Subscribe to our RSS Feed

မိုးသီးဇွန် လက်ချက်ဖြင့် သေဆုံးခဲ့ရတဲ့ ABSDF ကျောင်းသားရဲဘော် ဋ္ဌေးနိုင် မိသားစုရဲ့

From : မေသင်္ကြန်ဟိန်(မြစ်မခ)

မိသားစုတိုင်း မိသားစုတိုင်းမှာ ရှိနေကြတဲ့ ချစ်မြတ်နိုးခြင်း၊ တန်ဖိုးထားခြင်း၊ မျှော်လင့်ခြင်း…စတာတွေရဲ့ လေးနက်မှုနဲ့ တန်ဖိုးဆိုတာကို လူတိုင်း နားလည်ခံစားနိုင်ကြပါတယ်။

အဲဒီခံစားချက်တွေကိုအခြေတည်ပြီး ဖြစ်တည်ရှင်သန်နေကြရင်း ကိုယ့်မိသားစုထဲက  တစ်ဦး ဦးကို အကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုံးရချိန်မှာ  လူတိုင်းဟာ ၀မ်းနည်းခြင်း၊ ကြေကွဲခြင်းနဲ့အတူ နှမျောတသဖြစ်ခြင်း ဆိုတဲ့ စိတ်ထိခိုက်ဖွယ်ရာ ခံစားချက်တွေကို တသီကြီး ခံစားကြရတာပါ

ကိုဋ္ဌေးနိုင်ရဲ့ မိခင်နဲ့နှမသားချင်းတွေကို တွေ့ဆုံလိုက်ရချိန်မှာတော့ သူတို့တွေမှာ အဲဒီလို ခံစားချက်တွေထက်ပိုတဲ့ ခံစားချက်တွေနဲ့ ထိခိုက်နာကျင်ခံစားနေကြရတာကို တွေ့မြင်ရသလို  နာကျင်တဲ့နှလုံးသားနဲ့ မိခင်အိုတယောက်ကိုလည်း စိတ်မကောင်းဖွယ်ရာ တွေ့မြင်ခဲ့ရပါတယ်။

 “မသေခင်မှာ ရက်ရက် စက်စက် စွပ်စွဲခံရပြီး ရိုက်နှက်စစ်ဆေးတာတွေရှိတယ် သိသိချင်း ဘယ်လိုမှ မခံနိုင်တော့ဘူး… သူ မသေခင် ဘယ်လောက်ခံစားလိုက်ရရှာမလဲ ဆိုတဲ့…စိတ်နဲ့.. အိမ်ရာထဲ ဘုန်းဘုန်းလဲတော့တာပဲ“

မိခင်တယောက်အနေနဲ့ သားဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့အတွက် ၀မ်းနည်းခြင်း၊ နှမျောတသဖြစ်ခြင်း၊ ကြေကွဲခြင်းတို့အပြင် … ရက်ရက်စက်စက် ကြုံတွေ့ခဲ့ရှာရပါလား ဆိုတဲ့ သားအပေါ် မိခင်တယောက်ရဲ့ကြင်နာသနားခြင်းတို့ကြောင့်ဖြစ်ပေါ်လာတဲ့ နာကြင်ခြင်းနဲ့ မဖြေသိမ့်နိုင်ခြင်းတို့ကိုလည်း  တွေ့တွေ့ခြင်းနားလည် ခံစားစေခဲ့ရပါတယ်။

ဒီလို မျက်ရည်စိုနေတဲ့ မျက်ဝန်းတွေနဲ့ သွေ့သွေ့ခြောက်ခြောက် မိခင်အိုတယောက်၊ သား သေဆုံးမှုအတွက် နာကြင်ခံစားနေရတဲ့ မိခင်အိုတယောက်၊ ဖြစ်မှ ဖြစ်ရလေလို့ မဖြေသိမ့်နိုင်လောက်အောင် ကြေကွဲနေတဲ့ မိခင်အိုတယောက်…ကို ဘယ်လိုမေးခွန်းတွေနဲ့ စရမလဲ။ သူတို့ရဲ့ ခံစားချက်တွေနဲ့ ကိုဋ္ဌေးနိုင်ရဲ့ ရုပ်လုံးပေါ်လာအောင် ဘယ်လိုမေးရပါ့လို့ စဉ်းစားရင်း ကျမအတွက်လည်း ပင်ပန်းခက်ခဲလွန်းလှပါတယ်။

