Subscribe to our RSS Feed

ဘာသာရေးလိုက်စားသည့် သမ္မတကြီး ဦးသိန်းစိန် ကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကျင်းပ

From : ..သမ္မတရုံး


နေပြည်တော် နိုဝင်ဘာ ၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၏ ကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီခွဲတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်ရှိ သာသနာ့မဟာ ဗိမာန်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇမဂ္ဂမဟာ သဒ္ဓဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရဘိဝံသ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်းတို့ တက်ရောက်ကြည်ညို၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်း ကြသည်။

အဆိုပါအခမ်းအနားသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်ဇနီး ဒေါ်နန်းရွှေမှုန်၊ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် ဇနီး ဒေါ်ခင်အေးမြင့်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ ဦးမြသိန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယ ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းမိသားစု များလည်း တက်ရောက်ကြည်ညိုကြသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် သာသနာ့ဗိမာန်တော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော် မြတ်အား ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်းများ ကပ်လှူကြသည်။

ထို့နောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ရန်ကုန်မြို့ ခြောက်ထပ်ကြီး ဘုရားကြီးတိုက် သာသနာ့နုဂ္ဂဟကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တခေမိန္ဒသာမိ ထံမှ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့ အမှူးပြုသော ပရိသတ်များက ကိုးပါသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော် များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီးထံ လှူဖွယ်ပစ္စည်းများ လှူဒါန်းပြီး ပျဉ်းမနားမြို့ အောင်တံခွန်ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တပဏ္ဍဝ ထံ ကထိန်လျာသင်္ကန်းကို ဆက်ကပ် လှူဒါန်း ကြသည်။

ဆက်လက်၍ ဒုတိယသမ္မတများနှင့် တက်ရောက်လာကြသူများက ဆရာတော်၊ သံဃာတော် များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက် ဆရာတော်ကြီး ထံမှ ပရိသတ်များက အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချ အမျှပေးဝေကြသည်။

အခမ်းအနားအပြီးတွင် ကြွရောက်တော်မူကြသည့် ဆရာတော်၊ သံဃာတော်များအား နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များက နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြသည်။
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်