Subscribe to our RSS Feed

အာဆီယံအင်ဂျင်နီယာအောင်မြင်ထူးချွန်ဆုဆောက်လုပ်ရေးဝန်ကြီးဌာနရရှိ

From : ရဲလင်းနိုင်


နှစ်နှစ်ကျော် ကာလအတွင်း တံတားသုံးစင်းကို ပြီးစီးအောင် ဆောက်လုပ်နိုင်ခဲ့သည့် ဆောက်လုပ်ရေး ဝန်ကြီးဌာနအား အာဆီယံအင်ဂျင်နီယာ အသင်းချုပ်မှ ပထမဆုံးအကြိမ် အသိအမှတ်ပြု ဆုတံဆိပ်ဖြင့် ဂုဏ်ပြုချီးမြှင့်သွားမည်ဟု ထုတ်ပြန် ကြေညာထားသည်။ ASEAN Engineering Outstanding Award ဟု အမည်ပေးထားသည့် အာဆီယံအင်ဂျင်နီယာ အောင်မြင်ထူးချွန်ဆုကို ဒီဇင်ဘာလ ၁၇ ရက်မှ ၁၉ ရက်နေ့အထိ ကျင်းပမည့် ASEAN CAFEO တွင် ပေးအပ် ချီးမြှင့် သွားမည် ဖြစ်သည်။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဆောက်လုပ်ခဲ့သော အရှည် ၇၄၀၂ ပေရှိ ညောင်တုန်းတံတား အရှည် ၁၁၄၃၁ ပေရှိ ပခုက္ကူတံတားနှင့် အရှည် ၃၂၁၅ ပေရှိ စင်းခန်းတံတားတို့ ဆောက်လုပ်နိုင်မှုအတွက် ဖြစ်ပြီး အာဆီယံနိုင်ငံများဆိုင်ရာ အင်ဂျင်နီယာအသင်းချုပ်မှ ဝန်ကြီးဌာနကို ပထမဦးဆုံး ပေးအပ်သည့် ဆုတစ်ခုလည်း ဖြစ်သည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန စာရင်းများအရ သိရသည်။ မော်တော်ကားလမ်းနှင့် မီးရထားလမ်း ယှဉ်တွဲပါ တံတားများဖြစ်ကြသည့် အဆိုပါ ဧရာဝတီမြစ်ကူးတံတား သုံးစင်းကို ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီလများကတည်းက ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ထားခြင်း ဖြစ်သည်ဟု ပါဝင်ခဲ့သူတစ်ဦးဖြစ်သည့် အင်ဂျင်နီယာ မှူးဟောင်း ဒေါ်စီသန်းက ပြောသည်။ “အန်တီတို့ အရှည်ဆုံး တံတားတွေ ဆောက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီတံတားကြီးတွေက တည်ဆောက်ချိန် ၇ နှစ်ယူခဲ့ရတယ်။ အခု ဆုရတဲ့ တံတားတွေက ဒီလိုမဟုတ်ဘဲ အချိန်တိုအတွင်း စီမံခန့်ခွဲမှု အားကောင်းကောင်းနဲ့ ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ဆုရခဲ့တယ်လို့ ပြောလို့ရတယ်” ဟု ၄င်းကဆက်လက် ပြောသည်။ မြန်မာအင်ဂျင်နီယာများဖြင့်သာ ဆောက်လုပ်မှုဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆုရရှိခဲ့သလို ၂၀၀၃ ခုနှစ်က အဖွဲ့လိုက် ဆုနှစ်ဆု ရရှိခဲ့ဖူးကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း တံတားငယ်များစွာ တည်ဆောက်နိုင်မှုကြောင့် တိုးတက်မှုဆုနှင့် အမျိုးသမီး အင်ဂျင်နီယာများဖြင့် သီးသန့်တည်ဆောက်ခဲ့သော ရဲနွယ်တံတားသည်လည်း ဆုရရှိခဲ့သည်။
 
 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်