Subscribe to our RSS Feed

ABSDF ငရဲတွင်းမှ တိုးထွက်ခဲ့သူများ - ၁









(ဆရာ...ဆရာ့ အင်တာဗျူး ကို ဇော်ဂျီ ဖောင့်နဲ့ရိုက်ပြီး အခုဒီနေရာကပို့ပေးလိုက်ပါတယ်...ဆရာ့ Note မှာတင်လို့ရအောင်ပါ.....ဆရာတင်ပြီးသွားရင်ကျွန်တော်တို့ Personal account တွေမှာ ပြန် Shareလို့ရတာပေါ့...တခြားလူတွေလည်းဖတ်လို့ရမယ်၊ Share လုပ်လို့ရမယ်ဆိုပိုပြီးကောင်းမယ်ထင်လို့ပါ....
လေးစားစွာဖြင့်
အောင်ပေါ်ထွန်း
The Messenger News Journa)

ရေးသူဖတ်သူအဆင်ပြေအောင် ကူညီပေးတဲ့ ဆရာအောင်ပေါ်ထွန်း
တာဝန်ခံအယ်ဒီတာ(The Messenger News Journa)ကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ(ဟာဂျူလီ.ကသာ)

ငရဲတွင်းမှ ထိုးထွက်ခဲ့သူများ
ဟာဂျူလီ
၂၃.၂.၂၀၁၂ ရက်နေ့ထုတ် Messenger ဂျာနယ်ရဲ့ မျက်နှာဖုန်းဆောင်းပါး နှစ်ပုဒ်ကိုဖတ်ဖြစ်လိုက်ပါတယ်။ ဆရာပန်းချီထိန်လင်းရဲ့ ရင်နင့်စရာ ဆောင်းပါးလေးနှစ်ပုဒ်ပါ ဆောင်းပါးနှစ်ပုဒ်စလုံးဟာ ABSDF (မြောက်ပိုင်း) က အာဏာရှင်ပေါက်စ ခေါင်းဆောင်တွေရဲ့ ပက်စက်တဲ့ အကြံညာဏ်နဲ့ ယုတ်မာစွာနှိပ်စက်ခဲ့တဲ့ အကြောင်းလေးကို ရေးသားထားတာပါ။ ဆောင်းပါးကို ဆရာ ပန်းချီထိန်လင်းက ရသပါပါရေးသားထားတဲ့အပြင် ကျွန်တော်တို့တတွေ ထဲထဲဝင်ဝင် မသိခဲ့တဲ့ တောတွင်းကဖြစ်ရပ်တွေဖြစ်လို့ ဖတ်ရတာဟာ အင်မတန် ဗဟုသုတ ရရပါတယ်။ ဆရာ့ရဲ့ဆောင်းပါးထဲမှာ ကသာမြို့ဖွား ဇာတိသားတွေဖြစ်တဲ့ တင်မောင်အေးတို့ ကိုစန်း (ဖိုးစန်း) တို့ရဲ့ နာမည်တွေ ပါလာပါတယ်။ အဲဒီဖြစ်စဉ်တွေ ဖြစ်နေတဲ့အချိန်မှာ ကျွန်တော်ဟာ ကသာမြို့ NLD ရဲ့ လူငယ်တာဝန်ခံ ဖြစ်နေပါတယ်။ ဒီတော့ NLD ရဲ့ လမ်းစဉ်ဖြစ်တဲ့ အကြမ်းမဖက်ရေးမူအောက်မှာပဲ ရှိနေရပါတယ်။ ဒီတော့ မူအားဖြင့် ပေါင်းသင်းလို့မရပါဘူး။ ဒါပေမဲ့ ပန်းတိုင်ချင်းတူတဲ့ ဒီမိုကရေစီလိုလားသူများအဖြစ်နဲ့ရော ၈၈ အရေးအခင်းကာလ ဘုန်းကြီးကျောင်းတစ်ကျောင်းထဲမှာ အတူလှုပ်ရှားခဲ့တဲ့သူတွေအနေနဲ့ပါ သူတို့နဲ့ ကျွန်တော် ရင်းနှီးစွာနဲ့ သံယောဇဉ်ရှိခဲ့ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ရဲ့ ကသာမြို့လေးဟာ ကျဉ်းကျဉ်းလေးပါ။ ဒီလို ကျဉ်းမြောင်းတဲ့ မြို့ကလေးမှာ ဦးတည်ချက်တူတဲ့သူတွေ အချင်းချင်း ဖြစ်နေလေတော့ တစ်ယောက်အကြောင်း တစ်ယောက် သိနေကြပါတယ်။ ကျွန်တော်တို့အကြောင်း သူတို့သိကြသလို လက်နက်ကိုင်တော်လှန်ရေး လမ်းကြောင်းကိုရွေးချယ်တဲ့ သူတို့တတွေရဲ့ (ကသာမြို့သား) အကြောင်းကိုလည်း ကျွန်တော် ထဲထဲဝင်ဝင်သိနေရပါတယ်။ သူတို့တတွေအားလုံးဟာ သာမန်ကျောင်းသားတွေပါ။ ထောက်လှမ်းရေးတို့၊ သတင်း ပေးတို့ လုံးဝမဟုတ်ခဲ့ကြဘူး။ ဒါပေမဲ့ အာဏာရှင်လက်နက်ကိုင် တော်လှန်ရေးလမ်းကြောင်းကို ရွေးချယ်တဲ့ သူတို့ တတွေကို လက်နက်ကိုင်တော်လှန်ရေးအာဏာရှင်ဖြစ်လိုတဲ့ လူတစ်စုက ထောက်လှမ်းရေးဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ညှင်းပန်းနှိပ်စက်သတ်ဖြတ်ပစ်လိုက်ကြပါတယ်။ ABSDF (မြောက်ပိုင်း) ထဲ ရောက်သွားတဲ့ ကသာကျောင်းသား ကိုးယောက်အနက် ငါးယောက်က ပြင်းထန်တဲ့နှိပ်စက်မှုတွေကြောင့် သေဆုံးသွားခဲ့ရပါတယ်။ သေဆုံးသူတွေက တင်မောင်အေး (ခ) အပ်စိုက်၊ကိုအေးမြင့်၊ မောင်မောင်၊ အောင်မြင်ထွန်း၊ ကျော်ကျော်ဦးတို့ ဖြစ်ကြ ပါတယ်။ မသေဘဲ ABSDF (မြောက်ပိုင်း) ထောင်ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ သူတွေကတော့ မြင့်သိန်း၊ ဒသ (ခ) မောင်မောင်ခင်ကတော့ မုံရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ သင်္ကန်းဝတ်နေပါ တယ်။ ကသာမှာလက်ရှိနေထိုင်တာက ဖိုးစန်းနဲ့ ကျော်ဇင်ထွန်း၊ နောက် ကျော်ဇင်ထွန်းရဲ့ ဇနီး ထက်ထက်၊ ထက်ထက်က ဗန်းမော်သူ၊ သူမကလည်း ABSDF မြောက်ပိုင်းမဖွဲ့ခင် ABSDF (KC) ကတည်းက ကျောင်း သားလက်နက်ကိုင် အဖွဲ့ထဲ ရှိနေခဲ့တဲ့သူ ကျော်ဇင်ထွန်းတို့ လွတ်မြောက်လာပြီးမှ မြေပေါ်ပြန်ရောက်လာတဲ့သူ နောက် အစိုးရကပေးတဲ့ ပြစ်ဒဏ်တွေကျခံပြီးခဲ့သူ၊ ဒီတော့ နီးနီးနားနား ကသာမှာရှိနေတဲ့ သူတို့ (၃) ယောက်နဲ့ တွေ့ဆုံပြီး စကားဝိုင်းလေး ဖွဲ့ဖြစ်ကြပါတယ်။ ဒီလို ဖွဲ့ဖြစ်ပြောဖြစ်ကြတဲ့ စကားတွေဟာ သမိုင်းတစ်ခု အတွက် မှတ်တမ်းဖြစ်သလို ၊နှောင်းလူငယ်တွေ သင်ခန်းစာယူနိုင်စရာလေး ဖြစ်နေတာကြောင့် သူတို့နဲ့ ပြောဖြစ်ခဲ့တာလေး တွေကို ဖော်ထုတ်ရေးသားလိုက်ရပါတယ်။
