြေပေးပါဆိုပြီးတော့ ဒီအတိုင်းကျွန်တော်ပြောထားပါတယ်။ မယုံရင်ဦးစိုးသိန်းတို့ ဦးအောင်မင်းးတို့ကိုသာမေးကြည့်ပေတော့ ``

သမ္မတကြီး ပုံစံက အေးဆေးပေမဲ့ တခါတရံမှာတော့ ဟာသစွတ်ပြီး ပြောတတ်တဲ့ ပုံဆန်မျိုးပါ။ အေးအေးဆေးဆေးနဲ့ စကားကို စိတ်ရှည်လက်ရှည်နဲ့ အရှည်ကြီး ပြောပါတယ်။

သမ္မတကြီး ဆက်ပြောတာကတော့ မီဒီယာများနဲ့ခုလိုတွေ့ဆုံရခြင်းဟာ အချက်သုံးချက်ကြောင့်ဖြစ်ကြောင်း အမေရိကန် ခရီးစဉ်နဲ့ပတ်သက်ပြီး အကျိုးရလဒ်များကို မီဒီယာများမှတဆင့်ပြည်သူများကို ပြောပြချင်ကြောင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနဲ့ ပြုပြင်ပြောင်းလဲရေး လု့ပ်ငန်းစဉ်တို့ကိုလည်း ပြော့ပလိုခြင်းဖြစ်ကြောင်း ဆက်ပြောပါတယ်။
သမ္မတကြီးရဲ့ နှုတ်ခွန်းဆက် စကားပြောပြီးတဲ့ အခါမှာတော့ မေးခွန်းမေးရမဲ့မီဒီယာရဲ့ အမည်ကို သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူး ဗိုလ်မှူးဇော်ဋ္ဌေးက ပြည်တွင်းမှ ဂျာနယ်မှ ၃ စောင်ပြီးလျှင် နိုင်ငံခြားသတင်းမီဒီယာ၁ ခု စသဖြင့် အလှည့်ကြခေါ်သွားမည်ဖြစ်ကြောင်း ပြောပါတယ်။

ပထမဆုံး မေးခွန်းမေးခွင့်ရတဲ့ ဂျာနယ်ကတော့ 7 Day News ဂျာနယ်ဖြစ်ပါတယ်။ အကျီာင်္ဖြူလည်ကတုံးနဲ့ ပုဆိုးတွဲဝတ်ထားတဲ့ အမှုဆောင်အယ်ဒီတာ အားမာန်က မိတ်ဆက်ပါတယ်။

အမှုဆောင်အယ်ဒီတာ အားမာန်က မိုက်နဲ့ ပြောတာ အသံလုံးနေတဲ့သမ္မတကြီးက မကြားရလို့  ရိုးရိုးပဲ ပြောပါလို့ သမ္မတကြီးက ပြောပါတယ်။ အားမာန်က သမ္မတကြီးစားပွဲရှေ့ကို သွားပြီး မေးခွန်းမေးပါတယ်။

အရင်အစိုးရလက်ထက်မှာ  ဆောင်ရွက်ခဲ့တဲ့ စီမံကိန်းတွေမှာ  ပွင့်လင်းမြင်သာမှု မရှိပါကြောင်း မေးလိုက်တာကိုတော့ ကြားရပါတယ်။ နောက်ဘာတွေ ဆက်မေးသလဲ ဆိုတာကိုတော့ မကြားရတော့ဘူး။