 (၁) မအေးအေးမာ

ကျမက ကိုဋ္ဌေးနိုင်ရဲ့ ညီမ အေးအေးမာပါ။ ကိုဋ္ဌေးနိုင်ကို အမေတို့က ၁၉၆၂ ခုနှစ်မှာ မွေးခဲ့ပါတယ်။

ကျမတို့ အဖေက ၁၉၅၈က စက်မှုအင်ဂျင်နီယာ ဘွဲ့ရပြီး၊ တရုပ်ကျူးကျော်ရန်ကို ကာကွယ်ဖို့အတွက် တပ်မတော်ထဲ ၀င်သွားပြီး တပ်မတော်အမှုထမ်းခဲ့သူတဦးပါ။

ကျမတို့ မောင်နှမတွေက အဖေတာဝန်ကျတဲ့ ဒေသတွေကိုလိုက်ပြီး ပြောင်းရွေ့နေထိုင်ခဲ့ရပါတယ်။ အဲလို နေထိုင်ရင်းနဲ့ ၁၉၇၈ မှာ တပ်မတော်ထောက်လှမ်းရေးရဲ့ မယုံကြည်ရတဲ့ အရာရှိ ၉၆ ဦး စာရင်းထဲမှာ ပါခဲ့တဲ့အတွက် အဖေ တပ်မတော်ကနေ ထုတ်ပါယ်ခြင်း ခံခဲ့ရတယ်။

ကျမအနေနဲ့ အကိုဖြစ်သူ ဋ္ဌေးနိုင်ရဲ့ ဘောလီဘောကစားရင်း အောင်မြင်ခဲ့တာကို ကောင်းကောင်းမှတ်မိနေသေးတယ်။

အကိုငယ်( ကိုဋ္ဌေးနိုင်)က ကျမတို့ငယ်ငယ်လေးကတည်းက အားကစားကို ၀ါသနာပါတယ်။ ဘောလီဘော ကစားတာကောင်းတယ်။

သူက ကျမရဲ့ အကိုကြီး ကိုဋ္ဌေးတင့်လို စကားသိပ်မပြောဘူး။ သူက တည်တည်တန့်တန့်နေတတ်တယ်။ ဒါပေမဲ့ ညီမတွေအပေါ်ကိုတော့ ဂရုစိုက်တယ်၊ မိသားစုအပေါ်မှာလည်း သံယောဇဉ်ကြီးတယ်။ ပုံမှန်အားဖြင့်ခပ်အေးအေးနေတတ်ပြီး စကားကိုလိုရင်းပဲ ပြောတတ်တယ်။ ပြီးတော့ သူက လုပ်မယ်ဆိုရင်လည်း လုပ်တယ် မလုပ်ဘူး ဆိုရင်လည်း လုံးဝ မလုပ်ဘူး ရှင်းရှင်းပြတ်ပြတ် နေတတ်တဲ့ သူမျိုး။

သူက ဆယ်တန်းတက်တော့လည်း အားကစားချည်းလုပ်နေတာနဲ့ တော်တော်နဲ့ မအောင်ဘူး ၅ နှစ်လောက်နေပြီး ဖြေရတယ်။ အဲဒီ ၅ နှစ်လုံး ဘောလီဘောပဲကစားနေတော့ ဘောလီဘောမှာတော့ ထူးချွန်တယ်ပေါ့နော်။

