Subscribe to our RSS Feed

ပြည်တွင်းတွင် ဂျွန်ဟော့ကင်း တက္ကသိုလ်ခွဲ လာရောက် ဖွင့်လှစ်ရန် ဆွေးနွေးလျက်ရှိ

From :mrtv4

နေပြည်တော်မှာ ကျင်းပ ပြုလုပ်တဲ့ နိုင်ငံတော် သမ္မတကြီးနဲ့ ပြည်တွင်း သတင်း မီဒီယာများ၊ ပြည်တွင်း အခြေစိုက် နိုင်ငံခြား သတင်း မီဒီယာများ
တွေ့ဆုံပွဲမှာ နိုင်ငံတော် သမ္မတကြီးရဲ့ ပြောကြားချက် အရ မြန်မာနိုင်ငံမှာ အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်း တက္ကသိုလ်ရဲ့ တက္ကသိုလ်ခွဲ ဖွင့်လှစ်ဖို့ အတွက် တာဝန်ရှိ သူတွေ ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။ အဆိုပါ ပွဲမှ သမ္မတကြီးရဲ့ ပြောကြားချက် အရ ပညာရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ဖို့ အတွက် ပြီးခဲ့တဲ့ နှစ်မှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စစ် ဟီလာရီ ကလင်တန် မြန်မာနိုင်ငံကို စတင် ရောက်ရှိစဉ် ကတည်းက အမေရိကန်နဲ့ ပညာရေး ကိစ္စရပ်များ ဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။

ဒီလို ဆွေးနွေး ပြီးနောက် ဂျွန်ဟော့ကင်း တက္ကသိုလ်မှ တာဝန်ရှိ သူများနဲ့လည်း ထပ်မံ ဆွေးနွေးခဲ့ပြီး ပြည်တွင်းမှ ပညာရေး ထူးချွန်တဲ့ ကျောင်းသား များကို အဆိုပါ တက္ကသိုလ်မှာ ပညာတော်သင် စေလွှတ်ဖို့ ဆက်လက် ဆွေးနွေး ခဲ့ပါတယ်။ အဆိုပါ ဆွေးနွေးမှုကို သက်ဆိုင်ရာ တာဝန်ရှိ သူများမှ လက်ခံခဲ့ပြီး ကျောင်းသား ၃၀ မှ ၄၀ ခန့်ကို ပညာသင်ဖို့ လက်ခံ ခဲ့တယ်လို့ သိရပါတယ်။ ဒီလို ပညာသင် စေလွှတ်မှုမှာ ကျောင်းသားများရဲ့ နေထိုင်စရိတ်နဲ့ ကုန်ကျစရိတ်များ များပြားတဲ့ အတွက် ပညာတော်သင် ကျောင်းသား များစွာကို စေလွှတ်နိုင်ခြင်း မရှိတဲ့ အနေအထား ရှိနေတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် တာဝန်ရှိ သူတွေဟာ အမေရိကန် နိုင်ငံ ဂျွန်ဟော့ကင်း တက္ကသိုလ်ရဲ့ တက္ကသိုလ်ခွဲကို ပြည်တွင်းမှာ လာရောက် ဖွင့်လှစ်ဖို့ ဆွေးနွေးမှုများ ပြုလုပ်နေခြင်း ဖြစ်ပါတယ်။ လက်ရှိ ရန်ကုန်မြို့မှာ အကြောင်း အမျိုးမျိုးကြောင့် ပိတ်ထားရတဲ့ တက္ကသိုလ် ၃ ခုရှိပြီး ဂျွန်ဟော့ကင်း တက္ကသိုလ်မှ တက္ကသိုလ်ခွဲ လာရောက် ဖွင့်လှစ်ပါက အခြေခံ အဆောက်အဦး အဆင့်သင့်ရှိတဲ့ အနေအထားမှာ ရှိတယ်လို့ သိရပါတယ်။ ဂျွန်ဟော့ကင်း တက္ကသိုလ်ဟာ တက္ကသိုလ်ခွဲများကို ပြည်ပနိုင်ငံ အချို့ မှာလည်း တက္ကသိုလ်ခွဲ ၉ ခုအထိ ဖွင့်လှစ် ထားပြီး ဖြစ်ပါတယ်။

အဆိုပါ ပွဲမှာ သမ္မတကြီးရဲ့ ပြောကြားချက် အရ တိုင်းပြည် ဖွံ့ဖြိုးမှုဟာ တိုင်းပြည် သံယံဇာတ အပေါ်မှာ မမူတည်ပဲ၊ လူ့စွမ်းအား အရင်းအမြစ် ပေါ်မှာ မူတည်နေ တာကြောင့် ပြည်တွင်းရဲ့ ပညာရေး စနစ်ကို မြှင့်တင်ဖို့ လိုအပ်လျက် ရှိတယ်လို့ ပြောကြား ခဲ့ပါတယ်။ ယခင်က ပြည်တွင်းမှ ကျောင်းသား တွေဟာ အမေရိကန်ရှိ တက္ကသိုလ်ကြီး တွေမှာ သွားရောက် ပညာသင် ကြားခွင့် ရရှိခဲ့ပြီး ပညာရေး မှာလည်း ထူးချွန်ခဲ့ကာ ပြည်တွင်းမှာ ပညာများ ပြန်လည် သင်ကြား ပို့ချပေး နိုင်ခဲ့တာကြောင့် မြန်မာနိုင်ငံရဲ့ ပညာရေးဟာ အဆင့်တစ်ခု အနေအထားမှာ ရှိခဲ့ပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကစပြီး အဆိုပါ တက္ကသိုလ်ကြီး တွေမှာ ပညာသင်ခွင့်များ မရတော့တဲ့ အတွက် ပြည်တွင်း ပညာရေးမှာ ဆရာ၊ ဆရာမများဟာ မိမိတတ်ကျွမ်း ထားတဲ့ ပညာရေး ကိုသာ ပြန်လည် သင်ကြား ပေးရတဲ့ အတွက် ပြည်တွင်း ပညာရေးမှာ လိုအပ်မှုများ ရှိနေရခြင်း ဖြစ်ပါတယ်။ သမ္မတကြီးရဲ့ ပြောကြားချက် အရ ယခင်က တက္ကသိုလ် ၀င်တန်း အောင်မြင် သူတွေဟာ အင်္ဂလိပ်စာ များမှာ အထူး ကောင်းမွန်ပြီး ယခုခေတ် မှာတော့ ဘွဲ့ရသူများပင် အင်္ဂလိပ်စာမှာ လိုအပ်ချက်များ ရှိနေတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံရဲ့ ပညာရေး စနစ်မှာ အင်္ဂလိပ်စာ ကောင်းမွန် လာစေရေး အတွက် နောက်ပိုင်းမှာ အခြေခံ ပညာရေး စနစ်ကို ၁၂ တန်းအထိ တိုးမြှင့် သွားဖို့ လျာထားပြီး ဘတ်ဂျက်ငွေ သုံးစွဲမှု ကိုလည်း တိုးမြှင့် သုံးစွဲဖို့ ရှိတယ်လို့ သိရပါတယ်။
 
 
 

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်