``စီမံကိန်းတွေနဲ့ ပတ်သက်ပြီးတော့ အရင်အစိုးရက လုပ်ခဲ့ကိုင်ခဲ့တာတွေလည်း ပြေကြမယ်ဆိုရင်တော့  ဒါတိုင်းပြည် ရဲ့ အကျိုးအတွက်ပါ။ အရင်အစိုးရဆောင်ရွက်သွားတဲ့  အပိုင်းကိုတော့ ကျွန်တော်သိပ်ပြီး မပြောလိုတော့ပါဘူး။ သို့သော် ကျွန်တော်တို့ ဒီဘက်အပိုင်းမှာ  ကျွန်တော်တို့ရဲ့ လုပ်မယ့်စီမံကိန်းတွေနဲ့ပတ်သက်ပြီးတော့  ထင်သာမြင်သာ ရှိအောင် ကျွန်တော်တို့လုပ်သွားမှာဖြစ်ပါတယ်။ ထင်သာမြင်သာရှိအောင် လုပ်သွားမယ်ဆိုတဲ့ နေရာမှာ ပထမစီမံကိန်း ရေးဆွဲရ ပါတယ်။ စီမံကိန်းရေးဆွဲပြီးတော့မှ  ဒီစီမံကိန်းက ဘာတွေဘာတွေ ကျွန်တော်တို့လုပ်မယ်၊ ဘယ်လိုဘယ်လို အကောင် အထည် ဖော်မယ်၊ အကောင်အထည်ဖော်ဖို့အတွက် ငွေကြေးဘယ်လောက်လိုတယ်။ ဒါဟာ ခုနလို ဟိုတုန်းကလို ကိုယ့်ဟာနဲ့ကို စီမံပြီးတော့လုပ်လို့မရပါဘူး။ ခင်ဗျားတို့လည်း အသိပါပဲ။ လွှတ်တော်ကိုကျွန်တော်တို့တင်ပြရပါမယ်။ လွှတ်တော်က ဒီစီမံကိန်းကိုကြည့်တယ်။ ကျွန်တော်တို့အကောင်အထည်ဖော်ဆောင်ရမယ့် လုပ်ငန်းတွေကိုကြည့်တယ်။ ဒီပေါ်မှာ မူတည်ပြီးတော့မှ ဘဏ္ဍာငွေကို ကျွန်တော်တို့ ချပေးတာဖြစ်ပါတယ်။ အဲဒီတော့ ဒီဘက်ပိုင်းမှာတော့ ဘာပဲဖြစ်ဖြစ် အားလုံးဟာ ကျွန်တော်တို့ ထင်သာမြင်သာနဲ့ လုပ်ကိုင်သွားနေတယ်`` လို့ သမ္မတကြီးက ဖြေပါတယ်။