ကျနော် ရှစ်တန်းလား ကိုးတန်းလား ရောက်တဲ့ နှစ်မှာ အကိုက တက္ကသိုလ်တက်နေပြီ။ သူက လှိုင်ဒေသကောလိပ်မှာ သချာင်္အဓိကနဲ့ ၁၉၈၄ မှာ ၀င်ခွင့်ရပြီးကျောင်းတက်တယ်။ ကျောင်းမှာ ဘောလီဘောကစားတာ ထူးချွန်လို့ နာမည်ကြီးတယ်ပေါ့။

ဘောလီဘောကစားတဲ့ သူ့နံပတ်က 4 ဆိုတော့ သူ့ကို No.4 ဆိုရင် လူတိုင်း သိတယ်။ သူက ပထမနှစ်ကနေ နောက်ဆုံးနှစ်ထိ ဒီနံပတ်ကိုပဲ ယူသွားတာဆိုတော့ သူ့ကို ကျောင်းကတွဲသိတာက No.4 လို့ တွဲသိတာပေါ့။

ဘောလီဘောကစားတဲ့အခါမှာလည်း သူက လူကြိုက်များတဲ့ ထဲမှာပါတယ်၊ ကျမတို့ စတိတ်ကျောင်းသူ ဘ၀ကတည်းက အကို ဘောလီဘောစကားတဲ့ နေရာတွေကို လိုက်လိုက်ပြီး အားပေးခဲ့တာ။ သူက RC-2 ပေါ့ ဆရာကြီး ဦးကောင်းညွှန့်လက်ထပ်မှာ ဆရာကြီးနဲ့ တွဲပြီး ရိုက်ထားတဲ့ ဓါတ်ပုံတွေလည်း သူ့မှာ ရှိတယ်။
မှတ်မှတ်ရရပဲ သူက သူငယ်ချင်းတွေနဲ့ အဆောင်မှာ ဖဲရိုက်တယ်၊ ဖဲရိုက်တော့ သူတို့ကျောင်းက ပါချုပ်က အမေ့ကို ခေါ်တယ်ပေါ့။ ကိုဋ္ဌေးနိုင်ကိစ္စကို လာရှင်းဖို့ပေါ့။ အမေက သွားရှင်းတဲ့အချိန်မှာ အမေ ထွက်လာတဲ့အချိန်မှာ အကိုငယ်က ရှင်းပြီးပြီ။ ပါချုပ်အခန်းရှေ့မှာပဲ အမေ သွားရှင်းဖို့ မလိုတော့ဘူး ဆိုပြီးတော့ သူက ပြောတယ်။

ဘာကြောင့်လဲဆိုတော့ သူက အဲဒီလို မဖြစ်ခင် ၂ ရက် ၃ ရက်လောက်အလိုမှာပဲ ကျောင်းမှာ အကောင်းဆုံး အားကစားသမားဆု ရထားတယ်၊ ရထားတော့ သူ့ကို ပါချုပ်က မှတ်မိနေတယ်။ အဲဒါတွေလည်း ပါမှာပေါ့။ ကျမအတွက်ကတော့ လူကြိုက်များတဲ့ နာမည်ကြီးတဲ့ ခပ်တည်တည်ခပ်အေးအေးနေတတ်တဲ့ အကိုအတွက် ဂုဏ်ယူမိတာပေါ့။  ၁၉၈၆ မှာ မြန်မာ့လက်ရွေးစင် ပဏာမထိ အရွေးခံခဲ့ရတယ်။

နောက် ၁၉၈၈ မှာ ကျနော်က ဒုတိယနှစ်တက်ပြီ အကိုက နောက်ဆုံးနှစ်ပေါ့နော်။ တံတားနီ အရေးအခင်းဖြစ်တဲ့ နေ့ကို မှတ်မိနေသေးတယ်။

