အိမ်ဖြူတော် ကွန်ပြူတာစနစ်အား မကြာသေးမီက အွန်လိုင်းမှတိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း၊ သို့သော်လည်း အရေးကြီးစနစ်များကိုမူ ထိခိုက်မှု မရှိကြောင်း အမည်မဖော်လိုသည့် အမေရိကန်အစိုးရ ထိပ်တန်းအရာရှိကြီး တစ်ဦး၏က ရိုက်တာသို့ ယမန်နေ့က ထုတ်ဖော်ပြောကြား သွားခဲ့သည်။ ယင်း Cyber Attack တွင် မည်သည့် သတင်းအချက်အလက်များ ခိုးယူခြင်း ခံခဲ့ရသည့် အထောက်အထား မရှိကြောင်း၊ တိုက်ခိုက်မှုအား စောလျှင်စွာ ဖော်ထုတ်ပြီး ကာကွယ်နိုင်ခဲ့သဖြင့် ပြန်နှံ့သွားခြင်း မရှိခဲ့ကြောင်း သိရှိရသည်။ ယခုတိုက်ခိုက်မှုသည် “spear phishing” ဟု ခေါ်တွင်သည့် ဖြားယောင်းခိုးယူသည့် တိုက်ခိုက်မှုမျိုးဖြစ်ပြီး ယုံကြည်ရသည့် အီးမေးလ် လိပ်စာများမှ ပေးပို့လာသည့်သဏ္ဍာန် ဖန်တီးထားသည့် အတုယောင် အီးမေးလ်များဖြင့် ထင်ယောင်ထင်မှား ဖြစ်စေရန် လုပ်သည့် နည်းဖြစ်သည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့က Freebeacon အမည်ရသည့် သတင်းဝက်ဘ်ဆိုဒ်တစ်ခုက အိမ်ဖြူတော်၏ နိုင်ငံတော် ကာကွယ်ရေးဆိုင်ရာ ကွန်ပြုတာ စနစ်အား တရုတ်ဟက်ကာများက ဖောက်ထွင်းခဲ့သည်ဟု ဖော်ပြခဲ့သည်။ အိမ်ဖြူတော်ကမူ မည်သည့်အဖွဲ့အစည်းက မည်သည့်ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်ခဲ့သည်နှင့် ယင်းတို့၏ ပစ်မှတ်မှာ မည်သည်ဖြစ်သည် တို့ကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ တရုတ်နိုင်ငံသည် စုစုပေါင်း အင်တာနက် အသုံးပြုသူ ၄၈၅ သန်း ရှိပြီး ကမ္ဘာပေါ်တွင် အများဆုံး ပင်ဖြစ်သည်။ ပြီးခဲ့သည် နှစ်ပိုင်းအတွင်းမှ စတင်ကာ အမေရိကန် အစိုးရဌာနများနှင့် ကုမ္ပဏီများမှ အရေးကြီး သတင်းအချက်အလက်များအား ခိုးယူရန် ရည်ရွယ်ပြီး Cyber Attack များ ပြုလုပ်ခဲ့သည်ဟု အမေရိကန် အစိုးရက စွပ်စွဲထားသည်။
Myanmar Express
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်