ဒုတိယမေးခွန်းကတော့ကချင်ပြည်နယ်အကြောင်းလို့ ကြားလိုက်ရပါတယ်။

 ``ကချင်ပြည်နယ်နဲ့ ပတ်သက်ပြီးတော့  အစောက ကျွန်တော်ပြောသလိုပါပဲ၊ အခုနက ပဋိပက္ခတွေဟာ  ဒီဘက်ပိုင်းမှာ တစ်နှစ်ကျော်လောက်ရှိသွားပြီဖြစ်ပါတယ်။ ဆုံးရှုံးမှုတွေကလည်း  အင်မတန်မှများပါတယ်။ မီးရထားလမ်းတွေ မိုင်းဖောက်ပြီး ဖျက်ဆီးခံရတာတွေ၊ ကားလမ်းတွေဖျက်ဆီးခံရတာတွေရှိတယ်။ တံတားတွေ မိုင်းချိုးခံရတာတွေရှိတယ်။ နောက်တစ်ခါ ကျွန်တော်တို့ လျှပ်စစ်တွေ သိပ်ပြီးတော့ လိုအပ်နေတဲ့အချိန်မှာ  တာပိန်ရေအားလျှပ်စစ်လိုဟာမျိုးက ကျွန်တော်တို့ စက်ရုံတည်ပြီးပါပြီ။ ထုတ်ရုံပဲကျန်တော့တယ်။ နောက်တစ်ခါကျွန်တော်တို့ မဂ္ဂါဝပ် ၉၀ လောက်ထွတ်တဲ့  ချီဗွေရေအား လျှပ်စစ်က ပေးနေနိုင်ပါတယ်။ သို့သော်လည်း  တိုင်းပြည်ရဲ့ လုံခြုံရေးအခြေအနေအရထုတ်ယူပြီး မသုံးစွဲ နိုင်ပါဘူး။ ဒီကြားထဲမှာ ရွှေလီကနေယူပြီးတော့ လုပ်နေတဲ့  စီမံကိန်းတစ်ခုရှိနေတယ်။  ရွှေလီက ဓာတ်အားလိုင်းတွေ သွယ်တန်းတဲ့ နေရာမှာ တာဝါတိုင်တွေကိုမိုင်းခွဲဖျက်ဆီးလိုက်တဲ့အတွက်ကြောင့် လျှပ်စစ်တွေပြတ်တောက်ခဲ့ရပါတယ်။ ဒီဟာက ဒီဒေသ တင် မဟုတ်ပါဘူး။  တစ်တိုင်းပြည်လုံးအတွက် ရိုက်ခက်တဲ့  ဆုံးရှုံးမှုမျိုးတွေဖြစ်ပါတယ်။  နောက်တစ်ခု ကလည်း  နှစ်ဖက်၊ ကျွန်တော်တို့ ဒီဖက်က  စစ်သည်အရာရှိ အကြပ်တပ်သားတွေ၊ အေအိုင်အေဘက်က လည်း တပ်သား၊ အကြပ်၊ အရာရှိတွေ နှစ်ဖက်မှာ သေဆုံးတာတွေ ဒဏ်ရာရမှုတွေက တစ်နှစ်ကျော်အတွင်းမှာ တော်တော် များများ သေဆံးရတာတွေ များပြားပါတယ်။ အဲဒီအထဲမှာ စိတ်မကောင်းစရာ အကောင်းဆုံးက ဒေသတွင်းမှရှိနေတဲ့  တိုက်ပွဲကြားမှာ ရှိနေတဲ့  တိုင်းရင်းသားတွေဟာ  သူတို့ရဲ့ လုပ်ငန်းခွင်တွေ၊ အိုးအိမ်တွေကို စွန့်ပစ်ပြီးတော့မှ လုံခြုံစိတ်ချရတဲ့ နီးစပ်ရာ နေရာတွေမှာ  ခိုအောင်းနေရတယ်။
ဒါတွေဟာလည်း  သောင်းဂဏန်းလောက်ရှိမယ်။  ကျွန်တော်တို့ဘက်တွေမှာ  ရှိသလို ဟိုဘက်မှာလည်းရှိပါတယ်။  ဒီလူတွေဟာ ဘယ်လောက်ပဲကျွေးမွေးထားနိုင်တယ်ဆိုပေမယ့်လည်း ကိုယ့်ဒေသမှာ ကိုယ်နေသလောက်အဆင်မပြေပါဘူး။ သားသမီးတွေ ကျောင်းနေဖို့၊ ကျန်းမာရေး၊ ဆေးဝါးကုသဖို့အခက်အခဲရှိပါတယ်။ ဒီလူတွေဟာ နှစ်နဲ့ချီပြီး ကြာမြင့်နေပါပြီ။ ကချင်ပြည်နယ်ကို ငြိမ်းချမ်းရေးရချင်ပါတယ်။  ငြိမ်းချမ်းရေး အလွန်ရစေချင်ပါတယ်။ အခုနက ရှင်းပြတဲ့  ဆုံးရှုံးမှုတွေဟာ  တကယ်တော့  ကျွန်တော်တို့ ဆုံးရှုံးမှုတွေဟာ  နှစ်ဖက်ဆုံးရှုံးမှုတွေဟာ တိုင်းပြည်ရဲ့  ဆုံးရှုံးမှုတွေပဲဖြစ်ပါတယ်။  ပြောကြမယ်ဆိုရင် ကေအိုင်အေစစ်သားတစ်ယောက် ဆုံးရှုံးသွားတာဟာ  တိုင်းပြည်ရဲ့ ဆုံးရှုံးမှုဖြစ်သလို  ဒီဘက်က ဗမာစစ်သားတစ်ယောက်ဆုံးရှုံးတာဟာလည်း တိုင်းပြည်ရဲ့ ဆုံးရှုံးမှုပဲ ဖြစ်ပါတယ်။ ဒီအဆုံးအရှုံးတွေကို  ထောက်ပြပြီးတော့မှ ကေအိုင်အေအဖွဲ့အစည်းနဲ့လည်း အဆက်အသွယ်တွေလုပ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အကြိမ်ပေါင်းတော်တော် များများ သူတို့ရဲ့ မျက်နှာချင်းဆိုင် ထိတွေ့ဆွေးနွေးတာတွေ ရှိသလို၊ ယုံကြည်မှု တည်ဆောက်တဲ့ ဆွေးနွေးပွဲတွေ လုပ်နေတာတွေလည်း  ရှိပါတယ်။
ဒီဟာကလည်း စိတ်ရှည်သည်းညည်းခံပြီးတော့ လုပ်သွားခြင်းအားဖြင့် ကျွန်တော်တို့ရဲ့  စေတနာကို နာလည်း လာမယ်ဆိုလို့ရှိရင်တော့  မကြာခင်မှာ  ကချင်ပြည်နယ်ဟာလည်း  တခြားဒေသတွေလိုငြိမ်းငြိမ်းချမ်းချမ်းရှိသွားမယ် ဆိုပြီးတော့  ကျွန်တော်ယုံကြည်ပါတယ်။ စောစောက  ဆုံးရှုံးမှုတွေမကဘဲ ခဲယမ်းတွေထက်  အသက်ဆုံးရှုံးမှုတွေဟာ အင်မတန်မှ များပြားပါတယ်။ နောက်တစ်ခုက လမ်းတွေဖြတ်ထားတယ်၊ ရထားလမ်းတွေမိုင်းခွဲခံထားရတာတွေ၊ တံတားတွေဖျက်ထားတာတွေ၊ လျှပ်စစ်တာဝါတိုင်တွေ ကျွန်တော်တို့ ချိုးတာတွေ၊ ဒီဆုံးရှုံးမှုတွေဟာ  ပမာဏအားဖြင့် အင်မတန်မှ များတယ်လို့ပြောရပါမယ်။ တိတိကျကျ ကိန်းဂဏန်းအားဖြင့် ကျွန်တော်မှ မရှိပါဘူး။ ပစ်ခက်တိုက်ခိုက်တာ တွေထက် ဆုံးရှုံးတာကတော့ လူ့ရဲ့အသက်တွေပါပဲ၊ အဲဒီဒေသမှာ ရှိနေတဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့ ဆုံးရှုံးမှုတွေ ဒါတွေဟာ အခုနကလို အတိုင်းအဆ ပမာဏများပြားပါတယ်``