အဲဒီနေ့က ကျနော့်အကိုက စိတ်တွေ တိုပြီး အိမ်ပြန်လာတာ ကျနော်မှတ်မိတယ်။ သူက ပါးစပ်ကလည်း ကျောင်းသူလေးတွေကို …ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့…အဲလိုလည်း ပြောပြီး စိတ်တွေအရမ်းတိုပြီး အိမ်ပြန်လာတယ်။ အဲဒီလို သူ စိတ်တိုလာတာကိုလည်း ထူးခြားလို့ မှတ်မိနေခဲ့တယ်။

နောက် မြေနီကုန်းအရေးအခင်းပေါ့။ အဲဒီမြေနီကုန်းအရေးအခင်းမှာတော့ သူကိုယ်တိုင်ပါနေခဲ့ပြီ။  သူကိုယ်တိုင် ပါဝင်နေတော့ မျက်ရည်ဗုံးအကွဲခံရတာတွေလည်း သူပြောပြတယ်။ မျက်ရည်ဗုံးထိတဲ့ ကျောင်းသားတွေကို လိုက်ရှာပြီး ဖမ်းတာတို့ ဘာတို့လည်း ရှိတော့ အဲဒီမြေနီကုန်းက စာပေဗိမာန်ဆိုလား…ဘယ်ဋ္ဌာနကလည်းတော့ သေချာမသိဘူး သူတို့က မျက်ရည်ယိုဗုံးထိတဲ့ကျောင်သားတွေကို မျက်နှာတွေ ကယ်ပြီး သစ်ပေးပြီးမှ စိတ်ချရတဲ့အချိန်မှ အပြင်ထွက်ခွင့်ပေးတာပေါ့ အဲဒီအကြောင်းတွေလည်း သူပြောပြလို့ သိရတာပါ။

အဲဒီနေ့ကလည်း အိမ်ပြန်ရောက်တဲ့အချိန်မှာပေါ့ အမေရယ် …သေကုန်ပြီ …ကျောင်းသားတွေ သေကုန်ပြီ ဆိုပြီးတော့…ငိုပြီး ပြောတာ။ သူ မျက်ရည်ကျတာပေါ့နော်..အဲဒီကနေ သူက နိုင်ငံရေးဘက်ကို ရောက်သွားတော့တာ။

မိန်းထဲမှာလည်း ကိုမောင်မောင်ကျော်တို့နဲ့ နိုင်ငံရေးလုပ်တယ် အဲလို လည်း တစွန်းတစ  ကြားရတယ်။ သူ နိုင်ငံရေးကို စိတ်ဝင်စားတယ်ပေါ့ အိမ်ကတော့ အဲလိုပဲ နေလိုက်တာပေါ့။

အဲဒီမှာ ၁၉၈၈လောက်မှာပဲ့ တအားအုံကြွလာတဲ့အချိန်မှာ သူ အပြင်တွေ ဘာတွေ သိပ်မထွက်တော့ဘူး။သူ အိမ်ထဲမှာပဲ နေတာ များတယ်။ အဲဒီတုန်းက တကယ်လုပ်တာက ကိုကြီး သူက လှိုင်မြို့နယ်ကျောင်းသား သမဂ္ဂတွေ ဘာတွေလုပ်တယ်။

ကျနော်တို့အဲဒီတုန်းက နေတာ လှိုင်မှာဆိုတော့ လှိုင်မြို့နယ်မှာ အဲဒီတုန်းက ပြဿဖြစ်သေးတယ်။ တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ တပ်နဲ့ ပြည်သူတွေကြားထဲမှာ ရပ်ပေးပြီး လုပ်ပေးတာတွေဘာတွေ ရှိသေးတယ်။ သူက တကယ်တော့ြ့ပဿနာ မဖြစ်အောင်ရှင်းပေးတာ၊ အဲလို ရှင်းပေးတာကို ဥက္ကဋ္ဌက တပ်နဲ့ ပေါင်းတာလား ဆိုပြီး အထင်လွဲတာတွေ ဘာတွေလည်း ရှိတယ် ကျနော်တို့ရဲ့ အကို…ကို။

