Subscribe to our RSS Feed

တက္ကသိုလ်ဝင်ခွင့် သတ်မှတ်သော ပုံစံသစ်ပြောင်းရန် စီစဉ်

From :  7Days News


လက်ရှိ ကျင့်သုံးနေသော တက္ကသိုလ်ဝင် စာမေးပွဲရမှတ်ကို အခြေခံဆုံးဖြတ်သည့် တက္ကသိုလ်ဝင်ခွင့်အစား သက်ဆိုင်ရာ တက္ကသိုလ်များက သတ်မှတ်ထားသည့် တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုရသည့် စနစ်ကို ကျင့်သုံးဆောင်ရွက်သွားရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ တက္ကသိုလ်ဝင်ခွင့် စိစစ်ရေးစနစ် ပြန်လည်ပြင်ဆင်ရေး လုပ်ငန်း အစီအစဉ် အနေဖြင့် လက်ရှိ တက္ကသိုလ်ဝင် စာမေးပွဲကို အခြေခံပညာ အထက်တန်း စာမေးပွဲအဖြစ် သတ်မှတ်ရန်နှင့် အခြေခံပညာ အထက်တန်းအောင်မြင်ပြီး သူများအနေဖြင့် တက္ကသိုလ် တက်ရောက်ခွင့်အတွက် မိမိတက်ရောက်လိုသော သက်ဆိုင်ရာ တက္ကသိုလ်မှ သတ်မှတ်ထားသည့် တက္ကသိုလ်ဝင်ခွင့် စိစစ်ချက် (တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ) နှင့်အညီ တက္ကသိုလ် တက်ရောက်ခွင့်ပြုရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာကဏ္ဍ၊ ပညာရေးကဏ္ဍ စီမံကိန်းအရ သိရသည်။ “ကျောင်းသားတွေ ကိုယ်တက်ချင်တဲ့ တက္ကသိုလ်ရဲ့ ဝင်ခွင့်စာမေးပွဲ သတ်မှတ်ချက်နဲ့ ကိုက်ညီရင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုရမှာပါ။ အသက်မွေးဝမ်းကျောင်း တက္ကသိုလ် ဝင်ခွင့်စာမေးပွဲတွေအတွက် အခြေခံအမှတ် သတ်မှတ်ချက်တော့ ရှိနေမှာပါ” ဟု ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိက ပြောသည်။ ထို့အပြင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုရာတွင် အကြိမ်ကန့်သတ်ထားခြင်းနှင့် အခြေခံပညာ အထက်တန်း အောင်မြင်သည့်နှစ် တစ်ဆက်တည်းဖြစ်မှ ခွင့်ပြုထားခြင်းအစား သက်ဆိုင်ရာ တက္ကသိုလ်၏ သတ်မှတ်ချက်နှင့်အညီ ဝင်ခွင့်စာမေးပွဲ ဖြေဆိုရန်၊ ပညာသင်နှစ် တစ်ခုတွင် မည်သည့်တက္ကသိုလ်တွင်မျှ ဝင်ခွင့်မရပါက သက်ဆိုင်ရာ တက္ကသိုလ်၏ သတ်မှတ်ချက်နှင့်အညီ နောင်နှစ်များတွင် ကျင်းပသည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ပြန်လည်ဖြေဆိုခွင့်ပြုရန် အဆင့်မြင့်ပညာဦးစီးဌာန၏ ပညာရေးကဏ္ဍ စီမံကိန်းတွင် တင်ပြထားသည်။ ဘက်ခ်ျလာဘွဲ့တစ်ခုခု ရရှိပြီးသော်လည်း အခြားဘက်ခ်ျလာ ဘွဲ့သင်တန်း တက်ရောက်လိုပါက အခြားသတ်မှတ်ချက်များနှင့် ကိုက်ညီပြီး သက်ဆိုင်ရာ တက္ကသိုလ်၏ ဝင်ခွင့်စာမေးပွဲ အောင်မြင်ပါက လက်ခံရန်နှင့် ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များနှင့် အဝေးသင်တက္ကသိုလ်များသို့ တက်ရောက်လိုသော ကျောင်းသားများသည် မိမိပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် သတ်မှတ်ထားသော သက်ဆိုင်ရာ တက္ကသိုလ်များသို့ တိုက်ရိုက်လျှောက်ထားကြရန် ယင်းစီမံကိန်း၏ အသေးစိတ် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်တွင် ဖော်ပြထားသည်။ “ဆေးသိပ္ပံနဲ့ နည်းပညာတက္ကသိုလ်၊ ကောလိပ်တွေက တင်ပြခဲ့ဖူးတယ်။ ၂၀၀၈-၂၀၀၉ လောက်မှာ။ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်မှာမပါဘဲ သီးခြားရွေးမယ်ပေါ့။ အဲ့ဒီမှာ ဘာအခက်အခဲတွေ့လဲဆိုတော့ ကျောင်းသားတွေအတွက် တက္ကသိုလ်ဝင်ခွင့် စိစစ်ဖို့က အချိန်ငါးလပဲ ရတယ်။ သူတို့အတွက် အဆင်ပြေတယ် ဆိုပေမယ့် သူတို့ဆီမှာ ကျောင်းဝင်ခွင့်မရဘဲ ပြုတ်လာတဲ့ ကျောင်းသားတွေ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် လာတဲ့အခါ အခက်အခဲဖြစ်တယ်။ အဲ့ဒီအတွက် အဆင်မပြေဘဲ မလုပ်သင့်ကြောင်း ဆုံးဖြတ်ခဲ့တယ်။ အခု အခြေခံပညာ ၁၂ နှစ်နဲ့ဆို အဆင်ပြေနိုင်တယ်။ တက္ကသိုလ်ဝင်ခွင့် စိစစ်ဖို့အတွက် တစ်နှစ်လောက် အချိန်ရမယ်ဆိုရင်ပေါ့။ ကောင်းတဲ့အချက်က ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်တွေကို တကယ်တော်တဲ့ ကျောင်းသားတွေ၊ စိတ်ဝင်စားတဲ့ ကျောင်းသားတွေ ရောက်လာမယ်။ အခုလည်း ဆေးကျောင်းတက်ပြီး တဖြုတ်ဖြုတ်ကျနေတာတွေ ရှိနေတယ်လေ။ တက္ကသိုလ်ဝင်ခွင့် စိစစ်တဲ့စနစ် ပြောင်းမယ်ဆိုရင် ကိုယ်တကယ်ဝါသနာပါတဲ့ ကျောင်းကို တက်ခွင့်ရလာနိုင်ပါတယ်။ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်လောက်မှာ ပြောင်းဖြစ်ဖို့ များတယ်။ အစိုးရက သူတို့မပြောင်းခင်မှာ အပြီးလုပ်သွားဖို့ ရှိတယ်” ဟု အနှစ်နှစ်ဆယ်ကြာ တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးတာဝန် ထမ်းဆောင်ခဲ့သော အငြိမ်းစားအရာရှိ တစ်ဦးက ပြောသည်။ တက္ကသိုလ်ဝင်ခွင့် စိစစ်ရေး ပြန်လည်ပြင်ဆင်မည့် လုပ်ငန်းစဉ်များကို ပြည်ထောင်စု လွှတ်တော်မှ ပြဋ္ဌာန်းမည့် တက္ကသိုလ်ပညာရေး ဥပဒေနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း   သိရှိရသည်။

 
 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်