တတိယမေးခွန်းကို ဆက်မေးတော့ ဗိုလ်မှူးဇော်ဋ္ဌေးက မီဒီယာတခုကို မေးခွန်း ၂ ခွန်းပဲ မေးခွင့်ရှိတယ်လို့ ကြိုတင်ကြေငြာထားကြောင်း ပြောရင်း သတိပေးပါတယ်။

ဒုတိယ မြောက် မေးခွန်းမေးခွင့်ကိုတော့ Eleven Media Group-က ရရှိပါတယ်။

Eleven Media Groupက မေးတဲ့ မေးခွန်းက တော်တော်လေးကို ရှည်ပါတယ်၊ အသံလည်း တိုးတဲ့အတွက် မေးခွန်းမေးနေတယ်ဆိုတာကိုပဲ သိရပြီး ဘာတွေ မေးနေသလဲ ဆိုတာကို မကြားရပါဘူး၊ ကျမစိတ်ထင် မေးခွန်းမေးနေတာချည်းပဲ ၄ မိနစ်လောက် ရှိပါတယ်။
မေးခွန်းကတော်တော် ရှည်တဲ့အတွက် အဖြေကိုတော့ ခပ်တိုတိုပဲ ဖြေမယ်လို့ သမ္မတကြီးက ရယ်ရယ်မောမော ပြောပါတယ်။