အဲဒီလိုပဲ နိုင်ငံရေးလုပ်နေကြရင်းနဲ့ နောက်ကျတော့ တော်တော်များများလည်း ထွက်ကုန်ကြတယ်၊ အကိုတို့လည်း ဆက်နေလို့မရတော့ဘူး။ ဒါနဲ့ ကိုကြီးက ကျနော်ရှောင်နေလိုက်မယ် အမေ ဆိုပြီး အမေ့ကို ခွင့်တောင်းတော့ ကိုငယ်ကလည်း ကိုကြီးကို စိတ်မချဘူးတဲ့ …သူလည်း လိုက်သွားမယ်ပေါ့၊ သူငယ်ချင်းတွေလည်း ထွက်ကုန်ကြပြီဆိုတော့ သူလည်း ညီအကိုနှစ်ယောက်အတူတူ ထွက်မယ်လို့ ခွင့်တောင်းပြီး ထွက်သွားခဲ့ကြတာ။

အဲဒီကတည်းက ညီအကို နှစ်ယောက် ထွက်သွားလိုက်ကြတာ…ဒီနေ့ထိ အိမ်ပြန်ရောက်မလာကြတော့ဘူး။

၁၉၉၄ လောက်မှာတုန်းကတော့ ကိုဋ္ဌေးနိုင် သတင်းသဲ့ သဲ့ကို ကြားရသေးတယ်၊ နယ်စပ်ဘက်သွားတဲ့  ကုန်သည်တယောက်ဆီကလား  ဘယ်ကလဲတော့ သေချာမသိတော့ဘူး။ ကိုဋ္ဌေးနိုင် ကို ဆေးထိုးသတ်လိုက်တယ်…တဲ့။ ကိုဋ္ဌေးနိုင် အချုပ်ခန်းထဲမှာ ၀ဲတွေပေါက်တယ်တို့…အဲလိုမျိုး ကြားရတာ တခုမှလည်း မကောင်းဘူး၊ ကြားတော့ သေချာမေးတော့လည်း ဘယ်သူကမှ သေသေ ချာချာ မပြောနိုင်ဘူး ဆိုတော့ ကျနော်တို့က မယုံဘူး။ ဘာမှလည်း တိတိကျကျ မသိရဘူး၊ အစိုးရကပဲ တောခိုသွားတဲ့ ကျောင်းသားတွေ ဒီလိုဖြစ်တယ်ဆိုတာကိုပဲ သတင်းလွှင့်သလား ဆိုပြီးတော့ မယုံခဲ့ဘူး။ လာပြောလို့ကြားရင်လည်း အရေးမလုပ်ဘဲနဲ့ အမှန်လို့ကို မယူဆခဲ့ဘူး။ အဲလိုနဲ့ပဲ နေလာတာ။

အဲလိုနဲ့ နေလာတုန်းမှာ ၁၉၉၅ မှာ ကိုကြီး ကိုဋ္ဌေးတင့်က စပြီး ဖုန်းဆက်တယ်။ ဖုန်းဆက်တော့ ကိုငယ်ရောလို့ မေးတယ်၊ မေးတော့ သူက ဋ္ဌေးနိုင် မြောင်းထဲ ရောက်သွားပြီလို့ သူကလည်း အဲဒါပဲ ပြောတယ်။

အကိုကြီးကတော့ ဖုန်းနဲ့ အသံလေး ဘာလေး ကြားရသေးတယ်။ အကိုငယ်ကိုတော့…အဲဒီနေ့ကတည်းက စပြီး အသံလည်း မကြားရ လူလည်း မမြင်ရ တော့တာ၊ ပြီးတော့ သတင်းလည်း မကြားရဘူး။ အကိုကြီးကလည်း ပါးစပ်ကနေ ပြောမထွက်လို့ ထင်ပါရဲ့ အကိုငယ်အကြောင်း မေးရင်လည်း မပြောဘူး။

