Subscribe to our RSS Feed

ဗုံးပေါက်ကွဲမှုများကြောင့် ကျိုက္ခမီဘုရားပွဲ လုံခြုံရေးတိုးမြှင့်

From : .. the voice


ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ် အပါအဝင် မြို့ကြီးအချို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ ကျိုက္ခမီ ဆုတောင်းပြည့် ရေလယ်ဘုရားပွဲကို လုံခြုံရေး တိုးမြှင့်ထားကြောင်း ကျိုက္ခမီ ရေလယ်ဘုရား ဂေါပကအဖွဲ့မှ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။

အဆိုပါ ဘုရားပွဲ လုံခြုံရေးအတွက် ဘုရားပရဝဏ်နှင့် ဘုရားပွဲကျင်းပရာ နေရာများတွင် လုံခြုံရေး CCTV ကင်မရာ ၂၇ လုံး တပ်ဆင်ထားကြောင်း ၎င်းကဆက် လက်ပြောကြားသည်။
“အရင်ကတော့ ရဲတပ်ဖွဲ့က အကြံပြုထားတဲ့ နေရာတွေကို ဦးစားပေး တပ်ထားတယ်၊ အခုဘုရားဖူးရာသီ ရောက်ပြီဆိုတော့ ဘုရားဖူးတွေရဲ့လုံခြုံရေးအတွက် ကျွန်တော်တို့ ဝန်ထမ်းအင်အားက မလုံလောက်တော့ဘူး၊ အဲ့ဒါကြောင့် လူသွားစင်္ကြံ နေရာတွေမှာလည်း ဒီလုံခြုံရေး ကင်မရာတွေကို ထပ်တပ်လိုက်တာပါ” ဟု ဦးဝင်းမြင့်က ဆိုသည်။

အဆိုပါ ဘုရားပွဲအတွက် ဘုရားလုံခြုံရေး ဝန်ထမ်းများကိုလည်း တိုးမြှင့်ချထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ ကျိုက္ခမီ ရေလယ်ဘုရားပွဲတော်ကို အောက်တိုဘာလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့ထိ ငါးရက်တိုင်တိုင် ကျင်းပလျက်ရှိသည်။

အဆိုပါ ဘုရားပွဲကို နှစ်စဉ် သီတင်းကျွတ် လပြည့်ကျော် ၁ ရက်နေ့မှ ၅ ရက်နေ့ထိ ကျင်းပလေ့ရှိရာ တစ်နေ့လျှင် ဘုရားဖူးဧည့်သည် တစ်သောင်းနီးပါး လာရောက်ကြောင်း ကျိုက္ခမီ ရေလယ်ဘုရား ဂေါပက အဖွဲ့ထံမှ သိရှိရသည်။

မြန်မာနိုင်ငံတွင်း မြို့ကြီးအချို့တွင် အောက်တိုဘာ ၉ ရက်နေ့မှ ၁၈ ရက်နေ့ အထိ ဗုံးပေါက်ကွဲမှု ခုနစ်ကြိမ်၊ ဗုံးတွေ့ရှိရမှု လေးကြိမ်၊ ဗုံးလန့်မှု ၁၀ ကြိမ် ဖြစ်ပွားခဲ့ပြီး လူသုံးဦး သေဆုံးခဲ့ကာ ငါးဦးဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။

.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်