``နောက်ပြန်လှည့်မလား၊ မလှည့်ဘူးလားဆိုတာကတော့  ပြည်သူတွေရဲ့ ဆန္ဒပေါ်မှာမူတည်ပါတယ်။  ကျွန်တော် ထင်ပါတယ်။ ပြည်သူကိုမေးကြည့်ရင်တော့ ဘယ်လိုမှ နောက်ပြန်လှည့်ချင်တဲ့ ဆန္ဒမရှိတော့ပါဘူး။  ပြည်သူက နောက်ပြန် မလှည့်ချင်တဲ့အတွက်ကြောင့်  ကျွန်တော်တို့ကလည်း  နောက်ပြန်မလှည့်နိုင်အောင် ကြိုးစားပြီးလုပ်ရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးမှာတော့ သဘောထားတွေကတော့ အမျိုးမျိုးရှိမှာပါ။ တူညီတဲ့အချက်တွေရှိတယ်။ မတူညီတဲ့အချက်တွေရှိတယ်။ နိုင်ငံရေးသမားဆိုတာကတော့ ချီးမွမ်းခံရတာတွေရှိသလို၊ အဆဲခံရတာတွေလည်း ရှိမှာပါပဲ၊  ရှေ့ကိုပဲ ချီတက်သွားဖို့ လိုတယ်လနို့ ဒီလိုပဲ ကျွန်တော်ပြောချင်ပါတယ်။  နောက်တစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေး မပြင်ရေးကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း  ပြင်ဆင်နိုင်တဲ့အခွင့်အလမ်းတွေ ပေးထားပြီး ဖြစ်ပါတယ်။  အဲဒီမှာအခန်း ၁၂ ဆိုလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်နိုင်တဲ့ Amendement ပေါ့။ လုပ်ထုံးလုပ်နည်းတွေ ဘာတွေညာတွေလည်းပါတာပေါ့။ ကျွန်တော့် သဘောထားတစ်ရပ်ထဲနဲ့တော့  ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်လိုက်။ ဒီလိုမျိုးပြောလို့တော့ မရဘူး။ မပြင်ပါနဲ့လို့ သွားပြောလို့ကလည်းမရဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ရေးမပြင်ရေးသည် ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့  လွှတ်တော်ထဲမှာ ရှိနေတဲ့  လွှတ်တော်ကိုယ်စားလှယ်တွေရဲ့  ဆန္ဒအပေါ်မှာပဲ မူတည်တယ်လို့ ကျွန်တော်တို့  ပြောရမှာ ဖြစ်ပါတယ်။

တတိယမေးခွန်း မေးခွင့်ရခဲ့တဲ့ ဂျာနယ်ကတော့  The Voice Weekly ပါ။ ကိုကျော်မင်းဆွေက သမ္မတကြီးကို အားလုံး ကြားရအောင် မိုက်သုံးပြီးတော့ မေးခွင့်တောင်းပါတယ်။ မိုက်နဲ့ မေးပေမဲ့ အသံလုံးနေတဲ့အတွက် ကျမကတော့ ဘာတွေ မေးသလဲဆိုတာ ကောင်းကောင်းမကြားရပါဘူး၊ ဒါပေမဲ့ ပညာရေးနဲ့ သက်ဆိုင်တာတွေ မေးနေတယ်ဆိုတာကိုတော့ တချက်ချက် ကြားရပါတယ်။