သူက မြောင်းထဲရောက်သွားပြီလို့ ပြောတာက  သေတယ်လို့လည်း ယူဆမယ်ဆိုရင် ယူဆလို့ရတယ်၊ ဒါမှမဟုတ် မကောင်းတဲ့ နေရာ တခုခုကို ရောက်သွားတယ်လို့လည်း ယူဆလို့ရတယ်ပေါ့..ကျနော်တို့လည်း ဇဝေဇ၀ါနဲ့ပဲ နေလာတာ။ သူက မပြောပေမဲ့ အိမ်က သိချင်တာပေါ့နော်။ တခုခုတော့ တခုခုပဲပေါ့၊ ဘာမှန်းလည်း မသိဘူးပေါ့။

စိတ်ပူတာတော့ ပူတာပေါ့။နောက်တော့ ခုလို …သူများတွေ အိမ်ပြန်ချိန်ရောက်လာပြီး ကိုယ့်အကိုတွေ ပြန်မရောက်လာတော့မှ အကိုကြီးက အကိုငယ်အကြောင်း ကိုပြောပြတယ်။

ကြားကြားခြင်း ကျနော်တို့ မိသားစုတော်တော်လေး ခံစားရပါတယ်။ သူ့ကို ဘယ်လိုနှက်စက်တယ်တို့ ဘာတို့ ကြားရတော့ ….

.................ဆက်တောင် ပြောလို့မရတော့ဘူး။

သူ မသေခင်…ဘယ်လောက် ခံစားလိုက်ရမလဲ…ဆိုတဲ့ စိတ် နဲ့…ကျနော်တို့ အရမ်း စိတ်ထိခိုက်တယ်။

-------------------အမေလည်း အိပ်ရာထဲ လဲ…။

ကျနော်တို့တောင် ဒီလောက်ခံစားရတာ အမေဆိုရင်… အိပ်ယာထဲ လဲတော့တာပဲ။

အဲဒီအချိန်မှာ မိုးသီးဇွန်တို့ကလည်း မြန်မာပြည် ပြန်လာတာတွေကို ဂျာနယ်တွေစာစောင်တွေထဲမှာ ပါတာ ဖတ်ရတယ်၊ ဂျာနယ်တစောင်ထဲမှာ သူက ကိုဋ္ဌေးနိုင်နဲ့ပတ်သက်ပြီး မဟုတ်တာတွေ ပြောထားတာ ရေးထားတာလည်း တွေ့ရတယ်။

ကျနော်တို့ အကို ကိုဋ္ဌေးနိုင်က ထောက်လှမ်းရေး မဟုတ်ဘူးဆိုတာ ကျနော်တို့က သိတာပေါ့။ အဲဒါကို မဟုတ်တာကို စွပ်စွဲပြီး နှိပ်စက်တာ သေတဲ့အထိတောင် ဖြစ်ရတယ်ဆိုတော့ ဒေါသလည်း ထွက်တယ်၊ အရမ်းလည်း ခံပြင်းတယ်။


 (၂)ဒေါ်ခင်မေမြင့်( ကိုဋ္ဌေးနိုင်ရဲ့ မိခင်)

ကျမ သား ထောက်လှမ်းရေး မဟုတ်ဘူး ဆိုတာ အမေ တယောက်အနေနဲ့ ကျမ သိတယ်။ လုံးဝလည်း အာမခံတယ်။

အမေတယောက်အနေနဲ့ သူ့ကို ထောက်လှမ်းရေးလို့ စွပ်စွဲတာကိုလည်း လုံးဝ ငြင်းပါယ်တယ်။ သေချာ အာမခံပြီးတော့လည်း သူ ထောက်လှမ်းရေး မဟုတ်တဲ့အကြောင်း ကိုပြောနိုင်တယ်။