ဂျူ ။ ။ ABSDF (မြောက်ပိုင်း) ကို စပြီးရောက်သွားဖြစ်ခဲ့ပုံလေး ပြောပြပါဦး။
ဖိုးစန်း ။ ။ စပြီးသွားတာက ၁၉၈၈ ခုနှစ် အရေးခင်းပြီးခါစပေါ့။ ကျွန်တော်ရယ် ၊ အပ်စိုက်ရယ်၊ ကျော်ဇင်ထွန်းရယ်၊ ဇေယျရယ်၊ မိုးညှင်းဒေသက တပ်ရင်း (၅) မှာ စ၀င်တယ်။ ကျွန်တော်နဲ့ ဇေယျကတော့ ကေအိုင်အေ ထောက်စခန်း တစ်ခုကနေ ကရင်ဘက်ကိုပဲ သွားမယ်ဆိုပြီး ကျန်ခဲ့တယ်။ ကျွန်တော်နဲ့ အပ်စိုက်က အဲဒီကနေ ABSDFA ဗဟိုရှိရာ ပါဂျောင်ဒေသကိုသွားပြီး စစ်သင်တန်း စတက်တယ်။ သင်တန်းတက်တော့ အပတ်စဉ် (၂) ပေါ့။ သင်တန်းမှာ ကသာက မြင့်သိန်းနဲ့ တွေ့တယ်။ သူက ကောလင်းကနေ ရောက်လာတာ။ ကသာသားပဲပေါ့။ ကျွန်တော်တို့ သင်တန်းကာလက နှစ်လခွဲကြာတယ်။ အဲဒီအချိန်မှာ ABSDF (KC) ပေါ့။ ABSDF (မြောက်ပိုင်း) မဖြစ်သေးဘူး။ အဲဒီသင်တန်းပြီးတော့ အပ်စိုက်က ပါဂျောင်မှာနေခဲ့တယ်။ ကျွန်တော်က ကသာကို စည်းရုံးရေးတာဝန်နဲ့ လျှို့ဝှက်ပြန်ခဲ့ပါတယ်။ ကသာမှာ စည်းရုံးရေးလုပ်ရင်းနဲ့ ပေါ်တာတွေ တအားဆွဲလာတယ်။ ဒီတော့ ကျွန်တော် ပါဂျောင်ကို ပြန်တက်လို့မရတော့ဘူး။ အဲဒီမှာ နိုင်ငံရေးအခြအနေကလည်း ပြောင်းလာတယ်။ ၁၉၉၀ ရွေးကောက်ပွဲတွေ ဘာတွေဖြစ်လာတယ်။ ကျွန်တော်က အဲဒီမှာ ရွေးကောက်ပွဲကို စောင့်ကြည့်ချင်လာတယ်။ ရွေးကောက်ပွဲဟာ မှန်ကန်မှုရှိမယ်။ NLD တက်လာမယ်ဆိုရင် ကျွန်တော်တို့ တောထဲ ပြန်မသွားတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ထင်သလိုအခြေအနေ ဖြစ်မလာတော့ဘူးဆိုတာ သိတော့ ကျွန်တော်တို့ ကသာကနေ ထွက်ကြတယ် ။ ၆ ယောက်အဖွဲ့ပေါ့။ ကျော်ဇင်နဲ့က မိုးညှင်းမှာ ချိန်းတယ်ဆိုတော့ ၇ယောက်အဖွဲ့ ဖြစ်သွားတာပေါ့။ ကျွန်တော်နဲ့ပါလာတဲ့လူတွေအားလုံးဟာ ကျောင်းသားဘ၀ကတည်းက ကျောင်းအတူတူ တက်လာပြီး အတူနေခဲ့တဲ့ သူတွေဆိုတော့ စိတ်ချရတာပေါ့။ ဘယ်သူမှ ထောက်လှမ်းရေးမဟုတ်ဘူး။ ဒီအဖွဲ့တွေနဲ့ ပေါဂျောင်ရောက်ပြီး သူတို့ ၆ ယောက် သင်တန်းတက်ရတယ်။