``ပညာရေးတွေ၊ ကျန်းမာရေးတွေ အသုံးစရိတ်ကို ပိုပြီးတော့ သုံးရမှာ ဖြစ်ပါတယ်။ ဒီပြီးခဲ့တဲ့  Budget Year ဆိုလို့ရှိရင် ပညာရေး၊ ကျန်းမာရေး၊ အသုံးစရိတ်တွေကို ကျွန်တော်တို့ကလည်း  ခွင့်ပြုပေးပါတယ်။ အခုနှစ်လည်း ဒါတွေကို ထပ်ပြီးတော့  တိုးမြှင့်ပြီးတော့  လွှတ်တော်ကို တင်ပြပါတယ်။ လွှတ်တော်ကလည်း ခွင့်ပြုပေးပါတယ်။ အခုနှစ်ကလည်း  ဒါတွေကိုတိုးမြှင့်ပြီးတော့ သုံးစွဲမှာ ဖြစ်ပါတယ်။ အဲဒါအပြင် ပြည်ပကနေ အကူအညီတွေ Grant  တွေ သက်သာတဲ့ ချေးငွေတွေ Loan တွေဒါတွေလည်းတောင်းဆိုထားတာတွေ ကြိုးပမ်းနေတာတွေ ရှိပါတယ်။  ဒါတွေရလာရင်လည်း  ထပ်ပြီးတော့  သုံးစွဲသွားမှာ ဖြစ်ပါတယ်လို့ ကျွန်တော့်အနေနဲ့ ဖြေကြားလိုပါတယ်``

နောက် သမ္မတကြီးက လူငယ်တွေ အင်္ဂလိပ်စာ တတ်ဖို့ အရေးကြီးကြောင်း။ ယနေ့ ခေတ်ဘွဲ့ရလူငယ်တွေထဲမှာ အင်္ဂလိပ်စာ ကျွမ်းကျင်မှု အားနည်းကြတာတွေ့ရတဲ့အတွက် ပညာရေးမှာ အင်္ဂလိပ်စာ ရေးတတ် ဖတ်တတ်နဲ့ ကျွမ်းကျင်အောင် ပျိုးထောင်ပေးချင်ကြောင်း ပြောပါတယ်။

နောက် သမ္မတကြီးက အလုပ်အကိုင်အခွင့်အလန်းတွေ နည်းတဲ့အတွက် နိုင်ငံသားတွေ သူများနိုင်ငံမှာ သွားပြီး လုပ်ကိုင်နေရတာတွေနဲ့ပတ်သက်ပြီး မျက်နှာငယ်ကြရတာ တွေ့ရကြောင်း၊ အလုပ်အကိုင်အခွင့်အလန်းတွေ ရဖို့အတွက်လည်း ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောပါတယ်။

သတင်းရျာနယ် ၃ စောင်ပြီးတော့ ပထမဆုံး နိုင်ငံခြားသတင်းဋ္ဌာနအနေနဲ့ မေးခွင့်ရရှိတာကတော့ ရိုက်တာ သတင်းဋ္ဌာနပဲဖြစ်ပါတယ်။ ဦးအောင်လှထွန်းက မေးမြန်းခွင့်ရရှိခဲ့ပါတယ်။
ဝန်ကြီးဌာနတွေကို  သတင်းရယူခွင့်နှင့်  ပတ်သက်ပြီး ဆရာဦးအောင်လှထွန်းကမေးမြန်းပါတယ်။

``တိုက်ရိုက်ဆက်သွယ်နိုင်ဖို့အတွက် ၀န်ကြီးဌာနတွေကို ပြောထားပါမယ်။ အနည်းဆုံးတော့  ညွှန်ချုပ်၊ ဒု-ညွှန်ချုပ်တို့အဆင့်တွေရှိပါတယ်။ ဒီလူတွေက ၀န်ကြီးဌာနအတွင်းမှာ ထဲထဲဝင်ဝင်အထက်အောက် အကုန်သိပါတယ်။ သူတို့နဲ့လည်း ဆက်ဆံပေါ့။ အကယ်လို့များ အခက်အခဲရှိရင် သမ္မတရုံးမှာတောင်ရှိပါတယ်။ ဦးစိုးသိန်းတို့ ဦးအောင်မင်းတို့ သူတို့ဆီသိလိုတဲ့အချက်တွေ မေးမယ်။ ပြုမယ်၊ အကူအညီပေးပါဆိုရင်လည်း ဆက်သွယ်ဆောင်ရွက် ပေးမျာ ဖြစ်ပါတယ်။ ၀န်ကြီးဌာနတွေကိုလည်း ထပ်ပြီးပြောထားပေးမှာ ဖြစ်ပါတယ်``



Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်