အမေကတော့ကိုယ့်သား အတွက် အမှန်တရားဖော်ထုတ်ချင်တယ်၊ မိုးသီးဇွန် သူ့ဟာသူ နိုင်ငံရေးလုပ်တာ မလုပ်တာကိုလည်း ကိုယ်နဲ့ မဆိုင်တော့ စိတ်မ၀င်စားဘူး။ အမေကတော့ အမေ့သား ဒီလိုဖြစ်ခဲ့ရတဲ့အတွက် အမှန်တရားကိုတော့ ဖော်ထုတ်ရမယ်။ ဖော်ထုတ်ချင်တယ်။ ခံထားရတာ ရက်ရက်စက်စက် နှိပ်စက်ခဲ့တာဆိုတော့လေ။
သာ ထောက်လှမ်းရေး မဟုတ်တဲ့အကြောင်းကို အမေက ရဲရဲအာမခံနိုင်တယ်။ ဒါကိုအမေ ကောင်းကောင်း သိတာပေါ့။

အမေ့မှာက သားနှစ်ယောက်တောခိုသွားပြီးတဲ့နောက်မှာ အမျိုးသားကလည်း ဋ္ဌာန ဆိုင်ရာကဆိုတော့ ရှင်းရတာတွေလည်းရှိတယ်။ သားနှစ်ယောက် တောခိုသွားတော့ အန်ကယ်က ဖြေရှင်းချက်တင်ရတယ်။ သားတွေ ထွက်သွားလို့ ဋ္ဌာနက အလုပ်ကို ထိခိုက်တာမျိုးတွေ ဘာတွေတော့ မရှိပါဘူး။

သူကတော့ “ဒီအရွယ်ကြီးတွေကို ဘယ်လိုလုပ်ပြီး လိုက်အုပ်ချုပ်လို့ရမှာလဲ၊ သူတို့ ရည်ရွယ်ချက် သူတို့ ခံယူချက်နဲ့ လုပ်ကြတာ ကျနော်လည်း မတတ်နိုင်ဘူး“ လို့ အဲလိုပဲ ပြောတယ်။

အန်တီတို့ အိမ်က သားသမီးကို ဖိနှိပ်ထားတဲ့ အိမ်မျိုး မဟုတ်ဘူး။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ပေါ့။ဟိုတုန်းကလည်း အန်တီ သားသမီးကို အဲလိုပဲ ပြောတယ် သူတို့ယုံကြည်ချက် သူတို့ ခံယူချက်ပေါ့ မိဘနဲ့ အမြင်မတူတာလည်းရှိမှာပေါ့။

ရှေ့ဆက်ဖော်ပြပါမည်။
မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ။

မေသင်္ကြန်ဟိန်(မြစ်မခ)


Myanmar Express

2 comments:

ဒီ post ကိုဖတ်ရတော့ တက္ကသိုလ်များဘောလီဘောပြိုင်ပွဲ final မှာ RC 2 က လုပ်သားများကောလိပ်ကို နိုင်ပြီး ပထမရသွားတာ ပြန်မြင်ယောင်မိတယ်။ အင်္ကျီ အဖြူ ဘောင်ဘီအစိမ်းနဲ့ ကိုဌေးနိုင်တို့ ကိုလှသန်းတို့ အစွမ်းပြခဲ့ကြတာပေါ့ဗျာ။ ကိုဌေးနိုင်တို့ဒီအဖြစ်ဆိုးကြုံရတာကို ကျွန်တော့်အမြင်ပြောရရင် ကျောင်းသားအစစ်တွေကို ကျောင်းသားအတုတွေက ရှင်းပြစ်တယ်လို့ထင်တာဘဲ။ ဒါမှ သူတို့ချယ်လှယ်နိုင်မှာပေါ့ဗျာ။

sad to read this article. i don't involve in politic but i think what happened to ko htay naing is wrong. moe thee should send into court. i live in NY and i see what moe thee do everyday and i think moe thee is shit. i don't really see him do anything. all he does is asked money from western government and live like a freeloader. he got no balls. if he is brave enough he would have fight and die for right and freedom like ko htay naing or stay in prison like min ko naing, he is selfish and not brave that's why he run to US. pathetic

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်