ဂျူ ။ ။ အဲဒီအချိန်မှာ ABSDF (မြောက်ပိုင်း) ဖြစ်ပြီလား။
ကျော်ဇင်ထွန်း ။ ။ မဖြစ်သေးဘူး။ ဖြစ်ဖို့ အသံတွေတော့ ကြားနေရပြီ။ ကျောင်းသားအင်အားက ကောင်းနေပြီ။ မြို့နယ်တွေက စုံနေပြီ။ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တိုင်းသာမကဘူး။ ရန်ကုန်-မန္တလေးကပါ ကျောင်းသားတွေစုံနေပြီ။ ဒီတော့ ပိုပြီး ကျယ်ပျံ့အောင် မြောက်ပိုင်းဖွဲ့မယ်ပေါ့။ ပြသနာရဲ့ အစက အဲဒီမှာစတာပဲ။ ABSDF (KC) အဖြစ်နဲ့တုန်းက ဗဟိုကော်မတီ (၅) ယောက်ထားတယ်။
ဂျူ ။ ။ အဲဒီ ၅ ဦးကော်မတီက ဘယ်သူတွေလဲ။ ထက်ထက်က အပတ်စဉ် ၁ ကတည်းက ရှိနေတာဆိုတော့ ပြောပါဦး။
ထက်ထက်။ ။ ပထမ ဗဟိုကော်မတီ ၅ ယောက်မှာ ဂမ်မလ၊ဗိုလ်စော၊ဂျိုးဖြူ၊သံချောင်း၊ မြစ်ကြီးနားက ကျော်ကျော်တို့ပါ။ နောက်ပြီးတော့မှ ဗဟိုဦးစီးဆိုတာ ဖြစ်ပြန်တယ်။ ဘယ်သူတွေလဲဆိုတော့ ဦးစီးလွှမ်းမိုး (မိုးကောင်း) ဦးစီးနေဒွန်း (မြစ်ကြီးနား)၊ ဦးစီးလှဌေး (ဗန်းမော်) တို့ပေါ့။ အဲဒီမှာ ကိုသံချောင်းက စစ်ရေးတာဝန်ခံ။ သူက ရဲဘော်တွေကိုညှာတယ်။ တိုက်ရည်ခိုက်ရည်ကောင်းတယ်။ မိုညှင်းလိုကိစ္စတွေမှာ နာမည်ရလာတယ်။ သူ့မျက်လုံးထိသွားတယ်။ နောက်ပြီး မလုလာ (ခုလိနားလိုင်)တိုက်ပွဲမှာ ညာဘက်လက်ခုံရိုး (၄) ချောင်း ပြတ်သွား တယ်။ တရုတ်ပြည်ဆေးရုံမှာ သူ့ရဲ့ပေါင်က အသားတွေနဲ့ဖြည့်ပြီး အစားထိုးပေမယ့် လက်ချောင်းတွေ တိုသွားပြီး မသန်စွမ်းတော့ဘူး။ အစက ရဲဘော်တွေက သူ့ကိုချစ်တယ်။ နောက်ပိုင်း သူကိုယ်တိုင်က မျိုးဝင်းကိုဦးစားပေးလာ တယ်၊ မျိုးဝင်းပြောသမျှ ယုံလာတယ်။ နောက်ဆုံး မျိုးဝင်းကိုကြောက်ရသလိုကို ထင်လာမိတယ်။ မျိုးဝင်းဆိုတာက အတွင်းရေးမှူးမျိုးဝင်းပေါ့။ ဥက္ကဋ္ဌက ကိုကျော်ကျော် (မြစ်ကြီးနား) အဲဒီမျိုးဝင်းကို ရဲဘော်တွေ၊ ရဲမေတွေ အတော်များ များက ကြည့်မရကြဘူး။ ကွယ်ရာမှာ သူ့ကို မှုံကြီးလို့ခေါ်ကြတယ်။ ဒါတွေက ABSDF (KC) အဖြစ်နဲ့ တုန်းက အခြေအနေ၊ နောက် မန္တလေးက အစီအစဉ်ရှိတဲ့သူတွေ ရောက်လာတယ်။ ကိုထွန်းအောင်ကျော်တို့၊ ကိုညီကျော်တို့ပေါ့၊ မှတ်မှတ်ရရ သူတို့ရောက်လာတော့ သင်တန်းအပတ်စဉ်က (၆) ရောက်နေပြီ။ သူတို့တတွေရောက်လာမှ ဖွဲ့စည်းပုံတွေစနစ်တကျဖြစ်ပြီး ဗဟိုကော်မတီကို မဲစနစ်နဲ့ ဖြစ်လာတာ မှတ်မိသလောက် ABSDF (မြောက်ပိုင်း) ဖြစ်တဲ့အချိန်မှာ EC တွေက ဦးစိန်၊ ဦးစိန်အေး၊ ကိုနေဒွန်း၊ ကိုအောင်ကြီး၊ ကိုရဲလင်း၊ ဦးကျော်ကျော်အုန်း၊ ကိုညီညီကျော်၊ တင်မောင်အေး (ခ) အပ်စိုက်၊ စိုးလင်း၊ နိုင်အောင်တို့ကို ရွေးခံရမယ်။ အဲဒါ ကိုမျိုးဝင်းက မကျေမနပ်တွေဖြစ်ခဲ့တာလည်း ပါတာပေါ့။ သူ့ကို အဖွဲ့တွေကမကြိုက်တော့ မဲမပေးကြဘူးလေ။ ထားပါတော့။ EC ကမှ CEC ကို ပြန်ရွေးချယ်တယ်။ အဲဒီမှာ CEC ဘယ်သူတွေဖြစ်သလဲဆိုတော့ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်၊ ဒုတိယဥက္ကဋ္ဌက ကိုသံချောင်း၊ အတွင်းရေးမှူးက ရော်နယ်အောင်နိုင်၊ တွဲဖက်အတွင်းရေးမှူးက မျိုးဝင်းနဲ့ လှဆိုင်းပေါ့။ ကိုသံချောင်းက စစ်ရေးတာဝန်ခံဖြစ်လာတယ်။ မျိုးဝင်းက ထောက်လှမ်းရေးတာဝန်ခံဖြစ်လာတယ်။ ဖွဲ့စည်းပုံတွေက အဲဒီလို ။
ကျော်ဇင်ထွန်း ။ ။ အဲဒီမှာ ပြောစရာရှိတာက ထောက်လှမ်းရေးအိုင်အိုလုပ်တဲ့သူတွေပေါ့။ ပထမက အိုင်အိုက ကိုပီတာ။ သူက အတော်ပြည့်ဝတယ်။ အမှားအမှန် အထက်အောက်ချိန်ဆတွေးတောနိုင်စွမ်းရှိတယ်။ ဖြစ်ချင် တော့ သူက တိုက်ပွဲမှာ ကျသွားတယ်။ သူ့နေရာမှာ သန်းဇော်က အိုင်အိုဖြစ်လာတယ်။ အဲဒီမှာ ဘုန်းကြီးရူးနဲ့ လှေလူးတွေ့ကြတာပေါ့။ ထောက်လှမ်းရေးတာဝန်ခံမှုံကြီးခေါ် မျိုးဝင်းကလည်း မကျေနပ်တဲ့အခံလည်းရှိတယ်။ သန်းဇော်ကလည်း အာဏာပြချင်တယ်။ ဒီမှာ သူတို့ချင်း ပေါင်းပြီး ဗြောင်းဆန်ကုန်တော့တာပဲ။
ထက်ထက်။ ။ သူပြောတဲ့ သန်းဇော်ကို ကျွန်မတို့က နက်မည်ပြောင် ရှေး ဂေါ်လို့ ခေါ်တယ်။ ရှေးဂေါ်လီဆိုတာကို အဖျားဆွတ်ခေါ်တာ။ သူက အသက်ကလည်း အတော်ကြီးပြီး၊ ပုံစံကလည်း ခပ်တုံးတုံးဆိုတော့ အဲဒီလိုခေါ်ကြတာ။
Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်